စစ်ကိုင်းက ပဒူတိုက်နယ်ရဲစခန်းကိုကာကွယ်ရေးတပ်တွေ စီးနင်းတိုက်ခိုက်

မေ၊ ၂၃

စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့နယ် ပဒူတိုက်နယ်ရဲစခန်းကို  ဒေသခံတပ် ရင်းတွေ ပူးပေါင်းပြီး ဝင်ရောက်ခိုက်ရာမှာ စစ်ကောင်စီဘက်က အနည်းဆုံးငါးဦးသေဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီက သိရပါတယ်။

“ မနေ့က စခန်းသိမ်းတိုက်ပွဲမှာဆိုရင် သူတို့ဘက်က အနည်းဆုံး ငါးဦးကျတယ်၊ ငါးယောက်အထက်ကတော့ သေချာတယ်ဗျာ၊အဲထက်တော့ ပိုနိုင်တယ်” လို့ 96 Soldiers – PDF(အညာဒေသ)တပ်ဖွဲ့ကကိုဇေယျာလွင်က ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့ဘက်က တဦးလည်း ထိခိုက်ဒဏ်ရာရပြီး အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ ဝင်အင်အား ၃၀ ဦးဝန်းကျင်ရှိတဲ့ ပဒူတိုက်နယ်ရဲစခန်းကို မနေ့က မေလ ၂၂ ရက် မနက် ၉ နာရီခန့်မှာ ပြည်သူ့ကာ ကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက် တိုက် ခိုက်ခဲ့တာပါ။

 အဲ့ဒီ စခန်းသိမ်းတိုက်ပွဲဖြစ်နေချိန်မှာ စစ်ကောင်စီတပ်က Mi 35 လေယာဉ်ကြောင်းပစ်ကူနဲ့ပါအသုံး ပြုတိုက်ခိုက်ခဲ့တာ ကြောင့် ပူးပေါင်းတပ်ဖွဲ့ဘက်ဟာ ချက်ချင်းဆုတ်ခွာခဲ့ရပြီး နေ့လည်ပိုင်းမှာ တကျော့ပြန်တိုက်ခိုက်ချိန်မှာလည်း စစ်ကောင်စီဘက်က Mi 35 နဲ့ လေကြောင်းပစ်ကူ ထပ်မံ ပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

နေ့လယ်ပိုင်းတိုက်ပွဲမှာတော့စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုလုပ်နေတဲ့ကြားက ကာ ကွယ်ရေးတပ်တွေချက်ချင်းပြန်မဆုတ်ဘဲ ဆက် လက်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲ ကြာချိန် သုံးနာရီဝန်းကျင်အထိ ရှိခဲ့တယ်လို့ 96 Soldiers – PDF(အညာဒေသ)က ကိုဇေယျာလွင်က ပြောပါတယ်။

အဲ့ဒီနောက် ညနေ ၅ နာရီလောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေက Mi 17 ရဟတ်ယာဉ်နဲ့ စစ်အင်အားဖြည့်တင်းလာတဲ့အပြင် လေကြောင်းတိုက်ခိုက်မှုလည်းထပ်လုပ်လာတာကြောင့်ပဒူတိုက်နယ်ရဲစခန်းအတွင်းကအချုပ်ဆောင်တခုကိုသာ မီးရှို့ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်တွေပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့က ပိတ်မိသွားမှာ စိုးတာရယ်၊ ညနေမိုးချုပ်ခါနီးပြီဖြစ်တာရယ်၊ နောက်ပြန်ဆုတ်ခဲ့ရတယ်” လို့  ကိုဇေယျာလွင်က ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေက ပဒူတိုက်နယ်နဲ့ အနီးပတ်ဝန်းကျင်ကျေးရွာတွေဘက်ကို ပြီးခဲ့တဲ့ မေလ ၂၀ ရက်ကတည်းကစစ်ကြောင်း ထိုးဝင်ရောက်လာပြီး အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်နေတဲ့အ တွက် အဲဒီနေ့ကတည်းက ဒေသခံထောင်နဲ့ချီက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေတာကြောင့် မနေ့ကတိုက်ပွဲအတွင်းအရပ်သားထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် မနေ့က စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လေ ကြောင်းကနေပစ်ခတ်မှုကြောင့် ပဒူတိုက်နယ်ရှိ အထက်တန်းကျောင်း အနောက်ဘက်ခြမ်းမှာရှိတဲ့ အရပ်သားနေအိမ်တချို့ မီးလောင်ပျက်စီးတာတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေက ပဒူတိုက်နယ်ထဲကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးဝင်ရောက်နေရာယူ ထားပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ အချိန်မရွေးထိတွေ့တိုက်ပွဲ ဖြစ်ပွားနိုင်တယ်လို့  ကိုဇေယျာလွင်က ပြောပါတယ်။

“အခုရွာထဲကို သူတို့ အင်အား ၅၀ ကျော်လောက်ရောက်နေတယ်၊ လောလောဆယ်တော့ ကျွန်တော်တို့စောင့်ကြည့်နေတယ်၊ တိုက်ပွဲကတော့ အချိန်မရွေးဖြစ်လာနိုင်တယ်၊ အခုသူတို့က ရွာထဲအိမ်တွေကို မီးလိုက်ရှို့နေတယ်လို့ သတင်းရထားတယ်၊ သေချာတော့ မသိသေးဘူးပေါ့” လို့ သူကပြောပါတယ်။