ဧပြီ၊ ၂၉
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်မဖြစ်ကျေးရွာအုပ်စု မလန်းယန်ကျေးရွာကို စစ်ကောင်စီက ဒီကနေ့ ဧပြီ ၂၉ ရက်မနက်ပိုင်းမှာ ဝင်ရောက်စီးနင်းခဲ့ပြီး ရွာသား ၂၁ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
“ မလန်းယန်ဘုန်းကြီးကျောင်းနားက ကျောက်မျက်ကုမ္ပဏီခွဲဟောင်းထဲမှာ ဒေသခံ၂၁ ဦးကို ဖမ်းဆီးထားတယ်၊ စစ်ကောင်စီတပ်သားအယောက် (၄၀)လောက်က အခုမူးယစ်သောက်စားနေကြတယ်လို့ သတင်းရတယ်၊ ညကို ဘာတွေဖြစ်မလဲလို့ ဒေသခံတွေ စိုးရိမ်နေကြရတယ် ” လို့ ဖားကန့်ဒေသခံတဦးက DNA ကို ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ လူငယ်ပိုင်းနဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတွေဖြစ်ကြပြီး ဖမ်းဆီခံရသူတွေရဲ့ အသေးစိတ်အချက်လက်ကိုတော့ DNA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ကချင်သတင်းမီဒီယာတခုဖြစ်တဲ့ Kachin News Group (KNG)ကတော့ စစ်ကောင်စီဟာ ဒီကနေ့မနက်ပိုင်းမှာ သေနတ်တွေပစ်ဖောက်ကာ မလန်းယန်ရွာထဲ ဝင်ရောက်လာပြီး ဒေသခံတွေကို စာသင်ကျောင်းထဲ ဖမ်းဆီးထားသလို ရွာထဲမှာလည်း ကင်းပုန်းတွေချထားတယ်လို့ ဖော်ပြထားပါတယ်။
“ ရွာက ဥရုချောင်းရဲ့တောင်ဘက်မြောက်ဘက်ခွဲတာ အခုက တောင်ခြမ်းကို ဝင်နေတာ၊ ဒီကလူတွေက တောင်ဝင်ရင်မြောက်ကိုသွားရှောင်ပီး မြောက်ကဝင်ရင် တောင်ကို ရှောင်ကြရတယ် ” လို့ ဖားကန့်ဒေသခံက ပြောပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းခဲ့တဲ့ မလန်းယန်ရွာက ဒေသခံတွေအနေနဲ့ လုံးခင်းအုပ်စုမြောက်ခြမ်းမှာ တိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီတပ်တွေအနေနဲ့ ဒီကနေ့မနက်ပိုင်းက ဖမ်းဆီးသွားတဲ့ ဒေသခံတွေကို မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲအထိ ပြန်လွှတ်ပေးတာမရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဖားကန့်မြို့နယ် မှော်ဘုံရွာကိုလည်း ဧပြီ ၂၁ ရက်က ဝင်ရောက်စီးနင်းကာ ဒေသခံနှစ်ရာကျော်ကို ဖမ်းဆီးခဲ့ပါသေးတယ်။ အဲ့ဒီနောက် နှစ်ရက်အကြာမှာ ဖမ်းဆီးခံရသူတွေထဲက ၅၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန်တဲ့ဖမ်းဆီးခံပြည်သူတွေရဲ့ အခြေအနေကိုတော့ ဒီကနေ့အထိ မသိရသေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ဧပြီ ၂၆ ရက်ကလည်း မဇွပ်ယန်နဲ့ ဆန်ခါရွာတွေက ဒေသခံ တရာဝန်းကျင်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပါတယ်။
စစ်ကောင်စီတပ်က အခုလို ကျေးရွာတွေကို ဘာကြောင့် ဝင်ရောက်စီးနင်းပြီး ဒေသခံအများအပြားဖမ်းခေါ်သွားတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိကြရပါဘူး။ ဖားကန့်ဒေသခံတွေကတော့ စစ်ကောင်စီအနေနဲ့ ဒေသခံတွေကိုဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြုတာတွေ အခုနှစ်ထဲမှာ ပိုမိုလုပ်ဆောင်လာတယ်လို့ ပြောကြပါတယ်။
“ ဒီလိုလုပ်ရပ်တွေက လုံးဝမလုပ်သင့်ဘူး၊ ရွာသားတွေက သူ့ဘာသာနေကြတာ၊ သူတို့လုပ်ပုံတွေက စနစ်မကျဘူး၊ ဝါးလုံးရှည်နဲ့ရမ်းပြီး မြင်တာနဲ့ ထုထောင်းပြီး သေနတ်ဒင်နဲ့ရိုက်တာ ဖြေရှင်းချိန်မရှိဘူး၊ ဒါတွေမလုပ်စေချင်ဘူး “ လို့ ဖားကန့်ဒေသခံက ပြောပါတယ်။
ဓာတ်ပုံ – KNG
ပုံစာ – ဧပြီ ၂၁ ရက်မှာ စစ်ကောင်စီက မှော်ဘုံရွာကို ဝင်ရောက်စီးနင်းကာ ဒေသခံနှစ်ရာကျော်ကို ဖမ်းဆီးထားစဥ်