မေ ၊ ၂၅
ကာကွယ်ရေး ဝန်ကြီးဌာန အဆောက်အအုံမှာ မီးလောင်မှု ဖြစ်ခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
အစိုးရပိုင် Tass သတင်းဌာနက မော်စကို မြို့လယ်မှာရှိတဲ့ ကာကွယ်ရေး ဝန်ကြီးဌာန အဆောက်အအုံမှာ မီးလောင်မှု ဖြစ်ခဲ့တယ်လို့ အရေးပေါ် တုံ့ပြန်ရေးဌာန တာဝန်ရှိသူတွေကို ကိုးကားပြီး မေ ၂၅ ရက်မှာ ဖော်ပြခဲ့ပါတယ်။
ကာကွယ်ရေး ဝန်ကြီးဌာန အဆောက်အအုံရဲ့ လေသာဆောင် တခုမှာ မီးလောင်မှု ဖြစ်ခဲ့တာလို့ Tassက ဆိုပါတယ်။ နောက်ပြီး မီးလောင်မှု ဖြစ်တဲ့ နေရာတဝိုက်မှာ မီးသတ်နဲ့ ကယ်ဆယ်ရေး ဝန်ထမ်းတွေ ရောက်ရှိနေတယ်လို့လည်း အတည်ပြုခဲ့ပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာတော့ အာဏာပိုင်တွေက မီးလောင်မှု သတင်းကို ငြင်းဆိုခဲ့ကြောင်း Tassက ပြန်လည် ပြင်ဆင် ဖော်ပြခဲ့ပါတယ်။ မီးသတ် တပ်ဖွဲ့ဝင်တွေ ရောက်လာချိန်မှာ ဘယ်လို မီးလောင်မှုကိုမှ ထောက်လှမ်းမိတာမျိုး မရှိတော့ကြောင်း Tassက ဆိုပါတယ်။
လူမှုကွန်ရက် မီဒီယာပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုနဲ့ ဓာတ်ပုံတွေမှာတော့ ဝန်ကြီးဌာန အဆောက်အအုံနားမှာ မီးခိုးတွေ ထူထပ်နေတာကို တွေ့ရသလို အနီးတဝိုက်မှာ နေထိုင်သူတွေကလည်း ညှော်နံ့ ဆိုးဆိုးရွားရွား ရခဲ့တယ်လို့ ပြောပါတယ်။ အဆောက်အအုံထဲမှာ ဘာတွေ ဖြစ်နေသလဲ ဆိုတာကိုတော့ တိတိကျကျ အတည်မပြုနိုင်ပါဘူး။
အခုလ အစောပိုင်းကလည်း မော်စကို မြို့တော်မှာရှိတဲ့ ရုရှားသမ္မတ ရုံးစိုက်ရာ ကရင်မလင် နန်းတော်အပြင် လွှတ်တော် အဆောက်အအုံကိုပါ ဒရုန်းအသေးစားတွေ ထိမှန်လို့ ပေါက်ကွဲ မီးလောင်မှုတွေ ဖြစ်ခဲ့ပါတယ်။ ရုရှားကတော့ အဲဒီ ဒရုန်းတိုက်ခိုက်မှုတွေဟာ သမ္မတ ဗလာဒီမာ ပူတင်ရဲ့ အသက်ကို လုပ်ကြံဖို့ ယူကရိန်းက ကျူးလွန်တဲ့ လုပ်ရပ်တွေလို့ စွပ်စွဲခဲ့ပါတယ်။