မေ၊ ၂၂
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားခုနှစ်ဦးကို ထောင်အာဏာပိုင်တွေက မေလ ၂၁ ရက်ညပိုင်းမှာ လာရောက်ခေါ်ဆောင်သွားပြီးနောက် ထောင်ဝန်းအတွင်းမှာပဲ ရိုက်နှက်နှိပ်စက်ရာက ဒီကနေ့မှာ တဦးသေဆုံးသွားတယ်လို့ သိရပါတယ်။
သေဆုံးသွားသူဟာ မုံရွာထောင်ကနေ ပြောင်းရွှေ့ခံခဲ့ရတဲ့ ကိုဥက္ကာဆိုသူ နိုင်ငံရေးအကျဥ်းသားတဦးဖြစ်ပြီး သူအပါအဝင် အိပ်ဆောင်ဝန်း တိုက်အမှတ် ၂ မှာရှိတဲ့ ကိုကျော်မျိုးတင့်၊ ကိုဇော်ဇော်အောင်၊ ကျော်မင်းနိုင်၊ ကိုသက်မောင်မောင်၊ ကိုကျော်တင့်ဦး၊ ကိုအောင်မျိုးသန့် တို့လည်း စစ်သားနဲ့ရဲတွေက အဆောင်ထဲကနေ ခေါ်ထုတ်ရိုက်နှက်နှိပ်စက်ခဲ့တာလို့ သိရပါတယ်။
” အဲ့တိုက်ထဲမှာ ဖုန်းရှိတယ်ဆိုပြီး ခေါ်ထုတ်ရိုက်ရာက တယောက်ကျဆုံးတာပါ။ အမှန်တော့ ဒီနိုင်ငံရေးအကျဥ်းသားတွေမှာ ဖုန်းကိုင်နိုင်တဲ့အခြေအနေ မရှိဘူးဆိုတာ သူတို့သိတယ်။ အဲ့ဒါကို သက်သက်ကြီး စစ်သားနဲ့ရဲက ခေါ်ပြီးရိုက်တာ၊ ကျန်တဲ့ခြောက်ယောက်လည်း မေးလို့မရသေးဘူး၊ ထောင်ထဲမှာပဲ အစအနပျောက်နေတယ်၊ သေဆုံးသွားတဲ့တယောက် အလောင်းလည်း မတွေ့ရသေးဘူး၊ ခုထောင်ထဲမှာရှိတဲ့ နိုင်ကျဥ်းတွေအကုန်လုံး ထမင်းမစားပဲ ဆန္ဒပြနေကြတယ် ” လို့ မုံရွာလူထုသပိတ်တိုက်ပွဲကော်မတီမှ ကိုရှင်းသန့်က DNA ကိုပြောပါတယ်။
အခုလိုထောင်တွင်းရှိ နိုင်ငံရေးအကျဥ်းသားတွေကို ရိုက်နှက်ရာမှာ မေလ ၂၁ ရက်ကမှ မြင်းခြံထောင်ကိုရောက်ရှိလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ထောင်ဝန်ထမ်းတွေပါဝင်ပြီးတော့ လက်ရှိအချိန်အထိလည်း ထောင်ဝန်းအတွင်းမှာ တပ်စွဲထားတယ်လို့ ထောင်နဲ့နီးစပ်သူတွေရဲ့ပြောပြချက်အရ သိရပါတယ်။
” ခေါ်ထုတ်သွားတာတော့ ထောင်ဝန်ထမ်းတွေ၊ ရိုက်တာက မနေ့ကမှထောင်မှာလာတပ်စွဲတဲ့ စစ်သားနဲ့ရဲတွေလို့ သိရတယ်၊ ခု ကျန်တဲ့သူတွေလည်း ဘယ်နားထားလဲမေးမရဘူးဖြစ်နေတယ်လို့ သိရပါတယ်၊ သူတို့ရဲ့အသက်အန္တရာယ်အတွက်လည်း စိတ်ပူနေကြလို့ နိုင်ကျဉ်းတွေက ဝေတဲ့ထမင်းထုပ်တောင် မစားဘဲ ဆန္ဒပြနေကြတယ် ” လို့ မြင်းခြံထောင်နဲ့ နီးစပ်သူတဦးက ထပ်ပြောပါတယ်။
လက်ရှိအချိန်မှာတော့ မြင်းခြံထောင်တွင်း အိပ်ဆောင်တွေကို ပိတ်ထားပြီး အကျဥ်းသားတွေကို ထွက်ခွင့်မပေးသေးတဲ့အပြင် ပျောက်ဆုံးနေတဲ့သူတွေအကြောင်းကို အကျဥ်းသားတွေဘက်က မေးမြန်းစုံစမ်းတာကို ထောင်အာဏာပိုင်တွေဘက်က ပြန်လည်ဖြေကြားတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။
စစ်ကောင်စီအာဏာသိမ်းချိန်က ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃၀ ရက်အထိ စစ်ကောင်စီတပ် ဒါမှမဟုတ် ထောက်ခံသူတွေလက်ချက်နဲ့ အကျဉ်းထောင်၊ စစ်ကြောရေး၊ ဘားတိုက် ဒါမှမဟုတ် ဖမ်းဆီးထားတုန်းသတ်ဖြတ်ခဲ့သူဦးရေဟာ ၁၁၆၃ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်အရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။
ဒါဟာ စစ်ကောင်စီလက်ချက်နဲ့ သေဆုံးသူပေါင်း ၃၄၄၇ ဦးထဲမှာ ၃၄ ရာခိုင်နှုန်းဖြစ်တယ်လို့ အဲဒီတုန်းက ထုတ်ပြန်ထားတာပါ။
ဓာတ်ပုံ – Social Media