ဓာတ်ခွဲခန်းကနေ ကပ်ရောဂါ အစပြုတယ်ဆိုတဲ့ အယူအဆကို မစွန့်ပယ်သင့်သေးဘူးလို့ တရုတ် ပညာရှင်ပြော

မေ၊ ၃၀

ကိုဗစ် ကပ်ရောဂါရဲ့ မူလအစဟာ တရုတ် ဓာတ်ခွဲခန်း တခုခုက ဖြစ်နိုင်တယ်ဆိုတဲ့ အယူအဆကို လုံးဝ စွန့်လွှတ်မပစ်သင့်သေးဘူးလို့ တရုတ် သိပ္ပံ ပညာရှင် တဦးက ပြောပါတယ်။

 တရုတ်ရဲ့ ရောဂါ ထိန်းချုပ်တားဆီးရေးဌာန (CDC)ရဲ့ အကြီးအကဲဟောင်း ဖြစ်ခဲ့သူ ပရော်ဖက်ဆာ ဂျော့ဂျ်ချောင်ဟာ ကိုဗစ် ကပ်ရောဂါ ဖိစီးနေတဲ့ ကာလတွေ အတောအတွင်း ရောဂါကူးစက်မှု ဟန့်တားရေး တန်ပြန် အစီအစဉ်တွေမှာ ထဲထဲ​ဝင်ဝင် ဦးဆောင်ခဲ့ဖူးပါတယ်။

 ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ်ကို တရုတ်နိုင်ငံ အလယ်ပိုင်း၊ ဝူဟန်မြို့ထဲက သားစိမ်းငါးစိမ်း စျေးတန်းတခုမှာ ၂၀၁၉ နှစ်ကုန်ပိုင်းက ရှာတွေ့ခဲ့တာပါ။ အဲဒီနောက် အမေရိကန် အစိုးရက ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်ရဲ့ ဓာတ်ခွဲဌာန တခုကနေ မတော်တဆ ပျံ့နှံ့လာတဲ့ ဖြစ်နိုင်ခြေကို ထည့်စဉ်းစားဖို့ ထောက်ပြလာခဲ့ပါတယ်။

 ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)နဲ့ တရုတ် အစိုးရတို့ကတော့ ဒီအဆိုကို ငြင်းပယ်ပြီး ကိုရိုနာဗိုင်းရပ်စ်မှာ လူတွေ ပြုပြင်ဖန်တီးထားတဲ့ အထောက်အထားမျိုး ဘာမှ မတွေ့ရဘူးလို့ ပြောပါတယ်။

 ဒါပေမဲ့ ချောင်ကတော့ BBCနဲ့ အင်တာဗျူးမှာ ဗိုင်းရပ်စ်ရဲ့ မူလအစကို စဉ်းစားတဲ့အခါ ဖြစ်နိုင်ခြေ အားလုံးကို ထည့်တွက်သင့်ကြောင်း မှတ်ချက်ပေးသွားပါတယ်။

 သိပ္ပံပညာ ရှုထောင့်က ဆန်းစစ်မှုတွေမှာ အရာတိုင်းကို သံသယထားဖို့ လိုကြောင်း၊ ဘယ်လို ဖြစ်နိုင်ခြေကိုမဆို ယတိပြတ် ငြင်းပယ်လိုက်ဖို့ မသင့်ကြောင်း ချောင်က ပြောပါတယ်။

 ကမ္ဘာသိ လေးစားထိုက်တဲ့ ဗိုင်းရပ်စ်နဲ့ ကိုယ်ခံအားစနစ်ဆိုင်ရာ ပညာရှင် တဦးဖြစ်သူ ပရော်ဖက်ဆာ ချောင်ဟာ မနှစ်တုန်းက CDCကနေ အငြိမ်းစား ယူခဲ့ပြီး လောလောဆယ် တရုတ် အမျိုးသား သဘာဝ သိပ္ပံ ဖောင်ဒေးရှင်းရဲ့ ဒုတိယ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်။

 သူက တရုတ် အစိုးရဟာ ဗိုင်းရပ်စ်က ဓာတ်ခွဲခန်း တခုခုကနေ စတင် ပျံ့နှံ့လာတယ်ဆိုတဲ့ ထင်ကြေး သီအိုရီတွေအပေါ် လူသိရှင်ကြား ငြင်းဆိုနေပေမယ့် နောက်ကွယ်မှာ ပိုပြီး လေးလေးနက်နက် သဘောထားမျိုးနဲ့ ဆန်းစစ် လေ့လာနေခဲ့ဟန်ရှိကြောင်း၊ ဒါပေမဲ့ ဒီကိစ္စတွေမှာ သူ့ရဲ့ဌာန ဖြစ်ခဲ့တဲ့ CDCကတော့ ဘာပတ်သက်မှုမှ မရှိကြောင်း ချောင်က ဆိုပါတယ်။

 ဝူဟန်က ဓာတ်ခွဲခန်း တခုဟာ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲအသီးသီးကို သုတေသနပြု လေ့လာတဲ့ ဌာနတခုဖြစ်ကြောင်း ချောင်က အတည်ပြုခဲ့ပြီး ကပ်ရောဂါ ကာလနောက်ပိုင်းမှာ အဲဒီနေရာကို အစိုးရက နှစ်ကြိမ်ထက်မနည်း အပြန်ပြန် အလှန်လှန် စစ်ဆေးခဲ့တယ်လို့လည်း ချောင်က ပြောကြားသွားပါတယ်။ ဒါပေမဲ့ ဓာတ်ခွဲခန်း ဝန်ထမ်းတွေ အားလုံးဟာ သတ်မှတ် စံနှုန်းတွေကို တိတိကျကျ လိုက်နာခဲ့ဟန်ရှိပြီး ဘာအမှားမှ ကျူးလွန် မထားဘူးဆိုတာ အတည်ပြုနိုင်ကြောင်း သူက အတည်ပြုသွားပါတယ်။