တောင်ငူအကျဉ်းထောင်မှာ ပစ်ခတ်မှုဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတချို့ ထွက်ပြေးလွတ်မြောက်

မေ၊ ၁၈
 
ပဲခူတိုင်း၊ တောင်ငူမြို့ တောင်ငူအကျဉ်းထောင် အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးပြီး ပြန်လာတဲ့ အကျဉ်းသားဆယ်ဦးဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီက သေနတ်လုယူပစ်ခတ်ပြီး ထွက်ပြေးတာကြောင့် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တဦး သေဆုံးကာ တဦးဒဏ်ရာရခဲ့ပြီး အကျဉ်းသားတချို့လည်း ထွက်ပြေးလွတ်မြောက်သွားတယ်လို့ တောင်ငူအကျဉ်းထောင်နဲ့ နီးစပ်သူတဦးက DNA ကိုအတည်ပြုပြောပါတယ်။
 
အဲ့ဒီဖြစ်စဉ်အတွင်း အကျဉ်းသားသုံးဦး ထွက်ပြေးလွတ်မြောက်သွားပြီး ခုနစ်ဦးကို ပြန်ဖမ်းမိတယ်လို့ စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေက ဖော်ပြကြပြီး လွတ်မြောက်သွားသူ ဦးရေကိုတော့ လက်ရှိမှာ တိတိကျကျမပြောနိုင်သေးဘူးလို့ တောင်ငူအကျဉ်းထောင်နဲ့ နီးစပ်သူက ပြောပါတယ်။
 
“ သိရတာက သူတို့ ဆယ်ယောက်ကို တောင်ငူအထူးတရားရုံးမှာပဲ ရုံးထုတ်ပြီး ပြန်လာတာ၊ ထောင်ရဲ့ အရှေ့အဝန်းအဝိုင်းမှာပဲ ရုတ်တရက်သေနတ်လုပြီး ထွက်ပြေးတာ၊ သူတို့နဲ့အတူ ရဲသုံးယောက်ရယ်၊ တခြားလုံခြုံရေးအဖွဲ့တွေရယ်၊ ထောင်ဝန်ထမ်းတွေလည်း ပါတယ်၊ အဲမှာ ပစ်ခံထိတာက တပ်ကြပ်နဲ့ ဂိတ်စောင့် စစ်မှုထမ်းနှစ်ဦးပဲ၊ သေတာက တပ်ကြပ်လို့ ပြောတယ်၊ ကျန်တာက ထိခိုက်တာမရှိဘူး ” လို့ သူကပြောပါတယ်။
 
အဲ့ဒီဖြစ်စဉ်အတွင်း အကျဉ်းသားဆယ်ဦးလုံး လွတ်မြောက်သွားတယ်လို့လည်း ကြားသိထားရပြီး အသေးစိတ်ကို အတည်မပြုနိုင်သေးဘူးလို့ တောင်ငူအကျဉ်းထောင်နဲ့ နီးစပ်သူက ပြောပါတယ်။ စစ်အုပ်စုစုထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာ ဖော်ပြချက်အရ ထွက်ပြေးလွတ်မြောက်သွားသူတွေဟာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရသူတွေလို့ ဆိုပါတယ်။
 
“ ပြန်သိရတာက အားလုံးလွတ်သွားတယ်လို့ ပြောတယ်၊ ဖြစ်ဖြစ်ချင်းတော့ ခုနစ်ဦးလွတ်တယ်ပြောတယ်၊ အခုထပ်ကြားတာက အဲမှာ ဖမ်းဆီးဖို့လုပ်တုန်းမှာ ထပ်ပြီး ထွက်ပြေးတာလားတော့ မပြောတတ်ဘူး၊ အခြေအနေမှန်ကတော့ တိတိကျကျကတော့ အခုချိန်မှာ မလွယ်သေးဘူး ” လို့ တောင်ငူအကျဉ်းထောင်နဲ့ နီးစပ်သူက ပြောပါတယ်။
 
အဆိုပါတောင်ငူအကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသားအရေအတွက်နဲ့ပတ်သက်ပြီး DNA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
 
ဒီကနေ့ မေလ ၁၈ ရက် ညနေ ၃ နာရီခန့်မှာ တောင်ငူအကျဉ်းထောင် အထူးတရားရုံးကနေ နိုင်ငံရေးပုဒ်မတွေနဲ့ တရားဆွဲခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပါအဝင် အကျဉ်းသား ၁၀ ဦးကို ရုံးထုတ်ပြီး ပြန်လာချိန်မှာ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေဆီက သေနတ်တွေကို လုယူကာ ပြန်လည်ပစ်ခတ်ပြီးနောက် ထွက်ပြေးခဲ့ကြတာပါ။
 
ပစ်ခတ်မှုကြောင့် တပ်ကြပ်အဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် မောင်မျိုးဆိုသူ သေဆုံးခဲ့ပြီး စစ်မှုထမ်းဟောင်းဖြစ်တဲ့ တပ်ကြပ်ကြီး ကျော်မြင့်ကတော့ ဒဏ်ရာတွေရရှိခဲ့တဲ့အပြင် ကာဘိုင်တလက်နဲ့ MA 11တလက်တို့ကိုလည်း ထွက်ပြေးလွတ်မြောက်သွားသူတွေက ယူဆောင်သွားတယ်လို့ စစ်အုပ်စုထောက်ခံ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားပါတယ်။
 
ထွက်ပြေးလွတ်မြောက်နေတဲ့သူတွေဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉ (က)/ ၅၀ (က)/ ၅၀ (ည)/ ၅၁ (ဂ)/ ၅၂ (က)နဲ့ တရားစွဲအမှုဖွင့်ခံထားရတဲ့ သန့်ဇင်၊ အောင်ကျော်ဦးနဲ့ ဗေဒါ(ခ)ဘုန်းညွန့်ဇော်တို့ဖြစ်ပြီးနောက် ထပ် ခုနစ်ဦးကိုတော့ ပြန်လည်ဖမ်းမိတယ်လို့အဲ့ဒီချန်နယ်တွေက ဖော်ပြကြပါတယ်။
 
လက်ရှိမှာ တောင်ငူအကျဉ်းထောင်တည်ရှိရာ လမ်းမတွေနဲ့ မြို့ဝင်မြို့ထွက်လမ်းတွေကို စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ဆို့စစ်ဆေးတာတွေ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ တောင်ငူအကျဉ်းထောင်နဲ့ နီးစပ်သူက ဆက်ပြောပါတယ်။
 
“ အခုထိ ကျွန်တော်လှမ်းမေးတဲ့အချိန်တောင် သူတို့တွေ ပိတ်ရှာနေတုန်းပဲ၊ တပ်ကရော၊ ရဲကရော၊ လုံခြုံရေး အဖွဲ့တွေပေါင်းပြီး လမ်းတိုင်းကို ရှာနေကြတယ်၊ ညနေပိုင်းကအထိတော့ (ညနေ ခြောက်နာရီခွဲ) တယောက်မှ မတွေ့သေးဘူးတဲ့ ” လို့ သူကပြောပါတယ်။ 
ဓာတ်ပုံ – MDN

Delta News

Read Previous

သံဖြူဇရပ်မှာ အရပ်သားနှစ်ဦးပစ်ခတ်ခံရပြီး တဦးသေဆုံး

Read Next

မြိုင်မြို့နယ်မှာ မုန်တိုင်းကြောင့်မိုးရွာခဲ့တဲ့ကာလအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းဆက်တိုက်ထိုးခဲ့