သီရိမင်္ဂလာစျေးက ခိုးဆိုးနှိုက်တွေက ရဲနဲ့ပေါင်းပြီး ပေါ်ပေါ်တင်တင်ဖောက်ထွင်းခိုးယူနေ

မတ်၊ ၃

ရန်ကုန်မြို့၊လှိုင်မြို့နယ်က သီရိမင်္ဂလာစျေးအတွင်းမှာ ခိုးဆိုးနှိုက်တွေက စစ်ကောင်စီလက်အောက်ခံ ရဲကင်းနဲ့ရဲစခန်းက ရဲတွေနဲ့ပေါင်းပြီး စျေးဝယ်သူတွေနဲ့ ကိုယ်ပိုင်ယာဥ်၊အငှားယာဥ်တွေဆီက ခိုးယူးတာတွေအပြင် ဖောက်ထွင်းခိုးယူတာတွေကို ပေါ်ပေါ်တင်တင်လုပ်ဆောင်နေတာကြောင့် စျေးရောင်းချသူတွေ၊စျးဝယ်သူတွေနဲ့အငှားယာဥ်မောင်းစတဲ့ပြည်သူတွေအနေနဲ့ အခက်အခဲတွေဖြစ်နေတယ်လို့  DNAကိုပြောပါတယ်။ 

သီရိမင်္ဂလာစျေးအတွင်း ခိုးဆိုးလုယက်သူတွေဟာ လက်ရှိမှာအုပ်စုဖွဲ့ခိုးယူတာတွေအပြင် ခိုးယူနေတာကိုတွေ့ရှိလို့ ပြောဆိုသူတွေကို အသက်အန္တရာယ်ပေးတဲ့အထိ လုပ်ဆာင်တာကြောင့်လည်း ခိုးယူ၊ဖောက်ထွင်းနေတာကို တွေ့မြင်ပေမယ့် မပြောရဲဘဲ ကြည့်နေရအထိဖြစ်နေတာလို့လည်း စျေးအတွင်းပြေးဆွဲတဲ့ အငှားယာဥ်မောင်းတဦးကလည်းပြောပါတယ်။

“ဒီကောင်တွေရဲ့ခေါင်းဆာင်က လူမိုက်တွေ၊ဒီကောင်တွေခိုးလို့ရမျှကိုသူတို့ဆီအပ်ရတယ်။သူတို့ကမှစျေးဖြတ်ပြီး သူခိုးတွေကိုပေးတာ။ကားတွေဆိုလည်း လူမရှိတာနဲ့ပေါ်တင် သော့အတုနဲ့ဖွင့်ပြီး တစီးလုံးမွှေနှောက်ယူတာ။အဲ့ဒါကိုတွေ့လို့ပြောရင် ပြန်သွားပြီးမှ လူမိုက်ဆိုတဲ့ကောက်တွေကအနားကအပ်လာပြီး ခဲတံချွန်တဲ့ဓားနဲ့ ဗိုက်ကို လှီးသွားတာ။အဲ့တော့မြင်လည်း ဘယ်သူကမှမပြောရဲဘူးဖြစ်နေတယ်”လို့ အငှားယာဥ်မောင်းတဦးကပြောပါတယ်။

ဒေါပုံမြို့၊ ရန်အောင်မှတ်တိုင်မှာအမျိုးသမီးငယ်တဦး ကားစောင့်နေတုန်းပိုက်ဆံအိတ်လုယက်ခံရလို့အော်ဟစ်အကူအညီတောင်းတာကိုလုယက်သူကဓားနဲ့ထိုးထဲ့တဲ့ဖြစ်စဉ်ပြီးခဲ့တဲ့လ၂၄ရက်ကဖြစ်ပွါးခဲ့ပါသေးတယ်။

အခုလို စျေးရောင်းချသူတွေ၊စျးဝယ်သူတွေနဲ့အငှားယာဥ်မောင်းတွေနေနဲ့ အခက်အခဲဖြစ်နေတာကြောင့် တချို့ခိုးယူခံရသူတွေဟာ ခိုးယူသူကို သိမြင်တဲ့အတွက် ရဲကင်းနဲ့ရဲစခန်းကို တိုင်ကြားပေမယ့် ရဲတပ်ဖွဲ့ဝင်တွေဟာ အဖမ်းပြပြီး ပြန်လွှတ်ပေးတာကြောင့် ခိုးနေတာမြင်ပေမယ့် မပြောရဲဘဲငြိမ်နေရတယ်လို့ ကုန်းစိမ်းအရောင်းဒိုင်ပိုင်ရှင်တဦးက ပြောပါတယ်။

” အရင်ကတော့ ပစ္စည်းတွေခိုးတယ်။အလစ် သုတ်တာပေါ့။ အရမ်းအတင့်မရဲဘူးပေါ့။အခုကျတော့ ဒီကောင်တွေမှာခေါင်းဆောင်ရှိတယ်။ပစ္စည်းခိုးလို့ရဲသွားတိုင်ရင် ရဲကအဖမ်းပြတာ။ပြီးရင် အဲ့ဒိခေါင်းဆောင်ဆိုတဲ့ကောင်နဲ့ညှိပြီး ပိုက်ဆံယူပြီး ပြန်လွှတ်ပေးလိုက်တယ်။”လို့ ကုန်းစိမ်းအရောင်းဒိုင်ပိုင်ရှင်တဦးက ပြောပါတယ်။

လက်ရှိမှာ ခိုးယူသူတွေဟာ ကုန်ပစ္စည်းကားတွေပေါ်တွယ်ကပ်တက်ပြီး ပစ္စည်းဆွဲချပြီး ခိုးယူတာ၊ရပ်ထားတဲ့ကားတွေကို ဖောက်ထွင်းခိုးယူတာ၊ကုန်ပစ္စည်း အထမ်းသမားတွေအနောက်ကနေ အိတ်တွေကိုဓားနဲ့ခွဲပြီး ပစ္စည်းခိုးယူတာတွေအပြင် စျေးဝယ်သူတွေထံက ခါးပိုက်နှိုက်တာတွေပါလုပ်ဆောင်နေတာကြောင့် တချို့ခိုးယူ၊ဖောင်ထွင်းခံရသူတွေဟာ ငွေကျပ်သိန်းဆယ်နဲ့ချီအထိဆုံးရှုံးနစ်နာခဲ့ရတဲ့အခြေအနေတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။