ဖေဖော်ဝါရီ၊ ၂၇
ပဲခူးတိုင်း၊ဝေါမြို့နယ်၊ရန်ကုန်-မော်လမြိုင် ကားလမ်းမအနီး ဘုရားပျို့ကျေးရွာရှိစစ်ဆေးရေးဂိတ်ပစ်ခတ်မှုမှာ စစ်ကောင်စီဖက်က ၂ဦးသေဆုံး၊၄ဦးဒဏ်ရာရပြီးနောက် ဒေသခံ လူငယ်၄ဦးကိုဖမ်းဆီးလိုက်တယ်လို့ဒေသခံတွေကပြောပါတယ်။
ဝေါမြိ့နယ်ကာကွယ်ရေးတပ်ဖွဲ့တွေကစစ်ဆေးရေးဂိတ် ကို မနေ့ ဖေဖော်ဝါရီလ ၂၆ ရက်၊ည ၈ နာရီခွဲ အချိန်မှာ တိုက်ခိုက်ပြီးနောက် ဒီကနေ့ မနက်၁၁ နာရီကစပြီး ကျေးရွာအဝင်အထွက်လမ်းတွေကိုစစ်တပ်နဲရဲအဖွဲ့ကအသွားအလာယာယီပိတ်ပင်ထားတယ်လို့လည်းဆိုပါတယ်။
“ကျေးရွာထဲက အသက် ၂၅ နှစ်အရွယ် နဲ့အသက် ၃၀ နှစ်အရွယ် လူငယ် ၄ ဦးကိုကျေးရွာအုပ်ချုပ်ရေးရုံးအတွင်းဖမ်းဆီးစစ်ဆေးနေတယ်” လို့ဘုရားပျို့ကျေးရွာဒေသခံတစ်ဦးကပြောပါတယ်။
ပစ်ခတ်ခံခဲ့ရတဲ့ဘုရားပျို့ကျေးရွာစစ်ဆေးရေးဂိတ်ဟာရန်ကုန်-မော်လမြိုင်ကားလမ်းမအနီးတည်ရှိကာစစ်တပ်နဲ့ရဲအဖွဲ့အင်အား၁၀ ဦးခန့်နဲ့ ငွေကြေးအတင်းအကျပ်ကောက်ခံနေတဲ့စစ်ဆေးရေးဂိတ်တစ်ခုဖြစ််တယ်လို့ဒေသခံတွေကဆိုပါတယ်။
“ရွာအဝင်အထွက်လမ်းမကိုခနပိတ်ထားတယ်။အခုလောလောဆယ်အပြင်ထွက်မရဘူးဖြစ်နေတယ်။ လမ်းမပေါ်မှာလည်းစစ်တပ်ကောရဲတွေအင်အား ၅၀ နီးပါးလောက်ရှိနေတယ်။ညကျရင်ဧည့်စာရင်းစစ်မှာလားမပြောတတ်ဘူး” လို့သူကပြောပါတယ်။
မြို့ပြတော်လှန်ရေးအဖွဲ့ရဲ့ပစ်ခတ်မှုကြောင့်ကျေးရွာ ရာအိမ်မှူးတဦးနဲ့အရန်မီးသတ်ဝန်ထမ်း တဦး စုစုပေါင်း နှစ်ဦး သေဆုံးခဲ့ပြီးစစ်ကောင်စီတပ်မှ တပ်ကြပ် တဦး၊ နယ်ထိန်းရဲ တဦးနဲ့ပျူစောထီး အဖွဲ့ဝင်ပြည်သူ့စစ် နှစ်ဦး စုစုပေါင်း (၄) ဦး ပြင်းထန်စွာ ဒဏ်ရာရရှိကာ ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ထားရတယ်လို့မျက်မြင်တွေ့ရှိခဲ့ရတဲ့ဒေသခံတဦးကဆိုပါတယ်။
” ဂိတ်ကိုစက်သေနတ်နဲ့ဆွဲသွားတယ်။အချက် ၂၀လောက်ရှိတယ်။ ရာအိမ်မှုးနဲ့မီးသတ်တယောက်ကပွဲချင်းပြီးသေတယ်။ကျန်တဲ့စစ်တပ် ကတပ်ကြပ်ရယ်ရွာကနယ်ထိန်းရယ်ပျူစောထီး နှစ်ယောက်ကအခြေအနေမကောင်းလို့ရန်ကုန်ကိုပို့ထားရတယ်” လို့သူကပြောပါတယ်။
ဘုရားပျိူ့ကျေးရွာစစ်ဆေးရေးဂိတ်ပစ်ခတ်ခံရတာနဲ့ပက်သက်လို့ တရားမဝင်မှောင်ခိုလမ်းကြောင်းအဖြစ် ငွေကြေးကောက်နေတာကြောင့်စစ်ဆေးရေးဂိတ်ကိုနန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဝင်ရောက်ရှင်းလင်းပစ်ခတ်ခဲ့တာဖြစ်တယ်လို့မြို့ပြတော်လှန်ရေးအဖွဲ့ ဝေါမြို့နယ်(PDF)အဖွဲ့ကဒီကနေ့မှာသတင်းထုတ်ပြန်ပါတယ်။
ဝေါမြို့နယ်မှာယခုလပထမအပတ်အတွင်း မြစ်ကျိူးရဲစခန်းနဲ့လက်ပန်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွေကိုဝေါမြို့ပြတော်လှန်ရေးအဖွဲ့ရဲ့ဗုံးသီးပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်အင်အား ၅ ဦးထက်မနည်း ထိခိုက်သေဆုံးထားပါတယ်။
ပုံစာ-ဝေါမြို့နယ်၊ ဘုရားပျို့ကျေးရွာစစ်ဆေးရေးဂိတ်ပစ်ခတ်ခံရပြီးဒဏ်ရာရရှိတဲ့စစ်ကောင်စီတပ်သားတဦးကို လူနာတင်ယာနဲ့ခေါ်ဆောင်သွားပုံ