ဖမ်းဆီးခံထားရတဲ့ မုံရွာဒေသကာကွယ်ရေးအဖွဲ့ဝင်၁၄ဦးကြောင့် သုံးဦးသေဆုံးခဲ့တယ်လို့ စစ်ကောင်စီစွပ်စွဲ

မတ်၊ ၂၃

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အေးသာယာရပ်ကွက်၊ ချင်းတွင်းမြစ်ကမ်းအနီးမှာ Anonymous အမည်ခံ ဒေသကာကွယ်ရေးအဖွဲ့ဝင် ၁၄ ဦးကိုလက်နက်က်ခဲယမ်းဖောက်ခွဲရေးပစ္စည်းတွေနဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီကမတ်လ၂၂ရက်နေ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။

အဲဒီဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဟာ လူသုံးဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့စွပ်စွဲထားသလို  သူတို့ ဖမ်းဆီးထားတဲ့ အမျိုးသားနှစ်ဦး၊ အမျိုးသမီးတဦးနဲ့ ကလေးငယ် တဦးကိုလည်း ကယ်တင်နိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

“သူတို့အဖွဲ(Anonymous)ကတာဝါတိုင်အောက်မှာနေကြတာ ။ အဲ့ဒီနေ့ကမြစ်ရိုးတလျှောက်လုံးမွှေပြီးတော်တော်များများဖမ်းခံရတယ်။အဲဒီအဖွဲ့မှာ ဈေးဝယ်ထွက်နေတဲ့၂ယောက်ပဲလွတ်ပြီးကျန်အဖွဲ့ဝင်တွေအကုန်ဖမ်းခံရတယ်လို့ကြားတယ်။ ဖြစ်စဉ်ကိုတော့အတည်ပြုပေမယ့်သူတို့ထုတ်ပြန်ချက်ကိုတော့အတည်မပြုနိုင်ဘူး “လို့ အခြားဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။

ဖမ်းဆီးခံရသူတွေနဲ့ အတူ လက်လုပ်သေနတ်မျိုးစုံ ၇ လက်၊ လက်လုပ်စိန်ပြောင်း ၅ လက်၊ လက်လုပ်မိုင်း ၁၉လုံးနဲ့ကျည်မျိုးစုံ ၁၇၆ တောင့်နဲ့အခြားဖောက်ခွဲရေးဆက်စပ်ပစ္စည်းတွေနဲ့ ဖမ်းဆီးရမိတယ်လို့လည်း စစ်ကောင်စီက ထုတြ်ပန်ထားပါတယ်။

စစ်ကောင်စီက အမျိုးသမီးနှစ်ဦးအပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်၁၄ ဦးဟာ အမျိုးသားညီညွတ်ရေးအစိုးရNUG ဆီက ထောက်ပံ့မှုနဲ့  ဖောက်ခွဲမှုနဲ့ လုပ်ကြံသတ်ဖြတ်မှုပေါင်း ၇ ကြိမ်ကျူးလွန်ခဲ့တယ် လို့ဆိုပြီးစွပ်စွဲပြောဆိုထားပါသေးတယ်။

ဖမ်းဆီးခံရသူတွေထဲ ကအသက် ၁ရနှစ်ကနေ အသက် ၃ရနှစ် အကြားလူငယ် ၁ဝဦး ပါဝင်ပြီး အသက် ၄ဝကျော်နဲ့ ၅ဝကျော်ကြား လူလတ်ပိုင်း အမျိုးသားနဲ့ အမျိုးသမီး ၄ ဦးကတော့ ကူညီထောက်ပံ့နေသူတွေလို့ ထုတ်ပြန်ထားတာတွေ့ရပါတယ်။

စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်မှာ စစ်ကောင်စီတပ်တွေဟာမတ်လ၁၅ရက် မနေ့က မနက်ပိုင်းက မုံရွာမြို့နယ်ဒေသကာကွယ်ရေးတပ်စခန်း၃ခုခုနဲ့ လက်နက်ထုတ်လုပ်ရေးစခန်းကို ဝင်ရောက်စီနင်းပြီးပီဒီအက်ဖ် ၈ဦးအပါအဝင်ဒေသခံပေါင်း ၂၀ ကို ဖမ်းဆီးခဲ့တယ်လို့မတ်လ၁၅ရက်နေ့က DNA ရဲ့သတင်းမှာဖော်ပြထားခဲ့ပါတယ်။

အဲဒီဒေသကာကွယ်ရေးအဖွဲ့ဝင်တွေကိုဖမ်းစီးချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ထနောင်းတောကျေးရွာကအသက်ရဝကျော်အရွယ်အရပ်သား ၃ဦးကိုမီးရှို့ သတ်ဖြတ်ခဲ့ပြီး အိမ်ခြေ၆ဝကျော်ကိုမီးရှို့ခဲ့ပါသေးတယ်။

မတ်လ၁၅ရက်နေ့ကအဆိုပါအဖွဲ့စည်းကအဖွဲ့ဝင်တဦးကိုဖုန်းနဲ့ဆက်သွယ်အတည်ပြုခဲ့ပေမယ့်ဒီကနေ့ပြန်လည်ဆက်သွယ်ချိန်မှာဆက်သွယ်လို့မရတော့တာကြောင့်ဖြစ်စဉ်အသေးစိတ်ကို DNA အနေနဲ့သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး ။

ပြီးခဲ့တဲံ မတ်လ ၁၆ ရက်ကလည်း မန္တလေးမြို့အခြေစိုက် မန္တလေးခရိုင် အမှတ် ၅ တပ်ရင်း(မြစ်ငယ်)ကိုစစ်ကောင်စီတပ်တွေဝင်စီးလို့ တဦးကျဆုံး၊ လေးဦးဒဏ်ရာရပြီး ကျပ်သိန်းထောင်နဲ့ချီတဲ့ ဒရုန်း သုံးစီး၊ လက်နက်ခဲယမ်းတွေနဲ့ စားနပ်ရိက္ခာတွေဆုံးရှုံးခဲ့ရပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ၂ နှစ်တာကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကြောင့် အရပ်သား ၅၄၄၃ ဦးသေဆုံးပြီး ၄၅၇၇ ဦးဒဏ်ရာရတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။

အလားတူ စစ်ကောင်စီလက်ချက်နဲ့ မတ်လ ၂၃ ရက် အထိ အရပ်သားပေါင်း ၃၁၅၈ သေဆုံးတယ်လို့ နိ်ုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPPက ဒီကနေ့ထုတ်ပြန်ထားပါတယ်။


ဓာတ်ပုံ – စစ်ကောင်စီမီဒီယာ