စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မူကြောင့် ဗန်တလန်ရွာက လူနေအိမ် ၁၅လုံး ပျက်စီး

 

မေ၊ ၄

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်တလန်ကျေးရွာကို မေလ ၂ရက်နေ့က ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ် ၁၅လုံး ပျက်စီးခဲ့တယ်လို့ သတင်းရင်းမြစ်တွေဆီကသိရပါတယ်။

” လူထိခိုက်တာမျိုးတော့မရှိဘူး။ ဂန့်ဂေါဘက်ကနေ စစ်ကြောင်းလာတယ်ဆိုကတည်းက ရွာကလူတွေကရှောင်နေကြတာ” လို့ ချင်းပြည်နယ်က တော်လှန်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။

ဂန့်ဂေါမြို့ကနေ ဟားခါးဘက်ကို ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ CNA ၊ CDF ပူးပေါင်းတပ်တို့ မေလ ၁ ရက်နေ့ မနက်ပိုင်း ဗန်တလန်ကျေးရွာနားတိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီတပ်ကအထိနာတဲ့အတွက် လေကြောင်းတိုက်ခိုက်မူပြုလုပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ 

အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီစစ်သားနှစ်ဆယ်ဝန်းကျင်သေဆုံးပြီး သေနတ်ကိုးလက်အပါအဝင် လက်နက်ခံယမ်းနဲ့ဖုန်းတွေကို ကာကွယ်ရေးပူးပေါင်းတပ်က သိမ်းဆည်းရမိခဲ့တယ်လို့သိရပါတယ်။

” အိမ်ဆယ့်ငါးလုံးပျက်တာတော်သေးတယ်လို့တောင်ပြောရမလိုပဲ။ ညနေပိုင်းအထိတဂျိန်းဂျိန်းကြဲနေတာ” လို့ ချင်းပြည်နယ်စပ် ယောဒေသက တော်လှန်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။ 

စစ်ကောင်စီဟာ အဲဲဒီနေ့က ဗန်တလန်ကျေးရွာအပြင် ကာကွယ်ရေးပူးပေါင်းတပ်တွေရှိမယ်ထင်တဲ့ တောတောင်ထဲတွေပါ ဗုံးကြဲမူပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီဟာ မြေပြင်တိုက်ပွဲမှာရှုံးနိမ့်နေတဲ့တွက် ချင်းပြည်နယ်က အရပ်သားနေထိုင်ရာနေရာတွေကို ဗုံးကြဲတိုက်ခိုက်မူတွေပြုလုပ်နေတာပါ။ ဒါ့ကြောင့်ဧပြီလအတွင်း တီးတိန်မြို့နယ် CNA တပ်မဟာ ၄ စခန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့သလို စစ်ရေးပစ်မှတ်တွေမဟုတ်တဲ့ ဖလမ်းမြို့နယ် ဝေဘူလမြို့၊ ထန်တလန်မြို့နယ် တလန်လိုရွာနဲ့မင်းတပ်မြို့နယ် ၊ပန်းဝါကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်ကျော်အတွင်း ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ (၂၀၀) ဝန်းကျင်ရှိနေပြီး ဗုံးအလုံးရေ ၃၅၀ ကျော် ရှိခဲ့တယ်လို့ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)ကထုတ်ပြန်ထားပါတယ်။

 အဲဒီတိုက်ခိုက်မှုတွေကြောင့် ဒေသကာကွယ်ရေးတပ်သားတွေအပါအဝင် အရပ်သား ပြည်သူ ၄၀ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီရဲ့ဗုံးကြဲတိုက်ခိုက်မူကြောင့် ဧပြီလအတွင်း ချင်းပြည်နယ်က ပြည်သူ ၂၁ ဦးသေဆုံးပြီး ၄၀ ကျော်ဒဏ်ရာရရှိကာ ဘုရားကျောင်းအပါအဝင်နေအိမ် ငါးဆယ်ဝန်းပျက်စီးခဲ့တယ်လို့လည်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့၂၀၂၁ခုနှစ်၊ဖေဖော်ဝါရီလကနေ ၂၀၂၃ခုနှစ်၊ဖေဖော်ဝါရီလ၂၈အထိ တနိုင်ငံလုံးမှာ အိမ်ခြေ ခြောက်သောင်းကျော်မီးရှို့ခံရပြီးချင်းပြည်နယ်က၁၅၀၀နီးပါးပါဝင်ပါတယါ။

ဒါ့အပြင်စစ်အာဏာသိမ်းလွန်ကာ စစ်ရှောင်စုစုပေါင်း ၂, ၆၉၄, ၅၆၇ ဦးအထိရှိလာပြီး ချင်းပြည်နယ်မှာစစ်ရှောင် တသိန်းကျော်အထိရှိနေပါတယ်။

တနိုင်ငံလုံးမှာ စစ်အုပ်ချုပ်ရေးမြို့ ၄၇ မြို့ရှိပြီး ချင်းပြည်နယ်မှာမြို့နယ် ကိုးမြို့နယ်အနက် ရခိုင်ပြည်နယ်နဲ့ဆက်စပ်နေတဲ့ ပလက်ဝမြို့နယ်က လွဲရင်ကျန်ရှစ်မြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားတာပါ။

Photo The Chin Journal