ဘုရားပွဲတော်တွေကို အကာအကွယ်ယူပြီး ပုသိမ်ခရိုင်က သစ်တောတွေထဲ ဆင်သတ် မုဆိုးတွေ ရောက်ရှိနေ

ဖေဖော်ဝါရီ ၂၆

ဧရာ၀တီတိုင်း ၊ပုသိမ်ခရိုင် အတွင်းရှိ ပုသိမ် ၊ငပုတော ၊သာပေါင်း မြို့နယ် တို့က ဘုရားပွဲတော်တွေကို အကာအကွယ် ယူပြီး ဒေသအတွင်း သစ်တောတွေထဲကို ဆင်သတ်မုဆိုးတွေ ရောက်နေတယ် လို့ ဒေသခံ တွေထံက သိရပါတယ်။

” ငပုတောက မော်တင် ဘုရားပွဲတော် ၊ သာပေါင်းက တောင်ညို ဘုရားပွဲတော် နဲ့ ပုသိမ် က ဒီပါရုံ ဘုရားပွဲတော် တွေကို အကာအကွယ်ယူပြီး အဖွဲ့လိုက်ခွဲပြီး ဝင်လာတာ ” လို့ ဒေသခံ “ဆင်ချစ်သူများ အသင်း”ဝင်တဦး က DNA ကို ပြောပါတယ်။

တောဆင်ရိုင်းတွေ ကျက်စားရာဒေသဖြစ်တဲ့ ပုသိမ်၊ ငပုတော နဲ့ သာပေါင်းမြို့ နယ် တွေထဲက ရခိုင်ရိုးမ တောင် စွယ်  တောတောင် တွေရဲ့ အနီး ဆုံးနေရာကို ဆင်သတ်မုဆိုးတွေက  အဖွဲ့တွေခွဲပြီး ယခုဖေဖေါ်ဝါရီလ ဒုတိယပါတ် အတွင်းမှာ ဝင်ရောက်လာကြတာပါ။

မြို့နယ် ၃ ခုရဲ့ ဘုရားပွဲ ရာသီချိန် နဲ့  သင်္ကြန်ကာလမှာ နယ်ပေါင်းစုံက လာကြတဲ့ သူတွေအများအပြားထဲမှာ ဘုရားဖူး ခရီးသည်ဟန် ၊ နယ်လှည့်စျေးသည်ဟန် ၊ အပန်းဖြေ ခရီးသည်ဟန် ဟန်ဆောင်ကာ ဝင်ရောက်လာကြတာဖြစ်ပြီး အနည်း ဆုံး ၃ ဦး ပါဝင်တဲ့ အဖွဲ့ ၈ ဖွဲ့ ခန့် ရောက်ရှိနေတယ်လို့ တောဆင်ရိုင်း ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး အဖွဲ့ဝင် တဦးက ရှင်းပြပါတယ်။

ယင်းဒေသတွေ အတွင်းလှည့်လည် ကျက်စား နေတဲ့ တောဆင်ရိုင်းတွေကို ဘုရားပွဲတော်ကာလ နဲ့ သင်္ကြန်ကာလ ရောက်တိုင်း မုဆိုးတွေကလာရောက် သတ်ဖြတ်လေ့ ရှိပြီး  ဆင်စွယ်သာမက အရိုး၊ အရေ၊အရိုးတို့ကိုပါသစ်တောထွက် ပစ္စည်း မှောင်ခို ကုန်သည် တွေက နည်းလမ်း အမျိုးမျိုးသုံးကာ တရုတ်နိုင်ငံ နဲ့ ထိုင်းနိုင်ငံ နယ်စပ် ကို  ပို့ဆောင်ရောင်းချ ကြပါတယ်။

” အရင်ကတော့ သစ်တောရဲ ၊သစ်လုပ်ငန်းဦးစီး ဌာန နဲ့ ဒေသခံ တောဆင်ရိုင်းထိန်းသိမ်း ကာကွယ်ရေး အဖွဲ့တွေ ပူးပေါင်းတဲ့ စခန်းကြီး ၃ခု ဖွင့်ပြီး တောဆင်ရိုင် တွေ ကို ထိန်းသိမ်း စောင့် ရှောက်ခဲ့တယ်” လို့ ပုသိမ်ဒေသခံ သဘာဝ ပါတ် ဝန်းကျင် ထိမ်းသိမ်းရေး အဖွဲ့ဝင်တဦး ကပြောပါတယ်။

စစ်တပ်အာဏာသိမ်း ပြီးနောက်ပိုင်း တော ဆင်ရိုင်းတွေကို ထိန်းသိမ်း စောင့်ရှောက်ဖို့ ယင်း သစ်တောတွေ အတွင်း သစ်တောရဲတွေနဲ့ ပူးပေါင်းအဖွဲ့တွေဟာ ကင်းလှည့်တာ စခန်းဖွင့် စောင့်ကြည့်တာမျိုး မရှိတော့ဘူး လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်၊က ပုသိမ် မြို့နယ် ၊ချောင်းသာဒေသ၊ ကန်ကြီးကျေးရွာ အုပ်စု၊ ငပိန်ဒလယ် ရွာ အရှေ့ တောင်ဘက် တောစပ်မှာ အမြင့် ၈ ပေခွဲရှိ တဲ့ ဟိုင်းဆင်အမျိုးအစား တောဆင်ရိုင်းတကောင် သတ်ဖြတ်ခံခဲ့ ရတယ်လို့သစ်တောဦးစီး ဌာန ကသိရပါတယ်။

၂၀၂၂ ခုနှစ်၊အတွင်း က ငပုတော နဲ့ ပုသိမ်မြို့နယ် က သစ်တောတွေအတွင်း တောဆင်ရိုင်း ၄ ကောင်ထက် မနဲ သတ်ဖြတ်ခံရပြီး ၂၀၂၃ နှစ်အစမှာ တောဆင်ရိုင်း တကောင် အသတ် ခံရပေမယ့် ဆင်သတ် မုဆိုးတွေကိုတော့ ဖမ်းဆီးရ မိမှု မရှိခဲ့သေးပါဘူး ။

မြန်မာနိုင်ငံမှာ ၂၀၁၉ခုနှစ်၊စာရင်းတွေအရတောဆင််ရိုင်း ၂၀၀၀ခန့်ရှိပြီး ၂၀၁၀ပြည့်နှစ်ကနေ ၂၀၁၈ခုနှစ်၊ဇူလိုင်လအထိတောဆင်ရိုင်း၁၂၃ကောင်အသတ်ခံခဲ့ရပါတယ်။