သူငယ်ပြန်နေတဲ့အဖွားအိုကို ကျဉ်စက်နဲ့ပစ်ခတ်ခဲ့တဲ့ ဩစတြေးလျရဲတပ်ဖွဲ့ ပြဿနာတက်နေ

မေ၊ ၂၀

သူငယ်ပြန်ပြီး စိတ်အခြေအနေ ပုံမှန် မဟုတ်တော့တဲ့ သက်ကြီးရွယ်အို အမျိုးသမီး တဦးကို ရဲတပ်ဖွဲ့က ကျဉ်စက် သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အပေါ် ဩစတြေးလျ နိုင်ငံမှာ အပြင်းအထန် ဝေဖန် ကန့်ကွက်မှုတွေ ထွက်ပေါ်နေပါတယ်။

အသက် ၉၅ နှစ်အရွယ် အဖွားအိုဟာ ကျဉ်စက်သေနတ်နဲ့ ပစ်ခတ် ခံရတဲ့နောက် အသက်လု ကုသရတဲ့ အခြေအနေထိ ရောက်နေတယ်လို့ ဒေသခံ သတင်းဌာနတွေက ဖော်ပြပါတယ်။

အခုသီတင်းပတ်မှာ နယူးဆောက်သ်ဝေးလ်စ် ပြည်နယ် ရဲတပ်ဖွဲ့ဟာ ကူးမားမြို့မှာရှိတဲ့ ယယ်လမ်ဘီလော့ဂျ် သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာဆီက ဖုန်းဆက် အကူအညီ တောင်းခံမှုကို ရရှိခဲ့ပါတယ်။ အဲဒီ ဂေဟာမှာ အဖွားအို တဦးက ဓားကိုင်ပြီး ရန်လိုနေတယ်လို့ အကြောင်းကြားလာခဲ့တာပါ။

ကလယ်ရီ နောင်လန်က ဓားကိုင်ထားတဲ့အတွက် ရဲတွေက သူ့ကို ကျဉ်စက် သေနတ်နဲ့ ပစ်ခတ် ဖမ်းဆီးခဲ့တာလို့ နယူးဆောက်သ်ဝေးလ်စ် ပြည်နယ် ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ စိတ်မူမမှန်တဲ့ သက်ကြီးရွယ်အို တဦးကို တခြားနည်းလမ်းတွေ အများကြီး ရှိလျက်နဲ့ အပြင်းအထန် နာကျင်ခံစားရစေတဲ့ ကျဉ်စက်နဲ့ ပစ်ဖမ်းခဲ့တဲ့အပေါ် ဩစတြေးလျ ပြည်သူတွေကြားမှာ မကျေမနပ် ဝေဖန်သံတွေ ကျယ်လောင်လာခဲ့တာ ဖြစ်ပါတယ်။

ရဲနှစ်ဦးဟာ အဲဒီဂေဟာကို ရောက်သွားခဲ့ပြီး အခြေအနေကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ကြောင်း၊ အဖွားအို နောင်လန်က ရဲတွေနား ချဉ်းကပ်လာတဲ့နောက် ရဲတွေက သူ့ကို ကျဉ်စက်နဲ့ ပစ်ခတ်ခဲ့တာပါ။ နောင်လန်ရဲ့ မိသားစုနဲ့ ရင်းနှီးသူ တဦးက အဖွားအိုဟာ ကျောနဲ့ ရင်ဘတ်မှာ နှစ်ချက်တောင် အပစ်ခံခဲ့ရတယ်လို့ ပြောပါတယ်။ မျက်မြင်တွေရဲ့ အဆိုအရ အဖွားအို ရဲတွေဆီ ချဉ်းကပ်သွားတာဟာ တုန်တုန်ချိချိ နှေးနှေးကွေးကွေးသာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တဦးကတော့ အဖွားအိုက ခပ်ဖြည်းဖြည်းလေးသာ လမ်းလျှောက်နိုင်တယ် ဆိုတာကို ဝန်ခံပေမယ့် သူ့လက်ထဲမှာ ဓားကိုင်ထားတာကို မမေ့သင့်ကြောင်း ဆိုပါတယ်။

နောင်လန်ရဲ့ အခြေအနေက စိုးရိမ်စရာ ဖြစ်နေပြီး သူ့မိသားစုက အဖွားအို အသက်ရှင်နိုင်မယ်လို့တောင် မျှော်လင့် မထားတောကြောင်း ပြောပါတယ်။ ပိုဆိုးသွားတာက ကျဉ်စက်နဲ့ နှစ်ချက် အပစ်ခံရပြီး လဲကျချိန်မှာ အဖွားအိုရဲ့ ဦးခေါင်းခွံ ကွဲအက်ပြီး ဦးနှောက်သွေးယိုတဲ့ အထောက်အထားတွေပါ တွေ့လာရတာပဲ ဖြစ်ပါတယ်။

လောလောဆယ်တော့ ရဲတပ်ဖွဲ့ဟာ အကြီးအကျယ် ပြဿနာ တက်နေပြီး ဖြစ်စဉ်မှာ ပါဝင်ပတ်သက်ခဲ့တဲ့ ရဲအရာရှိတွေကို အရေးယူမလား ဆိုတာလည်း ကွဲကွဲပြားပြား မသိရသေးပါဘူး။ အပစ်ခံရသူဟာ သက်ကြီးရွယ်အို အဖွားအိုတဦး ဖြစ်နေတဲ့တိုင် ရဲတွေက သတ်မှတ်ထားတဲ့ စံနှုန်းတွေအတိုင်း အခြေအနေကို တိတိကျကျ တုံ့ပြန်ခဲ့တယ်လို့လည်း ယုံကြည်ရပါတယ်။ နောင်လန်ကို ကျဉ်စက်နဲ့ ပစ်ခတ်ခဲ့တယ်ဆိုတဲ့ ရဲအရာရှိဟာ လောလောဆယ် တာဝန်က ဆိုင်းငံ့ခံရတာမျိုး မဟုတ်ပေမယ့် အလုပ်ကနေ ယာယီ ခွင့်ပေးခံထားရကြောင်း သိရပါတယ်။

 

Ref: BBC