ထားဝယ်မြို့ခံအမျိုးသားတဦး အဖမ်းခံရပြီးနောက် လေးရက်အတွင်း စစ်ကြောရေးမှာသေဆုံးတယ်လို့ဆို

မေ၊ ၂၁

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ဒေါင်းငူရပ်ကွက်မှာနေထိုင်တဲ့  အမျိုးသားတဦးကို စစ်ကောင်စီတပ်တွေကမေလ ၁၅ ရက်နေ့မှာဖမ်းဆီးသွားပြီး နောက် လေးရက်အကြာမှာ စစ်ကြောရေးမှာသေဆုံးသွားတယ်လို့အကြောင်းကြားလာကြောင်းမိသားစုနဲ့ နီးစပ်သူတွေရဲ့ပြောဆိုချက်အရသိရပါတယ်။

 အသက် ၃၅ နှစ်အရွယ် ကိုကျော်သူရအောင်ကို စစ်ကောင်စီတပ်တွေကထားဝယ်မြိုု့တွင်းမှာပဲ ဖမ်းဆီးခဲ့တာဖြစ်ပြီး မေလ ၂၀ ရက်နေ့မှာတော့ ဒေါင်းငူရပ်ကွက်အုပ်ချုပ်ရေးမှူးကကိုကျော်သူရအောင်သေဆုံးသွားပြီဖြစ်ကြောင်း မိသားစုတွေဆီ အကြောင်းကြားခဲ့တယ်လို့နီးစပ်သူကဆိုပါတယ်။

 ‘’ အုပ်ချုပ်ရေးမှူးကပြောစရာရှိလို့ဆိုပြီး သူ့အမေကိုဖုန်းဆက်ခေါ်တာ၊ သူ့ဆီရောက်တော့ စစ်ကြောရေးမှာဆုံးသွားတဲ့အကြောင်းပြောလိုက်တယ်။ အလောင်းကတော့ပြန်မရသေးဘူး။ မိသားစုဝင်တွေနဲ့ လူမှုကူညီရေးအသင်းတွေကအလောင်းပြန်ရဖို့ ကြိုးစားနေတယ်’’ လို့ ကိုကျော်သူရအောင်ရဲ့ဆွေမျိုးနီးစပ်သူတဦးက DNA ကိုပြောပါတယ်။

 စစ်ကြောရေးမှာသေဆုံးသွားတယ်ဆိုတဲ့ ကိုကျော်သူရအောင်ဟာ အစ္စလာမ်ဘာဝင်တဦးဖြစ်တာကြောင့် သူ့ရဲ့အလောင်းကို အစ္စလာမ်ထုံးတမ်းအရ မြေမြှုပ်သင်္ဂြိုဟ်ဖို့ လိုတယ်လို့လည်း နီးစပ်တဲ့ဆွေမျိုးတွေကဆိုပါတယ်။

 ဒါ့အပြင် ကိုကျော်သူရအောင်ကို စစ်ကောင်စီတပ်တွေက ဘာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာကိုမသိရပေမယ့် အဖမ်းခံရပြီးနောက်တရက်မှာတော့ ဆက်စပ်မှုရှိတယ်ဆိုပြီး ထားဝယ်မြို့ ဒေါင်းငူရပ်ကွက်ထဲက အမျိုးသမီး

၄ဦးနဲ့ အမျိုးသား ၃ဦး၊ ကျောက်မော်ရပ်ကွက်က အမျိုးသားတဦးနဲ့ အခွန်လွတ်ဈေးအနီးက အမျိုးသား တဦးစုစုပေါင်း ၉ဦးကိုစစ်ကောင်စီတပ်တွေက ထပ်မံဖမ်းဆီးသွားတယ်လို့ မြိုခံ့တဦးကဆိုပါတယ်။

 ပြီးခဲ့တဲ့ မေလ ၁၉ ရက်မနက်ပိုင်းမှာတော့ ဖမ်းဆီးခံရသူတွေထဲက ၈ဦးဟာ ထားဝယ်မြို့နယ်ရဲစခန်းကိုရောက်လာခဲ့ပေမယ့် ကိုကျော်သူရအောင်နဲ့ အခွန်လွတ်ဈေးအနီးမှာနေထိုင်တဲ့ အမျိုးသားတဦးကတော့ရောက်လာခြင်းမရှိဘူးလို့လည်း သိရပါတယ်။

 နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးချိန်ကနေ အခုနှစ် ဧပြီလ ၃၀ ရက်နေ့အထိ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခံခဲ့ရပြီးနောက် သေဆုံးခဲ့သူ ၁၁၆၃ ဦး ရှိပြီလို့ သိရပါတယ်။

Photo-CJ