ညောင်ခါးရှည် ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် ဒေသခံနှစ်ဆယ်ဝန်းကျင် ဖမ်းဆီးခံရ

မေ၊ ၁

ပဲခူးတိုင်း၊ဝေါမြို့နယ်က ညောင်ခါးရှည်ရဲစခန်းနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွေတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ကြောင့် ဖမ်းဆီးခံထားရသူတွေထဲက (၁၅) ဦးလောက်ဒီကနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

“ ဖမ်းခံရတဲ့သူတွေက ၂၀ ကျော်တယ်၊ အားလုံးပေါ့နော်၊ အခု ပြန်လွှတ်လိုက်တာ၊ ၅ ဦးလောက်ရှိတယ်၊ ကျန်တဲ့သူတွေက စစ်ကြောရေးမှာ စစ်ဆေးနေတုန်းပဲ၊ သံယရှိလို့ ခေါ်သွားတာ၊ အားလုံးက သာမန် အရပ်သားတွေပါ၊ဟုတ်၊ မဟုတ်ဆိုတာ အုပ်ချုပ်ရေးအဖွဲ့တွေက အသိဆုံးပါပဲ” ညောင်ခါးရှည်ဒေသ ခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၇ ရက် ည ၇ နာရီခန့်မှာ ဝေါမြို့ နယ်(ပကဖ)နဲ့ ပဲခူးခရိုင်တပ်ရင်း(၃၇၀၁)ပူးပေါင်းအ ဖွဲ့တွေက နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ်နဲ့ ညောင်ခါးရှည် ရဲစခန်းကို ဝင်ရောက်ခိုက်ခဲ့ပြီးနောက် တဆက်တည်းမှာပဲ ညောင်ခါးရှည်ကျေးရွာ အုပ်ချုပ် ရေးမှူးရုံးကို ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်  ဧပြီ ၂၈ ရက်မှာ စစ်ကောင်စီလက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေက ရပ်ကွက် အတွင်းမှာ ရှိတဲ့ ဒေသခံတွေနဲ့ အနီးအနားကျေးရွာက ဒေသခံတွေကို ဖောက်ခွဲမှုမှာ ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ပြည်သူ ၂၀ ဦး ထက်မနည်းကို ဖမ်းဆီးသွားတာလို့ ဒေသခံတဦးက ပြောပါတယ်။

“ မနက်ကျတော့ ရွာထဲဝင်လာတယ်၊ တရွာတည်းမဟုတ်ဘူး၊ ရွာနီးနားကရောပဲ လိုက်စစ်ဆေးတယ်၊ မေးမြန်းတယ်၊ ပြီးတော့ ဘယ်သူက တိုင်ထားတယ်၊ သူက ပါတယ်၊ မင်းလိုက်ခဲ့ပေါ့၊ အဲလိုနဲ့ ဖမ်းခံရတာ ၂၀ ကျော်တယ်အကို၊ အဓိက ရွာခံတွေများတယ်၊ ကျိုက်ထိုအစပ်နားက ရွာခံတွေလည်း ပါတယ်၊ ကျောင်းဆရာ တဦး ပါတယ်၊ NON CDM သူက၊ တချို့ဆို နှစ်ကြိမ်၊ သုံးကြိမ်လောက်ဖမ်းခံဖူးတဲ့ သူတွေလည်း ပါသွားတယ်” လို့ သူကပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ညောင်ခါးရှည်ကျေးရွာကကိုတင်သိန်းဦး(ကျောင်းဆရာ)၊ ကိုပိုင်စိုး၊ ကိုစိုးဝင်း၊ ကိုမောင်ထိုက်၊ မနန်းထိုက်၊ ကိုသက်နိုင်ဦးတို့အပြင် ရှမ်းကိုင်းရွာခံတွေနဲ့ ကျိုက်ထိုမြို့နယ်ဘက်ခြမ်းက မုက္ခမူကျေးရွာနဲ့ စွပ္ပနူးကျေးရွာသား ၇ ဦးထက်မနည်း လည်း ပါဝင်တယ်ဆိုပါတယ်။

အဲဒီနောက် ဖမ်းဆီးခံရတဲ့သူတွေကို ဝေါမြို့မရဲစ ခန်းမှာ စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးနောက် ငါးဦးကို ပြန်လွှတ်ပေးခဲ့ကာ ကျန်တဲ့သူတွေကို ဘုရားကြီးစစ်ကြောရေးစခန်းကို  ပို့လိုက်တယ်လို့ ဆိုပါတယ်။

 “ စိုးရိမ်တာပေါ့၊ သူတို့မိသားစုတွေက ရဲစခန်းကို သွားမေးတော့လည်း စစ်ဆေးပြီးရင် ပြန်လွှတ်ပေးမယ်ပဲပြောတယ်၊ သူတို့မှာ ဘာအပြစ်မှ မရှိတာ ဒီအချိန်လောက်ဆို ပြန်လွတ်သင့်ပြီထင်တယ်”လို့ ဖမ်းဆီးခံရသူမိသားစုဝင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ညောင်ခါးရှည်ရဲစခန်းတိုက်ခိုက်ခံရတဲ့အချိန်ဟာစစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တွေ တန်းစီနေကြတဲ့အချိန်ဖြစ်ပြီး အဲဒီတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် တဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဝေါမြို့နယ်(ပ.က.ဖ)က ဆိုပါတယ်။

ညောင်ခါးရှည်ရဲစခန်းတိုက်ခိုက်ခံရပြီးနောက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ကျေးရွာအဝင်အ ထွက်လမ်းပိုင်းတွေမှာ ကင်းပုန်းဝပ်ကာ လုံခြုံရေးတင်းကြပ်ထားပြီး တချို့နေရာတွေမှာ ပိတ်ဆို့ရှာဖွေစစ်ဆေးမှုတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ ဆိုပါတယ်။