သာကေတမှာရဲသုံးဦး ပစ်ခတ်ခံရပြီးနယ်ထိန်းတဦးပွဲချင်းပြီးသေဆုံး

မတ်၊ ၁၇

ရန်ကုန်မြို့၊သာကေတမြို့နယ်၊၁၀ မြောက်ရပ်ကွက်မှာရှိတဲ့ သာကေတအမှတ် (၂)ရဲစခန်းက နယ်ထိန်းအပါအဝင် ရဲသုံးဦးကို အမည်မသိသေနတ်သမားတွေက ပစ်ခတ်ခဲ့တဲ့အတွက် တဦးနေရာမှာတင်သေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ အဲ့ဒီမြို့နယ်မှာနေထိုင်သူတွေဆီကသိရပါတယ်။

သာကေတ မြို့နယ်၊(၁၀​)မြောက်ရပ်ကွက်ရဲ့ နယ်ထိန်း စောလေးဖော၊ရဲတပ်ကြပ်ကြီးစာရေး(ဂတ်စာရေး)နဲ့ရဲတပ်သားတဦးတို့ဟာ ဒီကနေ့ မတ်လ ၁၇ရက်၊နေ့လယ်ပိုင်းက ရဲစခန်းအရှေ့ မိတ္တူဆိုင်မှာ မိတ္တူကူးနေချိန် သေနတ်သမားနှစ်ဦးက ဆိုင်အ တွင်းဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဖြစ်စဉ်ကိုသိသူတဦးကပြောပါတယ်။

“သူတို့တွေ(ရဲသုံးဦး)ကို ပစ်ဖို့ကြိုစောင့်နေတာကို သူတို့သတိမထားမိဘူးထင်တယ်၊သူတို့တွေရဲစခန်းထဲကထွက်လာပြီး မိတ္တူကူးတာစောင့်နေတဲ့အချိန်မှာ ဟိုကဝင်ပစ်သွားတာ”လို့ (၁၀)မြောက်ရပ်ကွက်မှာနေထိုင်သူတဦးကပြောပါတယ်။

ပစ်ခတ်ခံရမှုကြောင့် နယ်ထိန်းရဲ စောလေးဖောဟာ နေရာပဲပွဲချင်းပြီးသေဆုံးခဲ့ပြီး ရဲတပ်ကြပ်ကြီးကတော့ ရင်ဘတ်ထိမှန်ဒဏ်ရာရရှိခဲ့ကာ ကျန်ရဲတပ်သားတဦးကတော့ ကျည်ဆံလက်မောင်းထိမှန်တဲ့ဒဏ်ရာတွေရရှိခဲ့တယ်လို့သိရပါတယ်။

“ဂတ်စာရေးကြီးကတော့ ရင်ဘတ်ထိတာဆိုတော့ သေ၊မသေတော့မသိဘူး၊စောလေးဖောကတော့ အဲ့မှာပဲ ပွဲချင်းပြီးသွားတာ၊အဓိကကတော့ အခုပွဲချင်း ပြီးသွားတဲ့ နယ်ထိန်စောလေးဖောကို အဓိကလာပစ်တာလို့ထင်တယ်”လို့ (၁၀) မြောက်ရပ်ကွက်မှာ နေ ထိုင်သူကပြောပါတယ်။

ပစ်ခတ်မှုအပြီးမှာတော့ သာကေတအမှတ်(၂)ရဲစ ခန်းက ရဲအများအပြား သေနတ်တွေနဲ့ အခင်းဖြစ်နေရာကို လာရောက်ကြသလို စစ်ကောင်စီတပ်သားအများအပြားလည်း ရောက်ရှိလာပြီး လက်ရှိမှာတော့ သေဆုံးသူရဲ့ရုပ်အလောင်းနဲ့ ကျည်ဆံထိမှန်ဒဏ်ရာရရှိသူတွေကို သယ်ဆောင်သွားပြီလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေက သေနတ်နဲ့ပစ်ခတ်ခဲ့သူနှစ်ဦးကို ပိုက်စိပ်တိုက်ရှာဖွေမှုတွေလည်း လုပ်နေတယ်လို့ဆိုပါတယ်။

ပွဲချင်းပြီးသေဆုံးခဲ့တဲ့ နယ်ထိန်းစောလေးဖောဟာ သာကေတမြို့နယ်ရဲ့ (၁၀)မြောက်ရပ်ကွက်အပါ အဝင် ရပ်ကွက်သုံးခုရဲ့ နယ်ထိန်းအဖြစ် စတင်ပြောင်းရွှေ့လာချိန်ကနေ လက်ရှိအချိန်အထိ ဆယ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီနယ်ထိန်းဟယ  မီးသွေးမှောင်ခိုလုပ်ငန်းတွေဆီက လိုင်းကြေးတောင်းတာ၊မတရားသဖြင့်ဖမ်းဆီးပြီး ခြိမ်းခြောက်ငွေတောင်းခံတာ​တွေလုပ်တာကြောင့် လာဘ်ပေးလာဘ်ယူမှုတွေအပြင် နာမည်ဆိုးနဲ့ကျော်ကြားသူတဦးလည်းဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီအချက်နဲ့ ပတ်သက်လို့ DNA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။