ရေဦးမှာ လေကြာင်းကတိုက်ခိုက်လို့ စေတီတဆူအပါအဝင် အဆောက်အအုံအချို့ပျက်စီး

ဇူလိုင်၊ ၁၀
 
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အနောက်ခြမ်းက ရေမျက်ကျေးရွာကို ဇူလိုင် ၁၀ ရက်ဒီကနေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် စေတီတဆူအပါအဝင် စာသင်ကျောင်းနဲ့ အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေထံမှ စုံစမ်းသိရပါတယ်။
 
“ ဒီကနေ့ (ဇူလိုင် ၁၀ ရက်) မနက်ပိုင်း ၁၀ နာရီလောက်မှာ ရေမျက်ကျေးရွာ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းနားကို စစ်ကောင်စီက Jet Fighter နဲ့ ဗုံးလာကြဲတယ်။ ဘုန်းကြီးကျောင်းက စေတီတဆူ ထီးတော်မြေခသွားတယ်။ စာသင်ကျောင်းကတော့ မှန်တွေနဲ့ မျက်နှာကျက်တွေ ပျက်စီးသွားတယ်။ လူထိခိုက်တာတော့ မရှိပါဘူး ” လို့ စစ်ကိုင်းတိုင်း၊ လွှတ်တော်ကိုယ်စားပြုကော်မတီ (CRSH)ဥက္ကဌ ဦးမြင့်ထွေး က DNA ကို ပြောပါတယ်။
 
စစ်ကောင်စီတပ်က လေကြာင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းအတွင်းမှာရှိတဲ့ စေတီတော်တဆူ ထီးတော်မြေခခဲ့ပြီး ဘုရားဆင်းတုတော် ငါးဆူထက်မနည်း ထိခိုက်ပျက်စီးသွားခဲ့သလို စာသင်ကျောင်းနဲ့ အခြားအဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
 
ရေဦးမြို့နယ်၊ ရေမျက်ကျေးရွာမှာ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ စစ်ကောင်စီတပ်က အကြောင်းမဲ့ လေကြောင်းကနေ လာရောက်ပြီး ဗုံးကြဲတိုက်ခိုက်သွားတာဖြစ်တယ်လို့လည်း စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ကိုယ်စားလှယ်လည်းဖြစ်သူ ဦးမြင့်ထွေးက ဆိုပါတယ်။
 
ဒါ့အပြင် ရေမျက်ကျေးရွာမှာ တော်လှန်ရေးရဲဘော်တွေ မရှိဘဲ ပျူစောထီးနဲ့ ဒလန်တွေရဲ့ သတင်းပေးမှားယွင်းမှုကြောင့် လေကြောင်းကနေ လာရောက်တိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့ ဦးမြင့်ထွေးက သုံးသပ်ပြောပြပါတယ်။
 
အိမ်ခြေ ၂၅၀ ကျော်ရှိတဲ့ ရေမျက်ကျေးရွာကို စစ်ကောင်စီတပ်က တိုက်လေယာဉ် နှစ်စီးနဲ့ လာရောက်ပြီး ပေါင်ငါးရာ ဗုံးသုံးလုံးနဲ့ လေကြောင်းကနေ တိုက်ခိုက်သွားခဲ့သလို ကျေးရွာပတ်ဝန်းကျင်ကိုပါ စက်လက်နက်တွေနဲ့ ပစ်ခတ်သွားခဲ့တာ ဖြစ်တယ်လို့ ရေဦးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။
 
“ သူတို့က (စစ်ကောင်စီလေတပ်) Jet Fighter နှစ်စီးနဲ့ ရွာကို လာပစ်တာ။ ဘာတိုက်ပွဲဖြစ်တာမှလည်း မရှိပါဘူး။ ဗုံးကတော့ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းအနီး လယ်ကွင်းထဲကို ကျတယ်။ ဘုန်းကြီးကျောင်းထဲက ဓမ္မာရုံပေါ်ကို တလုံးကျတယ်။ အဲဒီ ဓမ္မာရုံပေါ်မှာ ကျတဲ့ တလုံးကတော့ မပေါက်ကွဲသေးဘူး ” လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ တဦးဖြစ်တဲ့ ကိုစောလူက DNA ကို ပြောပါတယ်။
 
ရေဦးမြို့နယ်၊ ရေမျက်ကျေးရွာ လေကြာင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ လူမှုကွန်ယက်တွေမှာတော့ ရေမျက်ကျေးရွာမှာ PDF သင်တန်းဆင်းပွဲတခု ပြုလုပ်ခဲ့ပြီး အဲဒီသင်တန်းဆင်းပွဲကို KIA အရာရှိတွေနဲ့ NUG အဖွဲ့တွေ တက်ရောက်ခဲ့တယ်လို့ ရေးသားထားတာ တွေ့ရပါတယ်။
 
အဲဒီလို စစ်ကောင်စီကို ထောက်ခံနေတဲ့ လူမှုကွန်ယက်စာမျက်နှာအချို့မှာ ရေးသားထားတာနဲ့ပတ်သက်ပြီး ရေဦးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက “ အဲဒီရွာမှာက PDF လည်းမရှိသလို ဘာအဖွဲ့အစည်းမှ မရှိဘူး။ သူ့တို့ဘက် (စစ်ကောင်စီ)ကတော့ ဒီလိုပုံစံမျိုး သတင်းအမှားတွေက လုပ်နေကျပဲလေ။ သိပ်ပြီးတော့ မဆန်းပါဘူး။ ကျွန်တော်တို့ဘက်ကတော့ ဘာမှ အထွေအထူး တုန့်ပြန်နေစရာ မလိုပါဘူး ” လို့ ဆိုပါတယ်။
 
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ခံခဲ့ရတဲ့ ရေဦးမြို့နယ်အနောက်ခြမ်းက ရေမျက်ကျေးရွာဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်မှာ Mi-35 ရဟတ်ယာဉ်တွေနဲ့ လေကြောင်းကနေ တိုက်ခံခဲ့ရတာကြောင့် အရပ်သားခြောက်ဦး သေဆုံးခဲ့ရပါသေးတယ်။
 
ဒါ့အပြင် မြေပြင်မှာရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းက ရေမျက်ကျေးရွာကို ထပ်မံမီးရှို့ခဲ့တာကြောင့် နေအိမ် ခြောက်ဆယ်ကျော် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
 
အာဏာသိမ်းစစ်တပ်ကို ခုခံတော်လှန်ရာမှာပါဝင်နေတဲ့ ရေဦးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း သုံးကြိမ်ပြုလုပ်ထားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေထံက သိရပါတယ်။
 
ဓာတ်ပုံ​ – ရေဦးမြို့နယ် ပကဖ