ရေးမြို့နယ်မှာ အိမ်စီးကားတစီးပစ်ခတ်ခံရလို့ နှစ်ဦးဒဏ်ရာရ၊တဦးစိုးရိမ်ရ

ဧပြီ၊ ၁၀

 မွန်ပြည်နယ်၊ ရေးမြို့နယ်လိမ္မော်ခြံကျေးရွာအနီးက အဝေးပြေးကားလမ်းမပေါ်မှာ ဒီကနေ့မနက် ၁၁ နာရီဝန်း ကျင်က အိမ်စီးကားတစီး ပစ်ခတ်ခံရတာကြောင့် အရပ်သားနှစ်ဦးထိခိုက်ဒဏ်ရာရပြီး တဦး ဒဏ်ရာပြင်း ထန် တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဘုရားသုံးဆူမြို့ဘက်ကနေ ရေးမြို့နယ်ဘက်ကို မောင်းလာတဲ့ Vigo အိမ်စီးကားက လိမ္မော်ခြံရွာအနီးအရောက်မှာ ပစ်ခတ်တိုက်ခိုက်ခံရတာဖြစ်တယ်လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။

“မဖြစ်ဘူး၊ ဘာတိုက်ပွဲမှ မဖြစ်ဘူးနော်၊ အပစ်ခံရတာ၊ ပုံမှန်အတိုင်းပါပဲ၊ ဒီရက်ပိုင်းထဲ သွားလာနေကြတာ၊ ပစ်ခံ ရတဲ့ကားက သုံးဆူကနေ ရေးကို ဆင်းလာတာ၊ ကားပေါ်မှာ လူလေးယောက်ပါတယ်လို့ ပြောတယ်၊နှစ်ယောက်ထိ သွားတယ်၊ဘယ်သူက ပစ်လိုက်တာလဲတော့ မသိဘူး၊ ပစ်ခံရတဲ့သူတွေက လူလတ်ပိုင်းတွေပါ၊ကားပေါ်က အမျိုး သားတဦးက ဒဏ်ရာ ပြင်းထန်တယ်လို့ ပြောတယ်၊ အသက်အန္တရာယ်စိုးရိမ်နေတဲ့အခြေအနေပဲ” လို့ ဒေသခံက ပြောပါတယ်။

ပစ်ခတ်ခံရမှုကြောင့် ကားပေါ်မှာလိုက်ပါလာတဲ့ ဦးဖေသန်းက ဝဲဘက်ခါးနဲ့ ကြောပြင်ကျည်ဖောက်ဝင်ဒဏ်ရာ ရခဲ့ပြီး ဒေါ်မြမွန်ဆိုသူအမျိုးသမီးကတော့ ခြေထောက်တွေမှာ ကျည်ရှပ်ထိဒဏ်ရာ ရရှိခဲ့တာကြောင့် ရေးမြို့နယ် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

ပစ်ခတ်ခံရတဲ့ ကားပေါ်မှာလိုက်ပါလာသူတွေနဲ့ ဒဏ်ရာရသူတွေဟာ အရပ်သားတွေလို့ ဒေသခံတွေကပြောကြ ပေမယ့် အသေးစိတ်အချက်အလက်တွေကိုတော့မသိရသေးပါဘူး။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ DNA က ဆက်လက်မေးမြန်းစုံစမ်းနေပါတယ်။

ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဒေသတွင်းစစ်ရေးလှုပ်ရှားမှုရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ် ဘယ် ဘက်က ပစ်ခတ်တယ်ဆိုတာ ရှင်းရှင်းလင်းမသိရသေးသလို တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း တစုံတရာ ထုတ်ပြန်လာတာမရှိသေးပါဘူး။

နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကို DNAက ဖုန်းနဲ့ဆက်သွယ်မေးမြန်းရာမှာလည်း ဖုန်းလက်ခံ ဖြေကြားတာမရှိပါဘူး။

မော်လမြိင်-ရေးအဝေးပြေးကားလမ်းမပေါ်မှာ အရပ်သားကားတွေ မကြာခဏပစ်ခတ်တိုက်ခိုက်ခံနေရပြီး ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်ကလည်း ဘေးလမိုင်းနဲ့ အေးကမ္ဘာကျေးရွာအကြားမှာ အိမ်စီးကားတစီး ပစ်ခတ်ခံရ လို့ကားပေါ် ပါသူနှစ်ဦးထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

အခုလိုအရပ်သားကားတွေ မကြာခဏပစ်ခတ်ခံနေရတာကြောင့် ရေးမြို့ခံတွေအနေနဲ့ မော်လမြိုင်မြို့ပေါ်တက်ပြီး ဆေးကုသဖို့နဲ့ ကုန်ရောင်းကုန်ဝယ်လုပ်ရာမှာ ကားလမ်းကနေအသုံးပြုသွားလာဖို့ ကြောက်လန့်နေရတယ်လို့ ရေး မြို့ခံတဦးက ပြောပါတယ်။

“ကုန်ရောင်းကုန်ဝယ်လုပ်နေကြတဲ့သူတွေကလည်း ဒီလမ်းကိုပဲ အသုံးပြုသွားလာ နေကြတယ်၊ ရေး၊ ခေါဇာ၊ လ မိုင်းဘက်လူတွေက နောက်ပိုင်းမှာ သွားလာဖို့က ခက်ခဲလာမယ်ထင်တယ်” လို့ သူကပြောပါတယ်။ အခုလိုအရပ်သားကားတွေ ပစ်ခတ်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ တာဝန်ရှိအဖွဲ့အစည်းတွေအနေနဲ့ တာဝန်ယူမှု တာဝန်ခံမှု ရှိစေလိုတယ်လို့လည်း ဒေသခံတွေကပြောကြပါတယ်။  

ရေး-မော်လမြိင်အဝေးပြေးကားလမ်းမပေါ်မှာစစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ နှစ်ဘက် တိုက်ပွဲတွေ ကြောင့် အရပ်သားကားတွေ ကြားညပ်ပစ်ခတ်ခံရတာရှိသလို မှားယွင်းပစ်ခတ်ခံတဲ့ ဖြစ်စဉ်တွေလည်း ရှိတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

DNA က ပြုစုထားတဲ့ အချက်အလက်တွေအရ ရေးမြို့နယ်မှာ ဒီလိုမျိုးမှားယွင်းပစ်ခတ်မှုဖြစ်စဉ်တွေကြောင့် အရပ် သား ငါးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာတွေ ရသူ ဆယ်ဦးထက်မနည်းရှိနေပါတယ်။