ဇွန်၊ ၁၃
ထိုင်း-မြန်မာနယ်စပ်၊ ကရင်နီ (ကယား)ပြည်နယ်၊ သံလွင်မြစ်အရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီရဲ့ တောင်လှစစ်စခန်းနဲ့ မယ်စဲ့ရဲစခန်းတို့ကို ကရင်နီပူးပေါင်းတပ်တွေက ဒီကနေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီ စစ်ဖက်ဆိုင်ရာ တာဝန်ရှိသူတဦးက ပြောကြားပါတယ်။
“ ကျနော်တို့လည်း စောစောကမှ အတည်ပြုရတယ်။ အဲဒီမှာ တိုက်ပွဲ ဖြစ်တာတော့ မှန်တယ်။ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေကတော့ သေချာမသိရသေးဘူး။ သိရသလောက်ကတော့ လက်နက်ကြီး နှစ်လက် ဆုံးရှုံးရတာဆိုတော့ သူတို့ စစ်တပ်က အတော်ထိမှာပဲလေ။ ရဲစခန်းကို ဝင်သိမ်းတာက ရဲက ဆယ်ဦးလောက်ပဲရှိတော့ ခက်ခက်ခဲခဲတော့ သိမ်းရမှာ မဟုတ်ဘူး ” လို့ ကရင်နီစစ်ဖက်ဆိုင်ရာမှ တာဝန်ရှိသူတဦးက ပြောပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှု များပြားခဲ့ပေမယ့် နှစ်ဖက်အထိအခိုက်စာရင်း အတိအကျမသိရသေးဘဲ ၁၂၀ မမ လက်နက်ကြီး နှစ်လက်နဲ့ ချေမှုန်းရေးရိုင်ဖယ်သုံးဆယ် ကျော် သိမ်းဆည်းရမိထားတယ်လို့လည်း ဆက်လက်ပြောကြားပါတယ်။
ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) နဲ့ ကရင်နီ ပူးပေါင်းတပ်တွေဟာ ထိုင်း-မြန်မာနယ်စပ်၊ သံလွင်မြစ်အရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီရဲ့ ရှေ့တန်းစစ်စခန်းတခုဖြစ်တဲ့ တောင်လှစစ်စခန်းကို ဇွန်လ ၁၃ ရက် ဒီကနေ့ မနက်ပိုင်းမှာ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။
တောင်လှ စစ်စခန်းသိမ်းတိုက်ပွဲမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေကို အတိအကျ မသိရသေးပေမယ့် အဲဒီစခန်းကို ကရင်နီပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များနိုင်ပြီး၊ လက်နက်ငယ်တွေနဲ့ လက်နက်ကြီး ၁၂၀ မမ နှစ်လက်ကို သိမ်းဆည်းရမိထားတယ်လို့ ကနဦးသတင်းအရ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီကနေ့ မနက် ၁၀ နာရီခန့်မှာ တိုက်လေယာဉ် လေးစီးနဲ့ တောင်လှစစ်စခန်းကို လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
ကရင်နီပူးပေါင်တပ်တွေရဲ့ မယ်စဲ့ ရဲစခန်းသိမ်းပိုက်မှုမှာ အဲဒီစခန်းတွင် ရဲ ဆယ်ဦးခန့်သာ ရှိတဲ့အတွက် အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ငယ် ၃၀ ကျော်၊ ၄၀ နီးပါး သိမ်းဆည်းရမိထားတယ်လို့ သိရပါတယ်။
“ မယ်စဲ့ဘက်မှာက အရင်တုန်းက တခါမှ မဖြစ်ဘူးသေးဘူး။ ဖြစ်တာက အရှေ့မြောက်ပိုင်းမှာ ဖြစ်နေတာ၊ အခုက အောက်ပိုင်းဘက်ကို ဖြစ်လာတယ်ဆိုတော့ စစ်ဒေသဖြစ်ပွားရာက ပိုကျယ်ပြန်လာပြီလို့ ပြောလို့ ရတာပေါ့ ” လို့ ကရင်နီ စစ်ဖက်ဆိုင်ရာတာဝန်ရှိသူတဦးက ပြောပါတယ်။
ဒီကနေ့ ဖြစ်ပွားခဲ့တဲ့ ကရင်နီပူးပေါင်းတပ်တွေရဲ့ စခန်းသိမ်းတိုက်ပွဲတွေကြောင့် ဒေသခံတွေ ဘယ်လောက်ထွက်ပြေးနေရတယ်ဆိုတာကို မသိရသေးပဲ အသေးစိပ်စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။
ထိုင်း-မြန်မာနယ်စပ်အနီးက အဲဒီတိုက်ပွဲဒေသမှာ စစ်ကောင်စီဟာ သူတို့အထိုင်ချတဲ့ တပ်စခန်းတွေ၊ ဂိတ်စခန်းတွေ၊ မယ်စဲ့မြို့ပေါ်နဲ့ ရဲစခန်းတွေကိုသာ ထိန်းချုပ်ထားနိုင်ပြီး ကျန်နေရာအများစုကို ကရင်နီတပ်မတော်၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့နဲ့ ကရင်နီပူးပေါင်းတပ်တွေက နယ်မြေစိုးမိုးလှုပ်ရှားနေတာဖြစ်ပါတယ်။
ဓာတ်ပုံ – KnMIC