ကလေးမြို့မှာ ပျံကျအသားသည်တွေဆီက အသားတွေကို စစ်သားတွေကသိမ်းယူ

မတ်၊ ၂

ကလေးမြို့လမ်းဆုံအရှေ့ဘက်၊ မြို့မစျေးရှေ့ကမိုးမလင်းစျေး (မီးခွက်စျေး) မှာ ဝက်သား၊အမဲသားရောင်းနေတဲ့အသားသည်တွေဆီက အသားတွေအားလုံးကို စစ်သားတွေက ဒီကနေ့ မတ်လ ၂ ရက်နေ့ မနက်ခြောက်နာရီဝန်းကျင်မှာ လာရောက်သိမ်း ယူသွားခဲ့တယ်လို့ အဲ့ဒီစျေးမှရောင်းချတဲ့စျေးသည်တွေဆီကသိရပါတယ်။

“သူတို့ကတန်းစီပြီးလာတာ၊အရပ်ဝတ်တွေနဲ့၊သေနတ်တွေကိုင်ပြီးမှအယောက်နှစ်ဆယ်လောက်ရှိတယ်၊သူတို့နောက်ကမှ ကားအသေးလေးစီးကလိုက်လာတာ၊ တစျေးလုံးကိုတိတ်ဆိတ်သွားတာ” လို့ ကိုယ်တွေ့ကြုံခဲ့တဲ့စျေးသည်တဦးကပြောပါတယ်။

အရပ်ဝတ်နဲ့လက်နက်ကိုင်ဆောင်လာတဲ့စစ်ကောင်စီအဖွဲ့ဝင်တွေက လမ်းဘေးမှာ ချရောင်းနေတဲ့ ဝက် သားသည်နဲ့ အမဲသားသည်တွေဆီက အသားတွေအားလုံးကိုသိမ်းဆည်းပြီး ကားပေါ်ကိုတင်ယူသွားကြတာဖြစ်တယ်လို့သိရပါတယ်။

“ဝက်သားသည်တယောက်က အဖမ်းခံရပြီး ပြီးချင်းဖုန်းဆက်လို့ဆိုပြီးခေါ်သွားတယ်၊ အသားတွေသိမ်းနေတုန်းမှာအော်တဲ့တယောက်ကို သေနတ်နဲ့ချိန်ပြီးခေါ်သွားတယ်၊အခုသူတို့နှစ်ယောက်လုံးလွတ်လာပြီ” လို့ စျေးသည်တဦးကပြောပါတယ်။ 

ဖမ်းဆီးခံရပြီးပြန်လွတ်လာသူတွေဟာအမျိုးသားတဦးနဲ့ အမျိုးသမီးတဦးဖြစ်ပြီး နောက်ထပ်အမျိုး သားတဦးကိုလည်းဆိုင်ကယ်စီးတာကြမ်းလို့ဆိုပြီး ဖမ်းဆီသွားသေးတယ်လို့သိရပါတယ်။အဲ့ဒီဆိုင်ကယ်စီးအမျိုးသားကိုလည်း စျေးသည်တွေနဲ့အတူ ပြန်လွတ်လိုက်တယ်လို့သိရပါတယ်။

စစ်ကောင်စီအဖွဲ့ဝင်တွေက မိုးမလင်းစျေးမှာရောင်း ချနေတဲ့ အသားသည်တွေကိုအခုလိုဖမ်းဆီးတာဟာ အသားလိုင်စင်ဆွဲထားသူတွေက တိုင်ကြားတာကြောင့်ဖြစ်နိုင်တယ်လို့ စျေးသည်တွေနဲ့မြို့ခံတွေကပြောပါတယ်။

“လမ်းဘေးမိုးမလင်းစျေးမှာ ရောင်းတဲ့သူတွေက ထူးစျေးချိုတာတော့မဟုတ်ဘူး၊တပိသာ သောင်း ခြောက်ထောင်ဝန်းကျင်ပဲ၊ဒါပေမယ့် သူတို့ကရေမထိုးဘူး။ အလေးပြည့်၊အသားကောင်းတယ်၊ အဲ့တော့ သူတို့ဆီကပဲဝယ်ကြတာများတယ်၊စျေးကြီးထဲက လိုင်စင်မှာအဝယ်နည်းသွားတာကြာပြီ” လို့ကလေးမြို့ခံတဦးကပြောပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းက စီးပွားရေးကျပ် တည်းမှုတွေကြောင့် ကလေးနယ်ကပြည်သူတချို့ဟာ ကိုယ်တိုင်ဝက်ပေါ်တာနဲ့ဝက်ပေါ်သူတွေဆီက ဖောက်သည်ယူတဲ့အသားတွေကို မိုးမလင်းစျေးနဲ့ ကျေးရွာတွေ၊ရပ်ကွက်တွေထဲမှာရောင်းချနေကြတာ တနှစ်ကျော်ပြီဖြစ်တယ်လို့ အသားရောင်းဝယ်သူတဦးကပြောပါတယ်။

“စီးပွားဖြစ်မဟုတ်ဘူး၊စားဝတ်နေရေးပဲဗျ၊ စျေးသည်အများစုက ဝက်ပေါ်တဲ့ဆီကနေဖောက်သည်ယူရောင်းကြရတာ၊ဝက်ပေါ်ပေးလိုက်တဲ့သူကလည်း စျေးသည်ဆီကရမှ ပိုက်ဆံရမှာ၊စားစရာရမှာကိုး” လို့ သူကပြောပါတယ်။

ဒီကနေ့မနက်မှာ စစ်ကောင်စီအဖွဲ့ဝင်တွေက စျေးထဲကိုလက်နက်တွေနဲ့ဝင်ရောက်ပြီး အသားသည်တွေဆီက သိမ်းဆည်းတာကြောင့် စျေးသည်တချို့ ထိန့်လန့်ပြီးပြေးတာမျိုးတွေလည်းရှိတယ်လို့သိရပါတယ်။

“သူတို့က အရှေ့ဘက်ကနေလာတာဆိုတော့ အ နောက်ဘက်လမ်းဆုံနားကစျေးသည်တွေက ဘာမှန်းမသိလန့်ပြေးကြတာပ၊ ဒီနေ့အဖို့တော့သူတို့ဟင်းဝယ်စရာမလိုတော့ဘူးပလေ၊ အနည်းဆုံးဝက်သားရော၊အမဲသားရောဆို ပိသာချိန်တရာလောက်တော့ပါသွားတယ်” လို့ မြို့ခံတဦးကပြောပါတယ်။

ကလေးမြို့ မီးခွက်စျေးခေါ် မိုးမလင်းစျေးဟာ က လေးမြို့အဓိကလမ်းဆုံကြီးအရှေ့ဘက်၊ မြို့မစျေးအရှေ့ဗိုလ်ချုပ်လမ်းမကြီးလမ်းဘေးဝဲယာမှာ ​မနက်နှစ်နာရီဝန်းကျင်ကနေ မိုးလင်းချိန်ထိရောင်းကြတဲ့ အသီးအရွက်အသားငါးစျေးတခုဖြစ်ပါတယ်။