စစ်ကောင်စီက ပိတ်ဆို့ထားလို့ ပုလောဒေသခံတွေဆန်နဲ့အခြေခံစားသောက်ကုန်တွေပြတ်လပ်

ဧပြီ၊ ၂၂

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီတိုင်း၊ပုလောမြို့နယ်အတွင်းမှာ စစ်ကောင်စီက ကန့်သတ် ပိတ်ဆို့ မှုတွေလုပ်နေလို့ ပလမြို့အပါအဝင် ကျေးရွာတွေမှာဆန်နဲ့ အခြေခံ စားသောက်ကုန်တွေပြတ်လပ်နေပြီး အခက် တွေ့နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပုလောမြို့နယ်ကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလကစပြီးစစ်အုပ်ချုပ်ရေးသတ်မှတ်ခဲ့ပြီးနောက်မြို့နယ်အဝင်အထွက် နေရာ တွေနဲ့ ကျေးရွာ လမ်းပိုင်းတွေမှာ စစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ်ခဲ့ပြီး   ဆန်အပါအဝင် အခြေခံ စားသောက်ကုန် တွေနဲ့ဆေးဝါးသယ်ယူခွင့်ကိုကန့်သတ်လိုက်တယ်လို့သိရပါတယ်။

အဲဒီလိုကန့်သတ်လိုက်တာကြောင့် ပုလောမြို့နယ်အတွင်းက မင်းထိန်၊ လက်ပံပင်၊ ကဗျာနဲ့ကဒဲစတဲ့ ကျေးရွာတွေ မှာဆန်နဲ့အခြေခံစားသောက်ကုန်တွေမဝင်နိုင်တော့ဘဲအခုလတတိယပတ်ကစပြီးစားနပ်ရိက္ခာပြတ်လပ်လာကြ တယ်လို့ ပုလောမြို့ခံတဦးကပြောပါတယ်။

 “ရွာမှာဆန်တွေပြတ်တာ နှစ်ပတ်ရှိတော့မယ်၊မြို့ကနေသယ်မရတော့ဘူး၊ဆန်တွေမဝင်လာတော့​ဖြစ်သလိုဝယ် စားရတဲ့သဘောဖြစ်နေတယ်၊စျေးတွေကအရင်ထက်နှစ်ဆလောက်တက်နေတယ်။ရွာမှာရိက္ခာတွေအကုန်ပြတ်တောက်ဖို့အခြေအနေရောက်နေပြီ” လို့ ဒေသခံအမျိုးသမီးတဦးကပြောပါတယ်။

လက်ရှိ ပုလောမြို့နယ်မှာ ပေါ်ဆန်မွှေးတအိတ်ကို ငွေတသိန်းကျပ်ကနေ တသိန်းခွဲကျပ်အထိ နဲ့ ဆန်ကြမ်း တအိတ်ကို ၇သောင်း ကျပ်ကနေ ၉သောင်း ကျပ်ဝန်းကျင်၊ အပြင်စားအုန်းဆီ တပိဿာ ကို တသောင်း ကျပ်ဝန်း ကျင်အထိစျေးမြင့်တက်နေတယ်လို့ အခြေခံစားသောက်ကုန်ရောင်းချသူတွေကဆိုပါတယ်။

 ဒါ့အပြင် စစ်ကောင်စီကပုလောမြို့ပေါ် ရပ်ကွက်တွေကလွဲပြီး ကျေးရွာတွေဘက်နဲ့ပလမြို့ဘက်ကို ဆန်၊ ဆေးဝါး တွေသာမက လောင်စာဆီသယ်ယူခွင့်ကို ကန့်သတ်ထားကာကုန်ပစ္စည်းသယ်ဆောင်သူတွေကို လည်းစစ်ဆေးမေး မြန်းတာ၊ဖမ်းဆီးတာတွေအထိလုပ်နေတယ်လို့ မင်းထိန်ကျေးရွာဒေသခံတဦးကဆိုပါတယ်။

“ဆန်တွေကမြို့ထဲကနေခိုးသယ်တာတွေတွေ့ရင်သိမ်းတယ်၊သယ်တဲ့သူတွေကိုပါတခါထဲဖမ်းတယ်၊ဆန်တွေမကဘူးဆေးဝါးတွေလောင်စာဆီတွေပါသယ်မရတဲ့အထိပိတ်ခံထားရတယ်” လို့သူကဆိုပါတယ်။

 ဒါ့အပြင် ပုလောမြို့နယ်ပလမြို့ခွဲမှာလည်း ဆန်ဝယ်ယူဖို့ရပ်ကျေးအုပ်ချုပ်ရေးမှူးထောက်ခံစာ၊ အိမ်ထောင်စု စာရင်း၊မှတ်ပုံတင်ပြသမှသာဝယ်ယူခွင့်ရှိကာ လူတစ်ယောက်ကို ဆန်နှစ်ဘူးသာဝယ်ယူနိုင်တယ်လို့ ဒေသခံ တွေကပြောပါတယ်။

စစ်ကောင်စီကအခုလိုဆန်နဲ့အခြေခံစားသောက်ကုန်တွေအပေါ်သယ်ယူခွင့်မပြုတာတွေကြောင့် ရပ်ရွာနေ လူထုအခက်တွေ့နေကြသလို တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေအနေနဲ့လည်း

စားနပ်ရိက္ခာရှားပါးတဲ့ပြဿာနဲ့ရင်ဆိုင်လာကြရတယ်လို့စစ်ရှောင်ကူညီရေးလုပ်ဆောင်သူတွေကပြောပါတယ်။

“အခုလိုဆန်နဲ့အခြေခံစားသောက်ကုန်တွေသယ်ဖို့လိုက်ပိတ်တာကစစ်ရှောင်တွေအတွက်လည်းရိက္ခာပြတ်တာပေါ့၊အခုဆို ဆန်တွေရဖို့ ခိုးသယ်ရတဲ့သဘောဖြစ်နေတယ်၊အဓိက တော့ စစ်ကောင်စီ အနေနဲ့ကျွန်တော်တို့ကို ဖြတ် လေးဖြတ်အနေအထားနဲ့ ပိတ်ပင်နေတဲ့သဘောပြောလို့ရတယ်၊ အခုစစ်ရှောင်တွေအတွက်ရိက္ခာတွေရသလောက် ထောက်ပံ့ပေးနေပါတယ်” လို့ ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ တာဝန်ရှိသူတဦး ကပြောပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့အခုနှစ်ဖေဖော်ဝါရီလကစပြီးပုလောမြို့နယ်မှာစစ်ကောင်စီတပ်နဲ့ ဒေသခံတော် လှန် ရေးအင်အား စုတွေကြားတိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ဖြတ်လေးဖြတ် ဗျူဟာသုံး လာတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောဆို ထားပါတယ်။

တိုက်ပွဲဒေသတွေမှာ ငွေကြေး၊ရိက္ခာ၊သတင်းအချက်အလက်ရနိုင်မှုနဲ့ တပ်သားသစ် စုဆောင်းနိုင်မှုတွေကို ဖြတ် တောက်ပစ်တဲ့ ဗျူဟာ ကို မြန်မာစစ်တပ်က နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့ပြီး လက်ရှိနွေဦးတော်လှန်ရေး ကာလ အတွင်းမှာလည်း လက်နက်ကိုင်ခုံတော်လှန်မှုအားကောင်းတဲ့ဒေသတွေကိုအဲ့ဒီဗျူဟာနဲ့တိုက်ခိုက်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေက ဆိုထားပါတယ်။

တနင်္သာရီတိုင်းအတွင်းမှာ အခုနှစ်မတ်လကုန်အထိ စစ်ဘေးရှောင်လေးသောင်းဝန်းကျင်ရှိနေပြီး ပုလောမြို့နယ် ထဲက စစ်ရှောင်စခန်းတွေမှာတော့ စစ်ဘေးရှောင်(၂၆၀၀)ကျော်ရှိနေတယ်လို့ ဒေါန-တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ရဲ့အချက်အလက်တွေအရသိရပါတယ်။

တိုက်ပွဲတွေကြောင့် စစ်ရှောင်ထွက်ပြေးလာတဲ့ ပုလောဒေသခံတချို့(ပုံဟောင်း)