စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးသစ် ခန့်အပ်ပြီး နှစ်ပတ်ကျော်အကြာမှာ ပစ်ခတ်ခံရလို့ သေဆုံး

မတ်၊ ၂၃
 
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူးအသစ် တဦးဟာ စစ်ကောင်စီက ခန့်ထားခံရပြီးနောက် ၁၆ ရက် အကြာမှာ သေနတ်သမားသုံးဦးပတ်ခတ်လို့ သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
 
စစ်ကောင်စီက မတ် ၆ ရက်က အုပ်ချုပ်ရေးမှူးအဖြစ် ခန့်ထားလိုက်တဲ့ ကျုံပျော်မြို့နယ်၊ အင်းဖျားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းစန်းဆိုသူကို မတ်လ ၂၂ ရက်၊ ညနေ ၅ နာရီ ခွဲကျော်အချိန်က ဆိုင်ကယ်စီး လူ ၃ ဦး က ပစ်ခတ်သွားတာလို့ ဆိုပါတယ်။
 
ဒေသခံတဦး က ” သူ့ရဲ့အိမ်အနားမှာ ပစ်သတ်ခံရတာ။ အပစ်ခံရတဲ့ နေရာမှာ ပွဲချင်းပြီး သေသွားတယ်။ သေနတ်နဲ့ပစ်တာ ၃ ချက်၊ ၂ ချက် ချက်ကောင်းကို မှန်ပြီး သေသွားတာ ” လို့ DNA ကို ပြောပါတယ်။
 
မကြာသေးခင်က စစ်ကောင်စီက ဧရာဝတီတိုင်းက ပုသိမ်၊ ကန်ကြီးထောင့်၊ ကျုံပျော်၊ ဖျာပုံ၊ ဘိုကလေး၊ မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူနဲ့ ဟင်္သာတာစတဲ့ မြို့နယ်တွေက ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူး ၁၀၀ ထက်မနည်း ပြောင်းလဲခန့်အပ်ခဲ့ပြီး အဲဒီအထဲမှာ အင်ဖျားကျေးရွာက ဦးထွန်းစန်းလည်း ပါဝင်တာပါ။
 
အင်းဖျားကျေးရွာအုပ်စု အုပ်ချုပ်ရေးမူးသစ်ဦးထွန်းစန်းဟာ ရပ်/ကျေးဥက္ကဌ ဘောလုံးပြိုင်ပွဲ ကအပြန် သူ့ရဲ့ နေအိမ်အနီးရှိ အလယ်တန်းကျောင်းအရှေ့မှာ ဆိုင်ကယ်စီးနင်းလာတဲ့ လူသုံးဦးက သေနတ်နဲ့ ပစ်ခတ်သွားတာဖြစ်ပြီး ဝမ်းဗိုက် တစ်ချက်၊ ကျောကုန်း တစ်ချက် သေနတ်ထိမှန်ကာ သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့ ရဲ့ ကနဦးသတင်းပေးချက်က ဆိုပါတယ်။
 
အုပ်ချုပ်ရေးမှူးသစ် ဦးထွန်းစန်း ပစ်ခတ်ခံရပြီးနောက် နာရီပိုင်းအတွင်း စစ်တပ်နဲ့ ရဲတွေ ရောက်ရှိလာပေမယ့် သေနတ် နဲ့ ပစ်ခတ်သူတို့ကို ဖမ်းဆီးရမိတာမရှိပဲ လမ်းသွား လမ်းလာ အချို့ နဲ့ ဧည့်စာရင်း မတိုင်သူအချို့ကို ၂၂ ရက်က ညက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဦးထွန်းစန်းဟာ စစ်ကောင်စီ ရဲ့ အမာခံသတင်းပေးတဦးဖြစ်ပြီး သူ့ရဲ့ သတင်းပေးမှုကြောင့် ဒေသခံ စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်သူတွေ ဖမ်းဆီးခံရ၊ တိမ်းရှောင်ထွက်ပြေးခဲ့ရတာတွေကြောင့် အဆိုပါပစ်ခတ်မှုကို ကျုံပျော်မြို့ပြပြောက်ကြားတပ်ဖွဲ့ (KSTF)က နန်းထိုက်အောင်စစ်ဆင်ရေးအနေဖြင့် ဆောင်ရွက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။
 
“ သူ (ဦးထွန်းစန်း) သတင်းပေးတာကြောင့် လှေဆွဲရွာ နဲ့ ပတ်ဝန်းကျင် ရွာတွေ၊ လူတွေ သေကြ၊ ဒဏ်ရာတွေရကြ၊ အဖမ်းခံရ၊ ထွက်ပြေးရ တာတွေ ဖြစ်ခဲ့ဖူးတယ်။ သူကခပ်ဆိုးဆိုး လူဗျ။ စစ်တပ်၊ ရဲ တွေရဲ့ အမာခံသတင်းပေး ” ဟု လှေဆွဲရွာ ဒေသခံတဦးက ပြောပါတယ်။
 
ဦးထွန်းစန်း အုပ်ချုပ်ရေးမှူးမဖြစ်ခင်က လှေဆွဲရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရှိတယ်လို့ သတင်းပေးခဲ့တာကြောင့် ၂၀၂၁ ခုနှစ်၊ ဇွန်လ ဒုတိယအပတ်အတွင်းက လှေဆွဲရွာကို စစ်ကောင်စီတပ် နဲ့ ရဲတွေက အင်အား အလုံးအရင်း နဲ့ တိုက်ခိုက်ခဲ့တာမှာ ဒေသခံရွာသား ၄ ဦး သေဆုံးကာ ၃၀ ကျော်အဖမ်းခံရပြီး လှေဆွဲရွာ အနီးပါတ်ဝန်းကျင်ရွာတွေက ဒေသခံ နှစ် ထောင်ကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရပါတယ်။
 
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နှစ်ဖက်လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အရပ်သားသေဆုံးမှုတွေ နေ့စဉ်နဲ့အမျှ ဖြစ်ပေါ်နေပါတယ်။
 
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ အထိ ၂ နှစ်တာကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအပါအဝင် အရပ်သား ၅၄၄၃ ဦးသေဆုံးပြီး ၄၅၇၇ ဦးဒဏ်ရာရတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
 
အလားတူ စစ်ကောင်စီလက်ချက်နဲ့ မတ်လ ၂၃ ရက် အထိ အရပ်သားပေါင်း ၃၁၅၈ သေဆုံးတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ဒီကနေ့ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – CJ