လူသားဒိုင်းအဖြစ် စစ်တပ်ကဖမ်းသွားတဲ့ ဖားကန့်ဒေသခံတွေပြန်လွတ်လာ

ကချင်ပြည်နယ် ဖားကန့်မြို့ လုံးခင်းကျေးရွာအုပ်စုအတွင်း စစ်တပ်စစ်ကြောင်းထိုးလာချိန်မှာ ဖမ်းဆီးခံရပြီး လူသားဒိုင်းအဖြစ်အသုံးချခံခဲ့ရတဲ့ ဒေသခံတွေ ဒီကနေ့ ဒီဇင်ဘာ(၈)ရက်မနက်ပိုင်းမှာ ပြန်လွတ်လာတယ်လို့ ဒေသ သတင်းရင်းမြစ်တွေဆီကသိရပါတယ်။

“သူတို့ စစ်တပ်တွေလည်း စစ်ကြောင်း ထိုးနေတဲ့အချိန်နဲ့ အဲ့ပြည်သူတွေလည်း လမ်းမှာ ဖြတ်သွားတဲ့အချိန် တိုက်နေတော့ စစ်တပ်က အဲ့မှာ တွေ့တဲ့လူတွေကို ဖမ်းခေါ်သွားတာ”လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။

စစ်တပ်က ဒေသခံ နှစ်ဆယ်ဦးလောက်ကိုဖမ်းဆီးခဲ့တာဖြစ်ပြီး သုံးဦးက ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင် မနေ့က ခြောက်ဦးပြန်လွှတ်ပေးခဲ့ပြီး ကျန်ရှိနေတဲ့ (၁၁)ဦးကိုမှော်ဘုံကျေးရွာ ဘုန်းကြီးကျောင်းအတွင်း ထိန်းသိမ်းထားရာက ဒီကနေ့ပြန်လွှတ်လိုက်တာလို့သိရပါတယ်။

ဖမ်းဆီးခံရသူတွေကို စစ်တပ်က ပြန်လွှတ်ပေးလိုက်ပေမယ့် စတင်ဖမ်းဆီးချိန်မှာသိမ်းယူသွားတဲ့ ဖုန်းတွေနဲ့ တခြားပစ္စည်းတွေကိုတော့ပြန်ပေးလိုက်တာမရှိဘူးလို့ DNA နဲ့အဆက်အသွယ်ရတဲ့ ဒေသခံကပြောပါတယ်။

မှော်ဘုံကျေးရွာအနီး ဘုန်းကြီးကျောင်းမှာလက်ရှိအထိ စစ်ကောင်စီတပ်တွေ ရှိနေသေးပြီး ဒီဇင်ဘာ (၆)ရက်ညပိုင်းက အင်အားထပ်ဖြည့်ရောက်ရှိနေတာဖြစ်တယ်လို့ ဒေသခံက ဆိုပါတယ်။

 စစ်တပ်ဟာဒီဇင်ဘာ (၇)ရက်ကလည်း မှော်စီဆာ  ရှမ်းဘုန်းကြီးကျောင်းက စစ်ရှောင်စခန်းကို ဝင်ရောက် စစ်ဆေးခဲ့ပြီး စစ်ဆေးချိန်မှာ အမျိုးသားတွေကို  ဒူးထောက် လက်မြောက်ခိုင်းကာ စစ်ဆေးမေးမြန်းတာတွေလုပ်ခဲ့တယ်လို့ဆိုပါတယ်။

လတ်တလော ဖားကန့်မြို့ မှော်ဘုံကျေးရွာအနီးမှာ စစ်တပ်နဲ့ KIA တပ်တွေ တိုက်ပွဲ ဖြစ်နေပြီး လက်မက်ကြီး ပစ်ခတ်မှုတွေလည်း ညစဥ်ရှိတာကြောင့်အဲ့ဒီရွာခံတွေနဲ့ အနီးပတ်ဝန်းကျင်ကဒေသခံတွေ တိမ်းရှောင်နေကြရတာပါ။

“သူတို့က တောမှာ ပစ်ခတ်ကြတာဆိုတော့ သေဆုံးမှုက အတိအကျမရဘူး၊ ဒါပေမဲ့ ရွာသားတွေ ပြောလာတော့ စစ်ကောင်စီအလောင်း နှစ်လောင်းသုံးလောင်းတော့တွေတယ်လို့ အကြောင်းကြားလာတယ်၊ မှော်ဘုံမှာက ဒေသခံပြည်သူအများပိုင်း မရှိကြတော့ဘူး”လို့ ဒေသခံတဦးကပြောပါတယ်။