မုံရွာမှာ စစ်ကောင်စီက ပီဒီအက်ဖ်စခန်းသုံးခုနဲ့ လက်နက်ထုတ်လုပ်ရေးစခန်းကို ဝင်ရောက်စီးနင်း၊ ပီဒီအက်ဖ်တွေအပါအဝင် လူပေါင်းနှစ်ဆယ်ကို ဖမ်းဆီး

မတ်၊ ၁၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်ကောင်စီတပ်တွေဟာ မတ်လ ၁၅ရက် မနေ့က မနက်ပိုင်းက မုံရွာမြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်ထဲက ဒေသကာကွယ်ရေးတပ်စခန်း ၃ခုနဲ့ လက်နက်ထုတ်လုပ်ရေးစခန်းကို ဝင်ရောက်စီနင်းပြီး ပီဒီအက်ဖ် ရှစ်ဦးအပါအဝင် လူပေါင်း ၂၀ ကို ဖမ်းဆီးခဲ့ပါတယ်။
 
မုံရွာမြို့၊ စွမ်းရည်ထက်ဆီဆိုင်ကနေ ထွက်တဲ့ အင်အား ၆ဝခန့်ရှိတဲ့ စစ်ကြောင်းဟာ ထနောင်းတောကျေးရွာနဲ့ မုံရွာမြို့ လဝကရုံးကထွက်တဲ့ အင်အား ၃ဝခန့်စစ်ကြောင်းဟာ တာဝါတိုင်ကျွန်းဖက်ကို စစ်ကြောင်းထိုးခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
 
“ ကျွန်တော်တို့အဖွဲ့က ၈ ယောက်လောက်နဲ့ ဒေသခံတွေစုစုပေါင်း၂ဝလောက် ပါသွားတယ်။ စစ်ကြောင်းက ၂ ကြောင်းညှပ်ထိုးတော့ ကင်းစခန်းကို ဝင်စီးရာကနေ ပါသွားတယ် ” လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တဖွဲ့ဖြစ်တဲ့ Black Dragon အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
 
အဆိုပါစစ်ကောင်စီတပ်တွေရဲ့စစ်ကြောင်းထိုးမီးရှို့တာကြောင့် အသက်ကြီးအဖိုးအဖွား ၃ဦးအပါအဝင် လေးဦးမီးလောင် သေဆုံးခဲ့ပြီး အိမ်ခြေ ၆၀ ခန့် မီးလောင်ပျက်စီးခဲ့ပါတယ်။(သတင်းဖော်ပြပြီး)
 
ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ Black Dragon အဖွဲ့ရဲ့ကင်းစခန်းအနီးမှာရှိတဲ့ မုံရွာခရိုင်တပ်ရင်း ၇ရဲ့လက်နက်ထုတ်လုပ်ရေးစခန်းကိုလည်း ဝင်ရောက်စီးနင်းမီးရှို့ခဲ့တယ်လို့လည်း အဲဒီတပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။
 
“ ကျွန်တော်တို့က စခန်းရွှေ့လာတာ မကြာသေးဘူး။ မနေ့က မနက်ပိုင်းက မီးရှို့ခံရတာ။ ဒီနေ့မှ နယ်မြေရှင်းလင်းရေး ပြန်ဝင်ရတာ။ ပျက်စီးဆုံးရှုံးမှုကိုတော့ စားရင်းဇယားမပြုလုပ်ရသေးဘူး “ လို့ မုံရွာခရိုင်တပ်ရင်း ၇ လက်နက်ထုတ်လုပ်ရေးစက်ရုံရဲ့တာဝန်ရှိသူက ပြောပါတယ်။
 
စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းချိန်မှာ ဒေသခံကာကွယ်ရေးတပ်တွေဟာ ပြန်လည်ပစ်ခတ်ချိန်မရပဲ ဆုတ်ခွာပေးခဲ့ရတယ်လို့လည်း ပြောပါတယ်။
 
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ချင်းတွင်းမြစ်အနောက်ဘက်ခြမ်းက ဆားလင်းကြီးမြို့နယ်ထဲမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အခွန်ကောက်ခံနေတဲ့ တပ်စခန်း၁ နဲ့ MPDF က ဗိုလ်သံမဏိရဲ့တပ်ခွဲ ၂ တပ်စခန်းကိုလဲ မနေ့က ဝင်ရောက်စီးနင်းခဲ့ပါသေးတယ်။
 
“ မုံရွာက မိုးလင်းမိုးချုပ်တအုန်းအုန်းကွဲနေတာ။ စစ်တပ်က မြို့ထဲမှာ စစ်တယ်ဆေးတယ်ဆို ဘာမမဟုတ်ပဲ ဖမ်းတယ်။ ပြဿနာရှာငွေညှစ်တယ် ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
 
လက်ရှိအခြေနေမှာ မုံရွာမြို့တွင်းကော မြို့ပြင်မှာပါ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးအခြေနေ တင်းမာနေတယ်လို့ သိရပါတယ်။
 
ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကလည်း မတ်လ ၁၄ရက်၊ ည ၉နာရီကျော်အချိန်က အနောက်မြောက်တိုင်းစစ်ဌာနချုပ်အတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပြီး ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နှစ်ဖက်တိုက်ပွဲဖြစ်ပေါ်ခဲ့တာကြောင့် စစ်ကောင်စီတပ်က ၆ ဦး သေဆုံးခဲ့ပါသေးတယ်လို့ ဆိုပါတယ်။
 
ဒါ့အပြင် မနေ့က မတ်လ ၁၅ရက်ကလည်း မုံရွာမြို့နယ်၊ သာစည်အကျဉ်းထောင်ထဲက စစ်ကောင်စီတပ်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသေအဆုံးများနိုင်တယ်လို့ Chindwin Attack Force က သတင်းထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ – မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး

ပုံစာ – စစ်ကောင်စီတပ်တွေမတ်လ၁၅ရက် မနေ့က စစ်ကြောင်းထိုးမီးရှို့ခဲ့တဲ့မုံရွာမြို့နယ်၊ထနောင်းတောရွာပုံ။