ပုပ်ရဟန်းမင်းရဲ့ ဒူးနာကျင်မှုကို ကုသဖို့ စပိန် ဘောလုံးကလပ်က ဆရာဝန်ကို အကူအညီ တောင်းခံ

ပုပ်ရဟန်းမင်းကြီးရဲ့ ဒူးခေါင်း ပြဿနာကို ကူညီ ဖြေရှင်းပေးဖို့အတွက် စပိန်ထိပ်တန်း ဘောလုံး အသင်းတစ်ခုရဲ့ ဆရာဝန်ကို ဗာတီကန် နန်းတော်က အကူအညီ တောင်းခံခဲ့ရပါတယ်။ 

ရိုမန် ကက်သလစ် ခရစ်ယာန် ဘာသာရေးရဲ့ အထွဋ်အခေါင် ပုဂ္ဂိုလ်ကြီးဖြစ်တဲ့ အသက် ၈၅ နှစ်အရွယ် ပုပ်ဖရန်ဆစ်ဟာ ဒူးခေါင်း အဆစ်အမြစ်ရောင် ရောဂါကို အတော်လေး ပြင်းပြင်းထန်ထန် ခံစားနေရပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ပုပ်ဟာ ဒူးနာတဲ့ဒဏ်ကြောင့် လမ်းတောင် မလျှောက်နိုင်ဘဲ ဘီးတပ် ကုလားထိုင်နဲ့ သွားလာနေခဲ့တာကိုလည်း တွေ့ရပါတယ်။ နောက်ပြီး အာဖရိကကို သွားရောက်မယ့် ခရီးစဉ် တစ်ခုအပါအဝင် ပုပ်ရဲ့ အစီအစဉ် တချို့ကိုပါ ဖျက်သိမ်းစေခဲ့ရပါတယ်။ 

အခုတော့ စပိန် လာလီဂါ ပြိုင်ပွဲဝင် အက်သလက်တီကို မက်ဒရစ် အသင်းရဲ့ အားကစား ဆေးပညာဌာန အကြီးအကဲ ဒေါက်တာ ဟိုဆေး မာရီယာ ဗီလာလွန်ဟာ ပုပ်ရဲ့ ဒူးနာမှုကို ကူညီ ဖြေရှင်းဖို့ အီတလီကို သွားရောက်ခဲ့ပါတယ်။ 

ဗီလာလွန်က ပုပ်ဟာ အရမ်းသဘောထား နူးညံ့သိမ်မွေ့ပေမယ့် ခေါင်းမာလွန်းပြီး ဒူးခေါင်းကို ခွဲစိတ်မှု ခံယူဖို့ တွင်တွင် ငြင်းဆန်ခဲ့ကြောင်း ပြောပါတယ်။ နောက်ပြီး ပုပ်က အာဂျင်တီးနား ကလပ် ဆန်လိုရန်ဇိုကို အမာခံ အားပေးပြီး အက်သလက်တီကို အသင်းကိုတော့ သဘောမကျဘူးလို့ ပြောပြကြောင်း ဗီလာလွန်က အရွှန်းဖောက်ပါတယ်။ 

စပိန်ရေဒီယို Copeနဲ့ အင်တာဗျူးမှာ ဗီလာလွန်က သူဟာ ပုပ်ကို ကူညီပေးနိုင်မယ်လို့ ယုံကြည်ချက် ရှိပေမယ့် ပုပ်ကိုယ်တိုင်က လုပ်ငန်းတာဝန် များမြောင်လွန်းတာကြောင့် သီးခြား အချိန်ပေး ကုသဖို့ အခက်တွေ့နေတယ်လို့လည်း ဝန်ခံခဲ့ပါတယ်။ အဆစ်ရောင်​ ရောဂါကြောင့် ပုပ်ရဲ့ အဆစ်အမြစ်တွေက အတော့်ကို ရောင်ရမ်းနေတယ်လို့ သူက ဆိုပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြောမသွားပါဘူး။ 

ပုပ်ဟာ သဘောကောင်းပြီး သိမ်မွေ့သူ၊ ဖော်ရွေသူ တစ်ဦးဖြစ်ကြောင်း၊ နောက်ပြီး ဘောလုံးကိုလည်း တော်တော် ဝါသနာပါကြောင်း သူက ဆက်ပြောပြပါတယ်။ ဗီလာရွန်ဟာ အက်သလက်တီကို အသင်းရဲ့ ဆေးအဖွဲ့မှာ ၁၉၉၅ ခုနှစ် ကတည်းက အလုပ်လုပ်နေခဲ့တာပါ။ သူဟာ အရိုးခွဲစိတ်မှုနဲ့ အတွင်းဒဏ်ဆိုင်ရာ ရောဂါတွေ ကုသတဲ့ ပညာရပ်ပိုင်းမှာ ထိပ်တန်း ပုဂ္ဂိုလ် တစ်ဦးအဖြစ် အသိအမှတ်ပြု ခံထားရပါတယ်။