လောင်းလုံးက ဌာနဆိုင်ရာရုံးတွေတိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရတဲ့ဒေသခံ ငါးဆယ်ဝန်း ကျင်အထိရှိလာ

မေ၊ ၂၇
 
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်က ဌာနဆိုင်ရာရုံးသုံးခု တပြိုင်တည်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ဖမ်းဆီးမှုတွေဆက်တိုက်လုပ်နေလို့ ရက်ပိုင်းအတွင်း မြို့ခံငါးဆယ်ဝန်းကျင်ဖမ်းဆီးခံရပြီး ပြန်မလွတ်သေးသူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
 
“ ဖမ်းခံရတာက မြို့ပေါ်မှာနေတဲ့သူတွေပဲ၊ အားလုံးဆို ရှိမယ်၊ ၅၀ ကျော်လောက်ပေါ့နော်၊ သူတို့တွေ့တဲ့သူတွေ၊ မသင်္ကာတဲ့တွေကို လိုက်ဖမ်းတဲ့ပုံစံမျိုးပါ၊ ပြန်လွှတ်ပေးတာရှိတယ်၊ တဝက်လောက်က ပြန်မလွတ်သေးဘူးလို့ ကျွန်တော်တို့ သိထားတယ်၊ အရပ်သားတွေပါပဲ၊ သူတို့ဖမ်းထားတဲ့သူတွေကလေ ” လို့ လောင်းလုံးမြို့ခံတဦးက DNA ကို ပြောပါတယ်။
 
ပြီးခဲ့တဲ့ မေလ ၂၃ ရက်မှာ လောင်းလုံးမြို့ပေါ်က လ.ဝ.က ရုံးအပါအဝင် ရုံးသုံးခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ပြီး သုံးရက်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေက အရပ်သားတွေကို ဆက်တိုက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
 
ဌာနဆိုင်ရာရုံးတွေ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီပူးပေါင်းအဖွဲ့က ညဘက် ဧည့် စာရင်းဝင်ရောက်စစ်ဆေးရာက ဖမ်းဆီးခံရသူတွေ ရှိသလို မြို့ပေါ် အရက်ဆိုင်၊ စတီးသံပန်းဆိုင်၊ ဆိုင်ကယ်ပြင်ဆိုင်နဲ့ ကွမ်းယာဆိုင်တွေကနေ ဖမ်းခေါ်ခံရသူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
 
အဲဒီလို ဖမ်းဆီးခံရတဲ့သူတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက မြို့မရဲစခန်းကို ခေါ်ဆောင်သွားပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်ခဲ့ပြီးနောက် တချို့ကိုတော့ ချက်ချင်းပြန်လွှတ်ပေးပေမယ့် ဒီကနေ့အထိပြန်မလွှတ်သေးသူတွေလည်း ရှိနေတာပါ။
 
ဖမ်းဆီးခံရသူတွေနဲ့ ပြန်လည်လွတ်မြောက်လာခြင်းမရှိသူတွေနဲ့ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
 
“ ဖမ်းခံရတာက အရွယ်အစုံပဲ၊ အများစုကတော့ ယောကျ်ာလေးပါ၊ LGBT တွေလည်း ပါတယ်၊ မရှိဘူးဆိုရင် အယောက်နှစ်ဆယ်လောက်က မလွတ်သေးဘူး ” လို့ အဲဒီမြို့ခံက ပြောပါတယ်။
 
ဖမ်းဆီးခံထားရဆဲသူတွေကိုတော့ မြို့မရဲစခန်းနဲ့ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ)ရုံးတွေမှာ စစ်ဆေးနေတာကို သိထားရပြီး သူတို့အားလုံးကို စစ်ကြောရေးကို ပို့ဆောင်ဖို့ စီစဉ်နေတယ်လို့ ဖမ်းဆီးခံထားရသူရဲ့ မိသားစုဝင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။
 
“ အခုက သူတို့ စစ်ကြောရေးပို့ဖို့ စီစဉ်နေတယ်လို့ပဲ သိထားတယ်၊ မိသားစုတွေနဲ့လည်း တွေ့ခွင့်မပေးဘူး၊ သွားမေးရင် ရဲစခန်းနဲ့ စရဖရုံးမှာ ရှိနေတယ်ပဲ ပြောတယ်၊ မိသားစုတွေကတော့ စိုးရိမ်နေကြတာပေါ့။ ဘာမှမဆိုင်ပဲ အမှုဖွင့်ခံရမှာလည်း စိုးရိမ်တာ ” လို့ ဆိုပါတယ်။
 
လက်ရှိမှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေက လောင်းလုံးမြို့ပေါ်မှာ အင်အားဖြည့်ထားပြီး နေရာအနှံ့အပြားမှာ နေ့စဉ်နဲ့အမျှ ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်နေတာကြောင့် လမ်းသွားလမ်းပြည်သူတွေဟာ မတရားဖမ်းဆီးခံရမှာကို စိုးရိမ်မှုတွေ ရှိနေကြတယ်လို့ ဆိုပါတယ်။
 
အဲ့ဒီဌာနဆိုင်ရာရုံးသုံးခုကို နန်းထိုက်အောင် စစ်ဆင်ရေးအနေနဲ့ Guerrilla Dawei၊ ထားဝယ်နင်္ဂါး တပ်ခွဲ ၅ က တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုအတွင်းမှာ လ.ဝ.ကဒုဦးစီးမှူး ဦးသိန်းမင်းလတ် သေဆုံးခဲ့သလို ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ရဲဘော်တဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ Guerrilla Dawei တာဝန်ရှိသူ တဦးက DNA ကိုပြောပါတယ်။
 
“ ဒီစစ်ဆင်ရေးက ကျွန်တော်တို့တတွေ လုပ်ခဲ့တာပါ၊ အရပ်သားတွေနဲ့ ဘာမှမဆိုင်ဘူး၊ အခုက အရပ်သားတွေကို ကြောက်အောင်ခြောက်ပြီး ဖမ်းထားတာ၊ ဒီလို ဖမ်းဆီးခံနေရတဲ့ အရပ်သားတွေကိုလည်း တောင်းပန်ပါတယ် ” လို့ သူကဆိုပါတယ်။
 
လက်ရှိမှာလည်း တနင်္သာရီတိုင်းအတွင်းက မြို့နယ်တချို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်တွေ၊ ကင်းစခန်းတွေ၊ တပ်စွဲထားတဲ့နေရာတွေနဲ့ ယာဉ်တန်းတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်တာတွေ ပိုမိုလုပ်ဆောင်နေသလို နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်နေပါတယ်။
 
အဲဒီလိုထိတွေ့ပစ်ခတ်မှုတွေဖြစ်ပြီးတိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေက လမ်းသွားလမ်းလာပြည်သူတွေ၊ အဲဒီအနီးအနားမှာ နေထိုင်တဲ့ပြည်သူတွေကို မသင်္ကာမှုနဲ့ ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 
ဓာတ်ပုံ – Guerrilla Dawei
ပုံစာ – လောင်းလုံး လဝက ရုံးကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်တိုက်ခိုက်နေစဥ်