ဆေးရုံတက်နေရတဲ့ ပုပ်ရဟန်းမင်းကြီး

မတ်၊ ၃၀

ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ဟာ အသက်ရှူလမ်းကြောင်း ပိုးဝင်မှု ဝေဒနာကြောင့် ဆေးရုံတက်နေရကြောင်း သိရပါတယ်။အီတလီနိုင်ငံ ရောမမြို့က ဆေးရုံမှာ ပုပ်ရဟန်းမင်းကြီး အနေနဲ့ နောက်ထပ် ရက်နည်းနည်း ထပ်နေဖို့ လိုအပ်ကြောင်း ဗာတီကန် နန်းတော်က ထုတ်ပြန်ပါတယ်။

 အသက် ၈၆ နှစ်အရွယ် ရှိပြီဖြစ်ပြီး ရိုမန်ကက်သလစ် ခရစ်ယာန် သာသနာပိုင်ချုပ်အဖြစ် သတ်မှတ် ခံထားရတဲ့ ပုပ်ရဟန်းမင်းကြီးဟာ ကိုဗစ်ရောဂါ ခံစားရတာ မဟုတ်ဘူးလို့လည်း ဗာတီကန် အာဏာပိုင်တွေက သီးခြား အတည်ပြုပါတယ်။

 သူအမြန်ဆုံး နေပြန်ကောင်းဖို့ ကမ္ဘာအနှံ့က မေတ္တာအပြည့်နဲ့ ပေးပို့တဲ့ ဆုတောင်း ဆန္ဒပြုမှုတွေကြောင့် ပုပ်ရဟန်းမင်းကြီးဟာ အရမ်းကြည်နူး ပီတိဖြစ်နေတယ်လို့လည်း သူ့ရဲ့ ကိုယ်ရေး အရာရှိတွေက ဆိုပါတယ်။

 ရောမမြို့က ဂျီမယ်လီ ဆေးရုံမှာ မတ် ၂၉ ရက်က ပုပ်ရဟန်းမင်းကြီးရဲ့ အနီးကပ် တပည့်တပန်း တချို့နဲ့ လုံခြုံရေး အစောင့်တွေ ရှိနေခဲ့တယ်လို့ ဆေးရုံနဲ့ နီးစပ်သူတွေကလည်း ပြောပါတယ်။

 လက်ရှိ ကာလဟာ ပုပ်ရဟန်းမင်းကြီးအတွက် နှစ်တနှစ်အတွင်း အလုပ်အများဆုံး အချိန်လို့လည်း ဆိုနိုင်ပါတယ်။ အီစတာ သီတင်းပတ် မတိုင်ခင် ပုပ်ရဟန်းမင်းကြီး တက်ရောက်ဖို့ စီစဉ်ထားတဲ့ အခမ်းအနားတွေနဲ့ ဆုတောင်းပွဲတွေ တော်တော်များများ ရှိနေပါတယ်။

 နောက်ပြီး ပုပ်ရဟန်းမင်းကြီးဟာ ဧပြီလကုန်မှာ ဟန်ဂေရီ နိုင်ငံဆီ အလည်အပတ် သွားရောက်ဖို့လည်း လျာထားပါသေးတယ်။

 အာဂျင်တီးနား နိုင်ငံသား ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ကျန်းမာရေး ယိုယွင်း ဆုတ်ယုတ်မှုတွေ ခံစားခဲ့ရပြီး ဒူးနာကျင်မှုကြောင့်လည်း ဘီးတပ် ကုလားထိုင်နဲ့ သွားလာနေခဲ့ရပါတယ်။ နောက်ပြီး အူမှာ ပြဿနာ ရှိတာကြောင့် ၂၀၂၁ ခုနှစ်တုန်းကလည်း ခွဲစိတ်ကုသမှု ခံယူခဲ့ရကြောင်း သိရပါတယ်။