ပြည်တွင်းက ကြက်ငှက်တုပ်ကွေး ရောဂါဟာ လူအချင်းချင်း ကူးစက်မှု မရှိဘူးလို့ ကမ္ဘောဒီးယား ထုတ်ပြန်

မတ်၊ ၂

ပြည်တွင်းမှာ တွေ့ရှိတဲ့ ကြက်ငှက်တုပ်ကွေး ရောဂါဟာ လူအချင်းချင်း ကူးစက်မှု မရှိဘူးလို့ ကမ္ဘောဒီးယား အာဏာပိုင်တွေက ထုတ်ပြန်လိုက်ပါတယ်။

 ဒါကြောင့်လည်း ဖေဖော်ဝါရီလ နှောင်းပိုင်းက ပရေဗန် ဒေသမှာ H5N1 ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ် ကူးစက်ခံရသူ နှစ်ဦးဟာ လူအချင်းချင်း ကူးစက်တာ မဟုတ်ဘဲ ကြက်ခြံတွေကနေ ကူးစက်လာတယ်လို့ ယုံကြည်ရပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက်က အသက် ၁၁ နှစ်အရွယ် ကလေးမလေး တစ်ဦးဟာ ကြက်ငှက်တုပ်ကွေးကြောင့် ကွယ်လွန်သွားခဲ့ပြီး သူ့ဖခင်ကလည်း ရောဂါလက္ခဏာတွေ ပြသလာလို့ ဆေးစစ်တဲ့အခါ Positiveရလဒ် ထွက်ခဲ့ပါတယ်။

 အခုတော့ ဖခင်ဖြစ်သူရဲ့ ရောဂါလက္ခဏာတွေ လျော့ပါးသွားသလို ဆေးစစ်မှု ၃ ကြိမ်ဆက် Negative အဖြေ ထွက်တာကြောင့် အိမ်ပြန်ခွင့် ပြုလိုက်ပြီလို့ ကမ္ဘောဒီးယား ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ဆိုပါတယ်။

 ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က H5N1ဟာ ကြက်ငှက်တွေကနေတဆင့် လူသားတွေကို ကူးစက်နိုင်ခြေ အရမ်းနည်းတယ်လို့ မှတ်ချက် ပေးထားခဲ့ပေမယ့်လည်း တမိသားစုထဲက လူ ၂ ဦးထိ ကူးစက် ခံရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အရေးတကြီး စောင့်ကြည့်ခဲ့ပါတယ်။

 ကြက်ငှက်တုပ်ကွေးဟာ ရာသီအလိုက် ရွှေ့ပြောင်းကြတဲ့ တောငှက်ရိုင်းတွေကနေတဆင့် မွေးမြူရေး ခြံတွေက ကြက်နဲ့ဘဲတွေဆီ ကူးစက်တတ်ပါတယ်။ ကံအကြောင်းမလှတဲ့ အခြေအနေမှာတော့ လူသားအပါအဝင် နို့တိုက် သတ္တဝါတွေဆီပါ ထပ်ဆင့် ကူးစက်နိုင်ပါတယ်။

 ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ကမ္ဘာ့နိုင်ငံ တချို့မှာ ကွဲပြားတဲ့ နို့တိုက်သတ္တဝါ မျိုးစိတ်တချို့ပါ ကြက်ငှက်တုပ်ကွေး ကူးစက် ခံရမှုတွေ ရှိခဲ့တဲ့နောက် ကျန်းမာရေး ပညာရှင်တွေကြားမှာ စိုးရိမ်တကြီး ဆွေးနွေးမှုတွေ ရှိလာခဲ့ပါတယ်။

 ကမ္ဘောဒီးယား ကျန်းမာရေး ဝန်ကြီးဌာနကတော့ ပြည်တွင်းက ကူးစက်လူနာ သားအဖ နှစ်ဦးနဲ့ ပတ်သက်ပြီး အချင်းချင်း ကူးစက်တာလား၊ ကြက်ခြံတွေက ကူးစက်လာသလား ဆိုတာကို အဓိက ခြေရာခံ စစ်ဆေးခဲ့တယ်လို့ ပြောပါတယ်။ ဗိုင်းရပ်စ်ဟာ မျိုးဗီဇ ဆင့်ကဲပြောင်းလဲမှုတွေ ရှိလာရင် လူအချင်းချင်းပါ ပျံ့နှံ့နိုင်တဲ့ အဆင့်ထိ ရောက်လာမှာကို စိုးရိမ်ရတာကြောင့်ပါ။

 ကျန်းမာရေး ဝန်ကြီးဌာနရဲ့ အဆိုအရ ရွာထဲက ကြက်ခြံတွေမှာ ရောဂါ ကူးစက်မှုတွေ ရှိခဲ့တာကို အတည်ပြုနိုင်ပေမယ့် လူအချင်းချင်း ကူးစက်တဲ့ ဘာအထောက်အထားမှ မတွေ့ခဲ့ရဘူးလို့ သိရပါတယ်။ လတ်တလောမှာတော့ ရောဂါကူးစက်မှုတွေ ဖြစ်ပေါ်ရာ ဒေသတွေက မွေးမြူရေး ခြံတွေမှာ ကြက်ဘဲတွေကို ဖျက်ဆီးပစ်နေတယ်လို့လည်း အာဏာပိုင်တွေက အတည်ပြုသွားပါတယ်။