မြန်မာ၊ သီရိလင်္ကာက တရုတ်ရေဒါစခန်းတွေအကြောင်း ယုံတမ်းစကားတွေနဲ့ အိန္ဒိယရဲ့ ပူပန်သောကများ

ဧပြီ၊ ၂၉

တရုတ်နဲ့ အမေရိကန်ရယ်၊ အဲဒီ နှစ်နိုင်ငံရဲ့ ကိုယ်စီကိုယ်စီ နီးစပ်တဲ့ မဟာမိတ်တွေရယ်ကြား အားပြိုင်မှုတွေနဲ့အတူ အိန္ဒိယ သမုဒ္ဒရာရဲ့ မဟာဗျူဟာအရ အချက်အခြာကျတဲ့ နေရာတွေမှာ စစ်အင်အား အပြိုင် ဖြန့်ကျက်မှုတွေကလည်း မြင့်တက်လာပါတယ်။ အဲဒီ အခြေအနေကြောင့် မဟာဗျူဟာ အချက်အခြာကျတဲ့ ရေလမ်းကြောင်း တလျှောက်မှာ ရှိနေတဲ့ နိုင်ငံငယ်လေးတွေအပေါ် ဧရာမ ဖိအားတွေ ဖြစ်ပေါ်လာစေပါတယ်။ နိုင်ငံငယ်တွေ အနေနဲ့ ဆုံးဖြတ်ချက်တိုင်း၊ ရွေးချယ်မှုတိုင်းမှာ သတိကြီးကြီး ထားနေရပြီး အခန့်မသင့်ရင် ကမ္ဘာ့ စူပါပါဝါ အားပြိုင်မှု အသစ်တွေမှာ အချိန်မရွေး ကြားညပ်သွားနိုင်ပါတယ်။

ကံအကြောင်းမလှစွာနဲ့ပဲ နိုင်ငံငယ်လေးတွေဟာ လုံခြုံရေး အစီအမံတွေ၊ မဟာဗျူဟာ အခင်းအကျင်းတွေနဲ့ ပတ်သက်ရင် ပြည့်ပြည့်စုံစုံ နားလည်နိုင်စွမ်း အားနည်းတတ်ကြပါတယ်။ အကျိုးဆက် အနေနဲ့ သူတို့ဟာ စူပါပါဝါ ကစားပွဲမှာ နိုင်ငံကြီး တခုခုက စိုးရိမ်စရာ အခြေအနေမျိုး လုပ်မိအောင် လှည့်စားခံရတာမျိုး ကြုံသွားတတ်ပါတယ်။ အဲဒီအခါ ဒေသတွင်း နိုင်ငံငယ်တွေဟာ စူပါပါဝါ လှုပ်ရှားမှု အရွေ့တွေမှာ ဟန်ချက်ညီညီ ရွေ့လျားနိုင်အောင် ကြိုးစားရင်းနဲ့ပဲ တကယ်တမ်းကျတော့ အဓိက နိုင်ငံကြီးတွေကြားမှာ ရုန်းရကန်ရတဲ့ ပြဿနာတွေ ဖြစ်ပေါ်လာပါတယ်။

တရုတ်က ငွေကြေး ထောက်ပံ့ထားတဲ့၊ ဒါမှမဟုတ် ကိုယ်တိုင် တာဝန်ယူ လည်ပတ်နေတဲ့ ရေဒါ စခန်းတွေဟာ မြန်မာနဲ့ သီရိလင်္ကာ နိုင်ငံမှာ တည်ရှိနေကြောင်း အိန္ဒိယ မီဒီယာတွေက ဖော်ပြခဲ့တဲ့နောက် အိန္ဒိယဖက်က တုံ့ပြန်လာတဲ့ လုံခြုံရေး အစီအမံ၊ အခင်းအကျင်းတွေဟာ အဲဒီ သဘောတရားကို လက်တွေ့ပြသဖို့ သိပ်ကို ကောင်းမွန်တဲ့ ဥပမာတခု ဖြစ်မှာပါ။

အမေရိကန် အစိုးရနဲ့ နီးနီးကပ်ကပ် လက်တွဲ အလုပ်လုပ်နေတဲ့ နည်းပညာ ကုမ္ပဏီကြီး Maxarက မြန်မာပိုင် ကိုကိုးကျွန်းစုရဲ့ ကိုကိုးကျွန်းကြီးမှာ အဆောက်အအုံသစ်တွေ တည်ဆောက်တဲ့ လှုပ်ရှားမှုတွေ တွေ့နေရကြောင်း ဂြိုဟ်တုက ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ကိုးကား ဖော်ပြခဲ့ပါတယ်။ အဲဒီ ဓာတ်ပုံတွေမှာတော့ လေယာဉ်ရုံ နှစ်ခု၊ လူနေ အဆောက်အအုံ အသစ်တခု၊ နောက်ပြီးတော့ အဆောက်အအုံ အသစ်တွေ ထပ်ဆောက်ဖို့ ရှင်းလင်းထားတဲ့ မြေနေရာသစ်တွေကို တွေ့ရပါတယ်။

Chatham House Damien Symonနဲ့ John Pollockတို့အတွက် ပြုစုထားတဲ့ အစီရင်ခံစာ တစောင်မှာတော့ မြန်မာရဲ့ ကိုကိုးကျွန်းကို အခြေပြုပြီး တရုတ်က အိန္ဒိယ ရေတပ် လှုပ်ရှားမှုတွေကို ထောက်လှမ်း စောင့်ကြည့်မှာကို အိန္ဒိယ အစိုးရက အစဉ်တစိုက် တွေးပူနေခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ကိုကိုကျွန်းရဲ့ လက်ရှိ အပြောင်းအလဲတွေနဲ့ ပတ်သက်ရင် လက်တွေ့ သက်သေပြနိုင်တာထက် ခန့်မှန်း သီအိုရီတွေရဲ့ လွှမ်းမိုးမှုက ပိုအားကောင်းနေကြောင်း၊ အဲဒီ ခန့်မှန်း သီအိုရီတွေကို ငြင်းပယ်ဖို့ အားထုတ်မှုတွေ ရှိနေတဲ့တိုင် ကိုကိုးကျွန်းမှာ မြန်မာရဲ့ စစ်အင်အား ချဲ့ထွင် ဖြန့်ကျက်မှုရဲ့ နောက်ကွယ်မှာ တရုတ် ရှိနေလိမ့်မယ်လို့ ယူဆစရာတွေ ဖြစ်နေကြောင်း အစီရင်ခံစာက ဆိုပါတယ်။

အိန္ဒိယ နေ့စဉ်ထုတ် The Hindu သတင်းစာက နာမည် မဖော်လိုတဲ့ လုံခြုံရေး သတင်းရင်းမြစ် တဦးကို ကိုးကားပြီး ကိုကိုးကျွန်းက ဆောက်လုပ်မှု လုပ်ငန်းခွင် အသစ် တခုလုံးဟာ တရုတ်ရဲ့ လက်ရာလို့ ယုံကြည်ရကြောင်း ဖော်ပြပါတယ်။ ပြီးတော့ အဲဒီ စစ်ရေးဌာန အဆောက်အအုံတွေဟာ တချိန်ချိန် လိုအပ်လာတာနဲ့ တရုတ်က အဆင်သင့် အသုံးပြုဖို့ လျာထားတာ ဖြစ်နိုင်တယ်လို့လည်း The Hinduက သတိပေးထားပါတယ်။

 တခြား အိန္ဒိယ မီဒီယာတွေကလည်း ထောက်လှမ်းရေး သတင်းရင်းမြစ်တွေရဲ့ ခန့်မှန်းချက်တွေကို ကိုးကားပြီး သီရိလင်္ကာ နိုင်ငံ တောင်ပိုင်းမှာ ရေဒါစခန်းတခု ဆောက်လုပ်ဖို့ တရုတ်က စီစဉ်နေကြောင်း ဖော်ပြနေကြပါတယ်။ အဆိုပြုထားဆဲ အဆင့်မှာသာ ရှိသေးတဲ့ အဲဒီ ရေဒါစခန်းသာ လက်တွေ့ အထမြောက် အောင်မြင်ခဲ့မယ်ဆိုရင် ဒေသတွင်းမှာ လှုပ်ရှားသွားလာနေတဲ့ အိန္ဒိယ ရေတပ်ရဲ့ စစ်ဆင်ရေး လှုပ်ရှားမှုတိုင်းကို တရုတ်က ထိထိရောက်ရောက် ခြေရာခံ စောင့်ကြည့်နိုင်လိမ့်မယ်လို့ Economic Times သတင်းစာက သုံးသပ် ရေးသားခဲ့ပါတယ်။ ဒါ့အပြင် အိန္ဒိယ တောင်ပိုင်းက မဟာဗျူဟာ အချက်အခြာ နေရာတွေကိုပါ တရုတ်ရဲ့ ထောက်လှမ်းရေး ရေဒါ ကွန်ရက်က လက်လှမ်းမီနေပြီး အဲဒီမှာ ကူဒန်ကူလမ်နဲ့ ကယ်လ်ပက်ကမ် နျူကလီးယား စွမ်းအင် စက်ရုံတွေပါ အကျုံးဝင်လိမ့်မယ်လို့ Economic Timesက ဆိုတယ်။ နောက်ပြီး အိန္ဒိယ သမုဒ္ဒရာ အလယ်ခေါင်က ဒီယေဂို ဂါစီယာ ကျွန်းငယ်လေး တဝိုက်မှာ အမေရိကန် ရေတပ်ရဲ့ လှုပ်ရှားနေမှုတွေကိုပါ ခြေရာခံနိုင်စွမ်း ရှိလိမ့်မယ်လို့လည်း သတင်းစာက မှတ်ချက်ပေးထားပါတယ်။ အဲဒီကျွန်းဟာ အမေရိကန်ရဲ့ မဟာမိတ် ဗြိတိန်က ပိုင်ဆိုင်တဲ့ ကမ်းဝေး ကိုလိုနီ နယ်မြေတခုဖြစ်ပြီး စစ်အခြေစိုက် စခန်းတခု တည်ဆောက်ထားပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း မြန်မာနဲ့ သီရိလင်္ကာ နိုင်ငံတွေအတွင်း တရုတ်ရဲ့ စိမ့်ဝင် ဖြန့်ကျက်မှုဟာ အငြင်းပွားစရာတွေ၊ လက်ဆုပ်လက်ကိုင် ပြဖို့ခက်တဲ့ ထင်ကြေးတွေ၊ ပထဝီဝင် နိုင်ငံရေးဆိုင်ရာ အရှုပ်အထွေးတွေနဲ့ ရောပြွန်းနေခဲ့ပါတယ်။ အိန္ဒိယက တရုတ်ဟာ အဲဒီ နှစ်နိုင်ငံကို မဟာဗျူဟာ အခင်းအကျင်းတွေအရ အပိုင်ပေါင်းထားတယ်လို့ ယူဆနေပြီး အိန္ဒိယ မီဒီယာတွေကလည်း တရုတ်ဟာ အဲဒီနိုင်ငံတွေကို အသုံးချပြီး အိန္ဒိယက အမျိုးသား လုံခြုံရေးအတွက် အကြီးအကျယ် ခြိမ်းခြောက်မှုတွေ ယူဆောင်လာနိုင်တယ်ဆိုတဲ့ ထင်ကြေး ဆောင်းပါးတွေ ရာနဲ့ချီ ရေးသားခဲ့ကြပြီးပါပြီ။

၁၉၈၀ ပြည့်လွန်နှစ်တွေကစလို့ မြန်မာ စစ်ဗိုလ်ချုပ်တွေနဲ့ တရုတ်နိုင်ငံကြား ဆက်ဆံရေး နွေးထွေးလာခြင်းနဲ့အတူ မြန်မာဟာ နယ်ချဲ့ဝါဒီ တရုတ်ရဲ့ ရှေ့ပြေး၊ ဒါမှမဟုတ် မိတ်ဖက် နိုင်ငံတခုအဖြစ် အသုံးတော်ခံလာလိမ့်မယ် ဆိုတာမျိုး သုံးသပ် ပြောဆိုမှုတွေ ထွက်ပေါ်လာပါတယ်။ ဒီလို ခန့်မှန်းကြရာမှာ အဓိက အကြောင်းရင်း နှစ်ချက် ရှိပါတယ်။ ပထမ တချက်ကတော့ မြန်မာ စစ်ခေါင်းဆောင်တွေကို တရုတ်က စစ်လက်နက်တွေ ရောင်းချမှု တရိပ်ရိပ် တိုးပွားလာခဲ့ခြင်းပါ။ ဒုတိယ အချက်ကတော့ မီဒီယာတွေ၊ ပညာရှင်တွေနဲ့ စာအုပ်တွေက အကြိမ်ကြိမ် ညွှန်းဆိုခဲ့ဖူးတဲ့ ကိစ္စဖြစ်ပြီး မြန်မာနိုင်ငံမှာ တရုတ်ရဲ့ စစ်အခြေစိုက် စခန်းတွေ ဖွင့်လှစ်ထားပြီဆိုတဲ့ အယူအဆပါပဲ။

၁၉၉၂ ခုနှစ်၊ ဩဂုတ်လတုန်းက မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ကိုယ်စားလှယ် အဖွဲ့တခုဟာ နယူးဒေလီကို သွားရောက် တွေ့ဆုံ ဆွေးနွေးတဲ့အခါ အိန္ဒိယ အာဏာပိုင်တွေက မြန်မာပိုင်နက်ထဲက တရုတ် စစ်စခန်းတွေနဲ့ ပတ်သက်လို့ ပထမဆုံးအကြိမ် တရားဝင် မေးမြန်းခဲ့ပါတယ်။ အဲဒီကတည်းက အိန္ဒိယဟာ အခုကိစ္စနဲ့ ပတ်သက်လို့ စိတ်အစာမကျေ ဖြစ်နေတာကို ဖုံးဖိမထားခဲ့ကြောင်း၊ ပြီးတော့ တရုတ်က ထောက်ပံ့တဲ့ ပစ္စည်းတွေကို သုံးပြီး အိန္ဒိယ နယ်စပ်နားက ထိလွယ်ရှလွယ် ဧရိယာ တခုမှာ မြန်မာက ရေတပ် ထောက်လှမ်းရေး စခန်းတခု တည်ဆောက်နေတဲ့ ကိစ္စကို ခြေခြေမြစ်မြစ် စုံစမ်းထားကြောင်းပါ အသိပေးခဲ့ကြောင်း (အခုအခါ ကွယ်လွန်သွားပြီဖြစ်တဲ့) အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး(ဟောင်း) ဂျွိုင်တင်ဒရာ နက်သ် ဒစ်ဇစ်က ပြောခဲ့ပါတယ်။

နယူးဒေလီက ရာထူးကြီး ပုဂ္ဂိုလ် အဆက်ဆက်ကလည်း (များသောအားဖြင့် နာမည်ဖော်မပြကြဘဲ) အဲဒီ ထင်ကြေး အယူအဆကို လက်ဆင့်ကမ်းပြီး အကြိမ်ကြိမ် ပြောခဲ့ကြပြန်တယ်။ အချိန်ကာလ ကြာညောင်းလာတဲ့အခါ မြန်မာပိုင် ကျွန်းတွေမှာ တရုတ် စစ်အင်အားတွေ ဖြန့်ကျက်ထားတယ် ဆိုတာက ထင်ကြေးအဆင့် မဟုတ်တော့ဘဲ မှန်ကန်တဲ့ သတင်းအချက်အလက်လို ဖြစ်လာပါတယ်။

ဩစတြေးလျနိုင်ငံ၊ ဘရစ္စဘိန်း တက္ကသိုလ်မှာရှိတဲ့ Griffith Asia Instituteရဲ့ ဧည့်ပါမောက္ခ အန်ရူးဆဲ့လ်သ်ကတော့ ရနိုင်သမျှ သက်သေ အထောက်အထား အားလုံးကို ဆွဲယူပြီး ခြုံငုံ သုံးသပ်ကြည့်မယ်ဆိုရင် မြန်မာ့မြေပေါ်မှာ တရုတ် စစ်စခန်းတွေ ဖွင့်လှစ်ထားပါတယ်ဆိုတဲ့ ဟုတ်တိပတ်တိ သက်သေပြစရာ ဘာမှ မရှိဘူးလို့ ပြောပါတယ်။ ၂၀၀၅ ခုနှစ်မှာ အိန္ဒိယ ရေတပ် အကြီးအကဲ သေနာပတိ အာရွန် ပရာကက်ရှ်က ကိုကိုးကျွန်းစုတွေပေါ်မှာ တရုတ်ရဲ့ စစ်စခန်း၊ ရေဒါစခန်း၊ ထောက်လှမ်းရေး စခန်း လုံးဝ မရှိပါဘူး ဆိုတာကို အိန္ဒိယက ထောက်လှမ်းရေး အချက်အလက်တွေ ခိုင်ခိုင်မာမာ ရထားတယ်လို့ ထုတ်ပြောခဲ့ဖူးတာကိုလည်း သူက ထောက်ပြပါတယ်။

ဒါပေမဲ့လည်း အဲဒီ ပြောဆိုမှုတွေနဲ့ တန်ပြန် ထောက်ပြမှုတွေဟာ တရုတ် စစ်တပ်တွေ မြန်မာနိုင်ငံထဲမှာ ရှိနေတယ်ဆိုတဲ့ ယူဆမှုကို အားပျော့သွားဖို့ သိပ်ပြီး စွမ်းစွမ်းတမံ မလုပ်ဆောင်နိုင်သေးပါဘူး။

မြန်မာတင် မကဘဲ သီရိလင်္ကာမှာလည်း တရုတ် စစ်တပ်တွေ ဖြန့်ကျက်ထားတယ်ဆိုတဲ့ အယူအဆတွေက ရှိနေပြန်ပါတယ်။ ၂၀၂၁ နှစ်ကုန်ပိုင်းက အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာ တစောင်ထဲမှာ တရုတ်ဟာ သီရိလင်္ကာမှာ စစ်စခန်းတခု တည်ဆောက်နိုင်ဖို့ လိုလားနေဟန် ရှိတယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။

ဒီကြားထဲ မနှစ်တုန်းက တရုတ် သုတေသန ရေယာဉ် Yuan Wang 5ဟာ အိန္ဒိယ သမုဒ္ဒရာထဲမှာ တရုတ်က ထောက်လှမ်းရေး အချက်အလက်တွေ စုဆောင်းယူ နေမလားဆိုတဲ့ အိန္ဒိယနဲ့ အမေရိကန်တို့ရဲ့ စိုးရိမ်မှုကို မီးလောင်ရာ လေပင့် လုပ်ခဲ့ဖူးပါတယ်။ လောလောဆယ်မှာလည်း တရုတ်အနေနဲ့ သီရိလင်္ကာ တောင်ပိုင်းမှာ ရေဒါစခန်းတခု တည်ဆောက်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ ကိစ္စက သက်သေ အထောက်အထား ခိုင်ခိုင်မာမာ မရှိပေမယ့် အိန္ဒိယမှာ အတော့်ကို လူပြောများနေပါတယ်။

ဒါပေမဲ့ ဒီလို ဆွေးနွေး ပြောဆိုမှုတွေနဲ့ ပတ်သက်ရင် လေ့လာ စောင့်ကြည့်သူ အများစုဟာ မြန်မာနဲ့ သီရိလင်္ကာက ဖြစ်စဉ်တွေ၊ ပြီးတော့ သတင်းတွေရဲ့ ဖော်ပြချက်တွေအပေါ် ကြီးကြီးမားမား မှီခိုနေရပါတယ်။ ပြဿနာက သတင်းဖော်ပြချက် အများစုဟာ ခြွင်းချက် အနည်းအကျဉ်းလောက်ကလွဲရင် ယုံကြည် စိတ်ချရလောက်တဲ့ ရင်းမြစ်တွေဆီက ထွက်ပေါ်လာတာ မဟုတ်ဘဲ ထင်ကြေး​တွေ၊ ကောလာဟလတွေ၊ ယုတ်စွအဆုံး လုပ်ကြံဖန်တီးထားတဲ့ အချက်အလက်တွေတောင် ဖြစ်နေတတ်ပါတယ်။

ကံမကောင်းစွာနဲ့ပဲ အဲဒီလို စွပ်စွဲ ပြောဆိုချက်တွေကို အလွယ်တကူ လက်ခံနေကြပြီး တခြား ဆောင်းပါးတွေ၊ သုံးသပ်ချက်တွေက လက်ဆင့်ကမ်း ချဲ့ထွင် ဖော်ပြကုန်ကြတယ်။ ဆောင်းပါး တခုမှာဆို ကိုးကားထားတဲ့ ရင်းမြစ်အားလုံးဟာ တခြား စာရေးသူတွေရဲ့ သုံးသပ်ချက်တွေချည်း ဖြစ်နေပြီး ဆောင်းပါးနဲ့ ပတ်သက်လို့ ယုံကြည်စိတ်ချရမှု စံနှုန်းဟာ အတော်ကြီး အားပျော့နေတယ်လို့ကို ဆိုနိုင်ပါတယ်။

ဒေသတွင်း ပထဝီဝင် နိုင်ငံရေး အားပြိုင်မှုမှာ အဓိက မောင်းနှင်တဲ့ အင်အားစုကြီးတွေနဲ့ ချိတ်ဆက် ဆွေးနွေးမှုတွေ၊ အကျိုးစီးပွားဆိုင်ရာ ဆက်နွှယ်မှုတွေ မြှင့်တင်လာတဲ့တိုင် မြန်မာရော၊ သီရိလင်္ကာပါ၊ ယုတ်စွအဆုံး တရုတ်ကိုယ်တိုင်ပါ အခုလို စွပ်စွဲမှုတွေနဲ့ ပတ်သက်ရင် အားစိုက်ခွန်စိုက် ဖြေရှင်းတာမျိုး မရှိပါဘူး။ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ဖြေရှင်းချက် ထုတ်တာလောက်ပဲ လုပ်လေ့ရှိပြီး စီးပွားရေးဆိုင်ရာ သဘောတူညီမှုတွေ၊ ကာကွယ်ရေး ချိတ်ဆက် ဆောင်ရွက်မှုတွေနဲ့ လျော်ညီရုံလောက်ပဲ အသေးစိတ် အချက်အလက်တွေကို အနည်းအကျဉ်းလောက်ပဲ ထုတ်ပြန်လေ့ ရှိပါတယ်။ နောက်ပြီး ကိုယ်တိုင်က စိတ်မလုံခြုံ ဖြစ်နေသလို ပြည်တွင်းမှာ ဒီမိုကရေစီ ပြန်လည် လွှမ်းခြုံရေးအတွက် နိုင်ငံတကာ ကြားဝင် စွက်ဖက်လာမှာကို တွေးတော စိုးရိမ်နေတဲ့ မြန်မာ စစ်အာဏာရှင်တွေရဲ့ မဟာဗျူဟာ အတွေးအခေါ်က ဘယ်လိုရှိမလဲ ဆိုတာကိုလည်း လက်လှမ်းမီဖို့ ခက်လွန်းနေပါတယ်။

အဲဒီလို ပွင့်လင်းမြင်သာမှု ခေါင်းပါးနေတာကြောင့်လည်း လွန်ခဲ့တဲ့ ၁၅ နှစ်တာအတွင်းမှာ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်စေတဲ့ အမျိုးမျိုးသော သီအိုရီတွေ ထွက်ပေါ်လာခဲ့ပါတယ်။ မြန်မာ၊ သီရိလင်္ကာတို့နဲ့ ဆက်ဆံရေး သဘောသဘာဝကို သေချာ ရှင်းလင်းပြဖို့ဟာ ဒေသ လုံခြုံရေးနဲ့ ပတ်သက်လို့ ရှုပ်ထွေးလာနိုင်တဲ့ အလားအလာတွေကို ကိုင်တွယ်ရာမှာ အရေးကြီးတဲ့ တောင်းဆိုမှု တခု ဖြစ်လာပါတယ်။

မကြာသေးခင်က သူရေးသား ထုတ်ဝေခဲ့တဲ့ Teardrop Diplomacyဆိုတဲ့ စာအုပ်ထဲမှာ သီရိလင်္ကာ ပထဝီဝင် နိုင်ငံရေး သုတေသီ အဆန်ဂါ အဘီယာဂူနာဆက်ကီရာက အိန္ဒိယရဲ့ အိမ်နီးချင်း နိုင်ငံ တော်တော်များများဟာ သူတို့နဲ့ တရုတ်ကြားက ထိတွေ့ ဆက်ဆံမှုတွေကို တကမ္ဘာလုံး နားလည်သိရှိအောင် ထိထိရောက်ရောက်နဲ့ ပွင့်လင်းမြင်သာမှုရှိရှိ ထုတ်ပြဖို့ ပျက်ကွက်ခဲ့ကြကြောင်း ထောက်ပြပါတယ်။

သီရိလင်္ကာဟာ ပထဝီဝင် နိုင်ငံရေး မဟာဗျူဟာအရ တကယ့် အချက်အခြာ နေရာကောင်းမှာ ရှိနေပြီး ဘယ်လို အင်အားကြီး နိုင်ငံမဆို သီရိလင်္ကာမှာ စစ်ရေးအရ အခြေချချင်မှာပဲလို့လည်း သူက ဆိုတယ်။ ဒါပေမဲ့ သီရိလင်္ကာ ကိုယ်တိုင်ကတော့ နိုင်ငံတကာ အတွင်းကြိတ် အားပြိုင်မှုတွေမှာ ဝင်မပါချင်ခဲ့ပါဘူး။ ခက်တာက သီရိလင်္ကာ အစိုးရ အဆက်ဆက်ကလည်း သူတို့ရဲ့ နိုင်ငံခြားရေး မူဝါဒဟာ ဘက်မလိုက်ဘဲ ပီပီပြင်ပြင် ကြားနေချင်တာသာ ဖြစ်တယ် ဆိုတာကို တရုတ်၊ အိန္ဒိယနဲ့ အမေရိကန်တို့ ယုံကြည် လက်ခံလာအောင် မဆွဲဆောင်နိုင်ခဲ့ခြင်း ဖြစ်တယ်လို့လည်း အဘီယာဂူနာဆက်ကီရာက ပြောပါတယ်။

သီရိလင်္ကာ အစိုးရကတော့ ငွေကြေးအရ အကျိုးအမြတ် ရနိုင်ရေးကို မျှော်တွေးပြီး စူပါပါဝါ နိုင်ငံကြီးတွေနဲ့ ပရောဂျက်တွေ ရှေ့ဆက် လက်တွဲ လုပ်ဆောင်ဖို့ သဘောတူ လက်ခံပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီနိုင်ငံကြီးတွေနဲ့ ဆက်စပ်ပြီး နယ်စပ်လုံခြုံရေး ရှုူထောင့်ကနေ စဉ်းစားရမယ့် အပိုင်းတွေကိုတော့ သီရိလင်္ကာက နားမလည်သေးပါဘူး။ သီရိလင်္ကာ အနေနဲ့ သူတို့ဟာ တဖက်ဖက်ကို ရွေးပြီး ခြေစုံဝင်ရပ်မှာ မဟုတ်ဘူး ဆိုတာကို ရှိသမျှ ရင်းမြစ်အားလုံး အသုံးချပြီး အင်အားကြီး နိုင်ငံတွေ နားလည် လက်ခံအောင် ကြိုးစားသင့်နေပြီလို့လည်း သူက The Diplomatကို မှတ်ချက် ပေးသွားပါတယ်။

 

(The Diplomat သတင်းဌာန၏ India and the ‘Radar Stations’ in Myanmar and Sri Lanka ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)