ချန်ပီယံလိဂ် ဝင်ခွင့်ရခဲ့ခြင်းက အိပ်မက် ဆန်လွန်းတယ်လို့ နယူးကာဆယ် မန်နေဂျာ ဝန်ခံ

မေ၊ ၂၃

ဥရောပ ကလပ်အသင်းတွေအတွက် အဆင့်အမြင့်ဆုံး ဘောလုံးပြိုင်ပွဲကြီးဖြစ်တဲ့ ချန်ပီယံလိဂ်မှာ တကျော့ပြန် ယှဉ်ပြိုင်ခွင့် ရလာခြင်းက အိပ်မက်ဆန်လွန်းတယ်လို့ နယူးကာဆယ် ယူနိုက်တက် မန်နေဂျာ အက်ဒီ ဟောင်ဝီက ဖွင့်ဟ ဝန်ခံခဲ့ပါတယ်။

 အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် အသင်းတွေဟာ အမှတ်ပေးဇယား အဆင့် ၄ အတွင်း ဝင်ရောက်ပြီး ရာသီသိမ်းနိုင်မှသာ နောက်ရာသီ ချန်ပီယံလိဂ် ကစားခွင့် ရမှာ ဖြစ်ပါတယ်။ နယူးကာဆယ်ဟာ မေလ ၂၂ ရက် ညပိုင်းမှာ လက်စတာ စီးတီးနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့နောက် လက်ရှိ ဘောလုံးရာသီမှာ ထိပ်ဆုံး ၄ သင်းထဲ ပါဝင်ဖို့ ကျိန်းသေသွားခဲ့ပါတယ်။ ဒါကြောင့် ၂၀၀၃ ခုနှစ်နောက်ပိုင်း နှစ် ၂၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် ချန်ပီယံလိဂ်မှာ ပါဝင် ကစားခွင့် ရရှိလာခဲ့ပါပြီ။

 ဟောင်ဝီဟာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်မှာ အသင်းကို စတင်တာဝန်ယူချိန်က နယူးကာဆယ်ရဲ့ အမှတ်ပေးဇယား ရပ်တည်မှုက အဆင့် ၁၉ နေရာကို ရောက်နေခဲ့ပြီး တန်းဆင်းရလုနီးပါး အန္တရာယ်နဲ့ ရင်ဆိုင်နေခဲ့ရတာပါ။ အဲဒီနောက် ၂ နှစ် မပြည့်ခင်အတွင်း ဥရောပရဲ့ အဆင့်အမြင့်ဆုံး ကလပ်အသင်းတွေ ယှဉ်ပြိုင်ကြရာ ပြိုင်ပွဲဆီ တကျော့ပြန် ခြေချနိုင်လောက်အောင် နယူးကာဆယ်ကို ဟောင်ဝီက ဆွဲတင်ပေးခဲ့တာပါ။

 သေချာတာကတော့ ဘောလုံးရာသီ မစခင်တုန်းက နယူးကာဆယ်ဟာ ထိပ်ဆုံး ၄ နေရာအတွက် လုံးဝ မမျှော်လင့်ခဲ့ဘူးလို့ သူက ဝန်ခံပါတယ်။ လူတိုင်းမှာ မျှော်လင့်ချက်တွေ၊ အိပ်မက်တွေ၊ ရည်မှန်းချက်တွေ ရှိနိုင်ပေမယ့် နယူးကာဆယ် အတွက်တော့ ချန်ပီယံလိဂ်မှာ ကစားဖို့ဆိုတာ အလွန်အကျွံကြီး အိပ်မက် ဆန်လွန်းနေခဲ့ကြောင်း သူက ဆိုပါတယ်။

 အသင်းက ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့အထိ အသင့် မဖြစ်သေးဘူးလို့ ခံစားမိခဲ့ကြောင်း၊ အသင်းဟာ ပြီးခဲ့တဲ့ ရာသီကတင် တန်းမဆင်းရအောင် အသည်းအသန် ရုန်းကန်ခဲ့ရတာဖြစ်ကြောင်း၊ ဒါကြောင့် ဒီရာသီအတွက် နယူးကာဆယ် မျှော်လင့်ထားတာက ခြေစွမ်း ပိုတည်ငြိမ်တဲ့ အလယ်အလတ် အသင်းတခု ဖြစ်လာရုံထက် မပိုခဲ့ကြောင်းလည်း ဟောင်ဝီက ပြောပြပါတယ်။

 သူတို့အသင်း ချန်ပီယံလိဂ် ဝင်ခွင့်ရမယ် ဆိုတာကို လွန်ခဲ့တဲ့ ၂ နှစ်လောက်ကသာ တယောက်ယောက်က လာပြောရင် ဘယ်သူမှ ယုံမယ် မထင်ဘူးလို့လည်း အသက် ၄၅ နှစ်အရွယ် အင်္ဂလန်သားက ရယ်ရယ်မောမော မှတ်ချက် ပေးသွားခဲ့ပါတယ်။

 လက်ရှိရာသီမှာ နယူးကာဆယ်ရဲ့ စွမ်းဆောင်ရည်ဟာ ဘက်ပေါင်းစုံ တိုးတက်လာခဲ့ပြီး ပေးဂိုး ၃၂ ဂိုးသာ ခွင့်ပြုခဲ့ရပါတယ်။ ဒါဟာ ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့နောက် ပေးဂိုး အနည်းဆုံး ဖြစ်စေခဲ့ပါတယ်။ ဒါ့အပြင် ရဂိုးက ၆၇ ဂိုးထိ ရှိခဲ့ပြီး ၂၀၀၂ ခုနှစ်နောက်ပိုင်း ဂိုးသွင်းနှုန်း အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။ တကယ်လို့ နောက်ဆုံးလက်ကျန် ချဲလ်ဆီးနဲ့ ပွဲမှာသာ အနိုင်ရခဲ့မယ်ဆိုရင် နယူးကာဆယ်ဟာ ရမှတ် ၇၃ မှတ်ထိ ရရှိမှာဖြစ်ပြီး ၁၉၉၆ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ် ရာသီတခုမှာ သူတို့ ရယူနိုင်တဲ့ အများဆုံးအမှတ်အဖြစ် မှတ်တမ်းဝင်လာမယ်လို့ သိရပါတယ်။