ကလေးငယ်အပါအဝင် နှစ်ဦးသေဆုံးမှုဖြစ်စဉ် မှားယွင်းပစ်ခတ်မှုဟု တနင်္သာရီပကဖ တောင်းပန်ချက်ထုတ်ပြန်

ဧပြီ၊ ၂

 တနင်္သာရီတိုင်း ၊ တနင်္သာရီမြို့အထွက်မှာ ဧပြီ ၁ ရက် ည၈နာရီကျော်ခန့်မှာ မြတ်မန္တလာထွန်းခရီးသည်တင်ကားကိုမှားယွင်းပစ်ခတ်ခံမိတာကြောင့် နှစ်ဦးသေဆုံးပြီး လေးဦးထက်မနည်းထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့အတွက် တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က တောင်းပန်လိုက်ပါတယ်။

ဒီလိုမှားယွင်းပစ်ခတ်ခံရမှုဟာ ထိခိုက်ဆုံးရှုံးရတဲ့အပေါ် မိသားစုဝင်တွေနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပြီး ကာယကံရှင်နဲ့ မိသားစုဝင်များကိုလည်း ငြိုင်းငယ်စွာဖြင့် အနူးညွှတ်တောင်းပန်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါအပြင် မှားယွင်းပစ်ခတ်မိတဲ့အချိန်ဟာ အရပ်သားပြည်သူတွေ သွားလာနိုင်တဲ့ အချိန်မဟုတ်ဘဲ စစ်ကောင်စီတပ်ဖွဲ့တွေ စစ်ကူ သွားလာဖို့ ရှိကြောင်း သတင်းကြိုရထားတာပြီး ပစ်ခတ်မှု မဖြစ်ခင်အချိန်မှာ ကားအား ရပ်နားပေးဖို့ ပြောဆိုခဲ့ပေမယ့် မောင်းထွက်ခဲ့တာကြောင့် ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန်ကနေ ကော့သောင်းဘက်ကို မောင်းနှင်လာတဲ့ မြတ်မန္တလာထွန်းခရီးသည်တင်ကားက တနင်္သာရီမြို့အထွက် လယ်တောင်ကျေးရွာ အနီးမှာ အမည်မသိလက်နက်ကိုင်အဖွဲ့တဖွဲ့မှ ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့ မြတ်မန္တလာထွန်းယာဉ်လိုင်းတာဝန်ရှိသူ တဦးက ပြောပါတယ်။

“ ကျွန်တော်တို့ သိရသလောက်ဆို တနင်္သာရီမြို့အထွက်အနားလေးက လယ်တောင်ရွာအနားမှာ ပစ်ခံရတာ၊ ကားကတော့ ရန်ကုန်ကနေထွက်လာတော့ ခရီးသည် ၉ ယောက်လောက်ပါတယ်၊ လမ်းမှာ တက်တာနဲ့ ဆို ၁၆ ယောက်လောက်ရှိမယ်၊ ဘုန်းကြီးတွေလည်း ပါတယ်၊ ဘုန်းကြီးတွေလည်း ဒဏ်ရာရတယ်၊ ကားပေါ်မှာ နှစ်ယောက်သေတယ်၊ တခြားဒဏ်ရာရတဲ့သူတွေလည်း ၄ ယောက်၊ ၅ ယောက်လောက် ရှိတယ်လို့၊ ကျွန်တော်တို့ သိထားတယ်ပေါ့နော်၊ အချက်အလက်အသေးစိတ်ကိုတော့ ကျွန်တော်တို့လည်း မေးနေဆဲပါ” ဟု ၎င်းက ပြောပါတယ်။

သေနတ်ပစ်ခတ်ခံရမှုကြောင့် အသက် ၆ နှစ်အရွယ် ကလေးငယ်တဦးနဲ့ အသက် ၄၀ ကျော်အမျိုးသမီးတဦးသေဆုံးကာ သံဃာတော် ၂ ပါးနဲ့ အမျိုးသားနှစ်ဦးတို့က ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တဲ့အပြင် တခြား ကျည်ရှက်ထိဒဏ်ရာ အနည်းငယ်ရရှိသူများလည်း ရှိတယ်လို့ ဆိုပါတယ်။

အဆိုပါပစ်ခတ်မှုဟာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က မှားယွင်းပစ်ခတ်မိတာဖြစ်တယ်လို့ အမျိုးသားညွညွတ်ရေးအစိုးရလက်အောက်ခံ၊ တနင်္သာရီမြို့နယ်(ပ.က.ဖ)က ဒီကနေ့မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

အဲဒီပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နေရာ ပြည်ထောင်စုလမ်းပေါ်မရှိ စစ်ကောင်စီ(၅၅၈)တပ်ရင်း၊ ရေဖြူစစ်ဗျူဟာနဲ့ ၎င်းလမ်းပိုင်း၏တစ်ဆက်တည်း ဖြစ်သော ထုံခါ-မောတောင်လမ်းပေါ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတခုတာကြောင့် အဲဒီလမ်းပိုင်းကို ယာယီသွားလာခွင့်ပိတ်ထားခဲ့ပါတယ်။

ဒါအပြင် ပစ်ခတ်မှု ဖြစ်ပွားတဲ့နေရာတွေက အဝေးပြေးလမ်းမကြီးတလျှောက်မှာဆိုရင် စစ်ကောင်စီတပ်ဖွဲ့ ခြုံခိုတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်မျိုး တွေရှိနေတာကြောင့် ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တနင်္သာမြို့နယ်(ပ.က.ဖ)ပြန်ကြားရေးတာဝန်ခံကို တယ်လီဖုန်းနဲ့ ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိခဲ့ပါဘူး။

တနင်္သာရီတိုင်းဒေသကြီးအတွင်းက အဝေးပြေးကာလမ်းမကြီးပေါ်မှာဆိုရင် ခရီးသည်တင်ယာဉ်တွေ၊ အိမ်စီးကားတွေ လမ်းမှာ ပစ်ခတ်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တွေ ဖြစ်ပွားလေ့ရှိပြီး၊ ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်အများစုမှာ အရပ်သား ထိခိုက်သေဆုံးတာတွေရှိပါတယ်။

အဲဒီထဲက ဖြစ်စဉ်တွေမှာဆိုရင် တော်လှန်ရေးအင်အားစုတွေဘက်က လုပ်ဆောင်ခဲ့တာရှိသလို စစ်ကောင်စီလက်အောက်ခံအဖွဲ့ဘက်က လုပ်ဆောင်ခဲ့တာမျိုးလည်း ရှိပါတယ်။

ဒါကြောင့် တော်လှန်ရေးအင်းအာစုတွေဘက်ကတော့ ထိတွေ့တိုက်ပွဲပြင်းထန်ပြီး စစ်ရေးတင်းမာမှုရှိတဲ့ နေရာဒေသတွေဘက်က ကားလမ်းပိုင်းတချို့ကို ခေတ္တအသုံးမပြုကြဖို့ ကြေညာချက်ထုတ်ပြန်ကာ သတိပေးလေ့ရှိပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက လက်အောက်ခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို စစ်သည်တော်ကျင့်ဝတ်နဲ့အညီလုပ်ဆောင်ကြဖို့မကြာခဏသတိပေးမှုတွေလည်းရှိပါတယ်။