ဧပြီ၊ ၉
ကလေး-ဂန့်ဂေါလမ်းပိုင်းအသုံးပြုမှုကိုပြီးခဲ့တဲ့မတ်လကနေစတင်ပြီးပိတ်ထားတာကြောင့် ချင်းပြည်နယ်မြောက်ပိုင်းကမြို့နယ်တွေမှာစက်သုံးဆီနဲ့ကုန်စိမ်းတွေပြတ်လပ်နေပြီလို့ ချင်းပြည်နယ်မြောက်ပိုင်းကဒေသခံတွေကဆိုပါတယ်။
“ကလေးဘက်ကနေတက်တဲ့ကားတွေမဝင်တော့တာ ။အခုလလယ်လောက်မှလမ်းပြန်မပွင့်ရင်ဆန်တွေပါပြတ်လာနိုင်တယ် ။ထမင်းတနပ်လျှော့စားရတော့ရုံပဲရှိတော့တာ ။စစ်ကောင်စီတပ်တွေကိုတော့ပြောစရာစကားလုံးကိုမရှိတော့ဘူးလို့ “ဟားခါးမြို့ကဒေသခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ မတ်လကစတင်ပြီး ချင်းပြည်နယ်ကိုယာဉ်တန်းနဲ့တက်လာတဲ့အတွက် ဒေသခံကာကွယ်ရေးတပ်တွေက လမ်းအသုံးပြုမှုနဲ့ပတ်သတ်ပြီးသတိပေးထားတာရှိပါတယ်။
အခုလက်ရှိအခြေနေမှာ ကလေး -ဂန့်ဂေါလမ်းပိုင်းကိုအသုံးပြုနေတဲ့ ဟားခါး ဖလမ်း၊ နဲ့ထန်တလန်ကမြို့နယ်တချို့တွေမှာ စက်သုံးဆီနဲ့ ကုန်စိမ်းတွေပြတ်တောက်နေပြီလို့သိရပါတယ်။
ချင်းပြည်နယ်မြောက်ပိုင်းကကုန်စီးဆင်းမှုဟာ ကလေး – ဂန့်ဂေါ – မန္တလေးလမ်းပိုင်းကိုအသုံးပြုနေရတာဖြစ်ပြီး အဆိုပါလမ်းပိုင်းတွေပြတ်ရင်ချင်းပြည်နယ်မြောက်ပိုင်းကစားနပ်ရိက္ခာအပါအဝင်ကုန်ပစ္စည်းတွေပြတ်တောက်ကုန်တယ်လို့သူကဆိုပါတယ်။
ဟားခါးမြို့နယ်မှာ ယခင်ကဆန်တစ်အိတ်ကိုရှစ်သောင်းဝန်းကျင်ကနေယခုငွေကျပ်တသိန်းဝန်းကျင်ထိဈေးတတ်နေတယ်လို့သိရပါတယ်။ ဈေးမှာ အသီးအရွက်နဲ့အသားငါး ဝယ်လို့မရတော့တာတလလောက်ရှိပြီလို့လဲသိရပါတယ်။
ဒါ့အပြင်ဟားခါးမြို့မှာ စက်သုံးဆီတွေလည်းပြတ်လတ်နေတာကြောင့် စက်သုံးဆီတဂါလံကိုငွေကျပ်၂သောင်းနဲ့တလီတာကို ၅၀၀၀ကျပ်နှုန်းပေးပြီးအကန့်အသတ်နဲ့ဝယ်နေရတယ်လို့သူကဆိုပါတယ်။
“ဆိုင်ကယ်နဲ့အပြည့်ဝယ်လို့ရတယ် ။ပုံးနဲ့ဝယ်လို့မရဘူး ။ဟားခါးမှာကဆီဆိုင်ကြီး၂ဆိုင်ရှိတယ်။အဲ့ဒီဆိုင်တွေကအကန့်အသတ်နဲ့ရောင်းပေးနေတာ ။ကျန်တဲ့ဆိုင်တွေမှာကရောင်းစရာမရှိတော့ဘူး”လို့သူကထပ်ပြောပါတယ်။
ယခင်က စက်သုံးဆီ တလီတာကို ငွေကျပ်၃၄၀၀ နဲ့ ၄၀၀၀ကျပ် ဝန်းကျင်သာရှိတယ်လို့လည်းသိရပါတယ်။
ချင်းပြည်နယ်မြောက်ပိုင်းတခုလုံးကဘယ်မြို့ကိုမှမော်တော်ကားအဝင်အထွက်မရှိဘူးလို့လည်းသိရပါတယ်။ ဟားခါးမြို့ဟာအခြားမြို့တွေထပ်ပိုမိုပြီးလူဦးရေပိုမိုထူထပ်တာကြောင့်အခြားမြို့နယ်တွေထက်ပိုမိုခက်ခဲနေတယ်လို့လည်းသိရပါတယ်။
“ဒီလိုလမ်းတွေပိတ်၊ ကုန်စျေးနှုန်းကြီးလာတာကြောင့်ချင်းပြည်မှာ မရှိဘူးတဲ့လုယက်မှုတွေဖြစ်လာမှာစိုးတယ်”လို့ဒေသခံတဦးကပြောပါတယ်။