ဝက်လက်မြို့ အလယ်ပိုင်းက စစ်ရှောင်ပြည်သူတွေ ဝမ်းရောဂါတွေဖြစ်နေ

ဧပြီ၊ ၂

စစ်ကိုင်းတိုင်း ၊ဝက်လက်မြို့နယ် အလယ်ပိုင်းရှိ ကျေးရွာတွေမှာ စစ်ရှောင်နေရတဲ့ ဒေသခံပြည်သူတွေ သောက်သုံးရေ မသန့်ရှင်းမှုကြောင့် ဝမ်းပျက်၊ ဝမ်းလျော ရောဂါတွေကို ခံစားနေရတယ်လို့ အဲဒီခြေနေတွေကို သိရှိသူ တဦးကပြောပါတယ်။

” ရေပေါတဲ့နေရာမဟုတ်တော့ အခက်အခဲတော့ရှိတယ်။ လယ်စိုက်ချိန် ဆည်ကလွတ်တဲ့ရေလောက်ရှိတာ ကျန်တဲ့အချိန်သောက်ရေခက်တာပေါ့။ ကလေးတွေဖြစ်ကြတာ အတော်များတယ် ။တချို့ရွာတွေဆို ရာဂဏန်းလောက်ရှ်တယ် ” လို့ သူကဆိုပါတယ်။

ဝက်လက်မြို့အလယ်ပိုင်း ကျီးပင်ကန်ရွာနဲ့ အနီးတဝိုက်ရှိကျေးရွာတွေမှာ စစ်ရှောင်ပြည်သူတွေ အဓိကဝမ်းရောဂါခံစားနေရသလို အသက် ၁၀ နှစ်အရွယ်နဲ့ ၁၀ နှစ်အထက် ကလေးတော်တော်များမှာ ဝမ်းရောဂါဖြစ်နေတာလို့ သူကဆိုပါတယ်။

” ဝက်လက်အလယ်ပိုင်းလောက်ရွာတွေမှာ ဖြစ်နေတာဗျ ။ဘာလို့လည်းဆိုတော့ သူတို့က မြစ်ရေလည်း မနီးဘူး။ ရေသန့်ကားတွေဘာတွေလည်းမဝင်ဘူးဆိုတော့ နီးစပ်ရာတွင်းရေတွေသောက်ကြရတော့ ဝမ်းရောတွေဖြစ်နေတာပါ။ ဒီဖက်မှာက မိုးရေနဲ့ တွင်းရေကိုသုံးကြတယ် ။မိုးရေကျတော့လူတွေကမသောက်ကြဘူးလေ ။တွင်းရေကျတော့လည်း တချို့နေရာတွေမှာ မကောင်းဘူးရေမသန့်တာပေါ့။သောက်လို့တော့ရတယ်။ ကြာရှည်ကျတော့မကောင်းဘူး ” လို့ ဒေသခံ တဦးပြောပါတယ်။

လက်ရှိ ဝမ်းရောဂါ ခံစားနေရတဲ့ စစ်ရှောင်တွေဟ စစ်ရှောင်ရတဲ့ အချိန်ကြာနေပြီးဖြစ်တဲ့အတွက် အခက်အခဲတွေရှိနေသလို ဆေးဝါးနဲ့ ရိက္ခတွေလည်း လိုအပ်နေတယ်အတွက် ဒေသကာကွယ်ရေးအဖွဲ့တွေတချို့က ပြန်လည်လှူဒါန်းတာတွေလုပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

” ကလေးတွေအဖြစ်များနေတော့ ရေသန့်ကို တခါမှာရင် ဘူး ၆၀ ၊ ၇၀ လောက်မှာပြီးရေပြောင်းသောက်တာတွေလုပ်နေရတယ်။ ဆေးဝါးကတော့ တော်လှန်ရေးအဖွဲ့တွေမှာပါတဲ့ လူတွေကလိုက်ကုသပေးနေတာပေါ့။ ဒါပေမယ့် သေချာ တကူးတကလာကုသပေးတာမျိုးတော့မရှိသေးဘူး။ စစ်ဘေးရှောင်တွေကို နေမကောင်းတာလောက်လိုက်ကုသပေးနေတဲ့ လူတွေတော့ရှိတယ်။ သူတို့ပဲကုပေးနေရတာဆိုတော့ အရမ်းကြီးတော့ ဆေးဝါးကမရဘူးပေါ့ ” လို့ သူကဆိုပါတယ်။

ဝက်လက်မှာ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်အုပ်စုက တချို့ကျေးရွာတွေမှာ အထိုင်ချတာများလာတဲ့အတွက် စစ်အုပ်စုအထိုင်ချထားတဲ့နေရာ အဲဒီအနီးနားရှိ ကျေးရွာတွေက ဒေသခံတွေက စစ်ရှောင်နေကြရတယ်လို့ ဝက်လက်မြို့ အခြေစိုက် တော်လှန်ရေး ရဲဘော်တဦးကပြောပါတယ်။

” စစ်ကောင်စီတပ်တွေက တနေရာပြီးတနေရာ ခြေကုပ်ယူလာပြီးနောက်ပိုင်းကျတော့ အဲဒီနားလူတွေပြေးရတာပေါ့။ ပြီးခဲ့တဲ့လက ရွာသာကြီးမှာ သူတို့ထိုင်လိုက်တော့ ပြည်သူ ထောင်ချီက စစ်ဘေးရှောင်ဖြစ်သွားတယ်။ ဟန်လင်းဖက်လည်း ထိုင်လိုက်တော့ စစ်ရှောင်နေရတယ်။ စခန်းနဲ့နီးတဲ့လူတွေကတော့ တခြားရွာသွားနေတယ် မြို့ပေါ်သွားနေတာလည်းရှိတယ်။ ဟန်လင်းနဲ့ ရွာသာကြီးနှစ်ခုနဲ့တင် ၄၀၀၀ လောက်စစ်ရှောင်နေရတယ် ” လို့ သူကပြောပါတယ်။

ဒါအပြင် စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ မကြာခဏတိုက်ပွဲတွေလည်းရျှိနတယ်လို့ ဒေသခံ တဦးကဆိုပါတယ်။

တော်လှန်ရေး အားကောင်းတဲ့ စစ်ကိုင်းတိုင်းကို စစ်အုပ်စုက နေရာအနှံဆိုသလို စစ်ကြောင်းထိုးမီးရှို့နေတဲ့အတွက် မြို့နယ်တော်တော်များများမှာ စစ်ရှောင်ပြည်သူတွေရှိနေပါတယ်။

စစ်ကိုင်းတိုင်း၊ ကနီနယ်မှာလည်း ပြီးခဲ့တဲ့လပိုင်းတုန်းက ရေမသန့်ဘူးကြောင့် စစ်ရှောင်ပြည်သူတွေ အရေပြားရောဂါတွေဖြစ်ခဲ့ပါသေးတယ်။