အရှိုချင်းလူငယ်နှစ်ဆယ်နီးပါး ဖမ်းဆီးခဲ့တဲ့ မင်းတုန်းနယ်က စစ်တပ်ဂိတ်မီးရှို့ဖျက်ဆီးခံရ

မကွေးတိုင်း သရက်ခရိုင် မင်းတုန်းမြို့နယ် ရခိုင်ရိုးမတောင်ခြေ ပြောင်းရွာနဲ့ သီးပင်ကုန်းရွာကြားက စစ်ကောင်စီ စစ်ဆေးရေးဂိတ်နဲ့ကင်းစခန်းကို ဖေဖော်ဝါရီ (၁၅)ရက် မနေ့က ညသန်းခေါင်အချိန်မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မင်းတုန်းနယ် အခြေ စိုက် Swallow PDF -MAGWAY သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်နွေဦးက DNA ကို ပြော ပါတယ်။

“အဲ့ဒီကင်းစခန်းက အနီးပတ်ဝန်းကျင်က ရွာခံတွေကို သစ်ပင်ကြီးတွေခုတ်လှဲခိုင်းတာ၊ အိမ်ထောင်စုအလိုက် ဝါး တွေတောင်းယူ ကာရံခိုင်းတာတွေရှိတယ်၊ အဲ့ဒါကြောင့် မီးရှို့ဖျက်ဆီးခဲ့တာလို့”သူကပြောပါတယ်။

မီးရှို့ဖျက်ဆီးမှုလုပ်ချိန်မှာ အဲ့ဒီကင်းစခန်းထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိမနေဘဲ ထွက်ခွာသွားကြချိန်ဖြစ်လို့ တိုက်ပွဲတော့ မဖြစ်ခဲ့ဘူးလို့ သိရပါတယ်။စခန်းမီးရှို့ဖျက်ဆီးခံရပြီးနောက် ဒီကနေ့မနက်ပိုင်းမှာ စစ်တပ်က အဲ့ဒီ အနီးတဝိုက် နယ်မြေရှင်းလင်းရေးလုပ်နေတယ်လို့လည်း ဒေသကာကွယ်ရေးအင်အားစုတွေကပြောပါတယ်။

အဲ့ဒါကြောင့်ပြောင်းကျေးရွာ၊ သီးပင်ကုန်း၊ထန်းပင်ကုန်း၊သဖန်ယောင်၊ ဝက်ကော်စတဲ့ ဒေသတွင်း ကျေးရွာတွေက ပြည်သူတွေအနေနဲ့ စစ်တပ်ကင်းစခန်းရှိခဲ့ရာလမ်းပိုင်းကိုအသုံးမပြုကြဖို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်အသိပေးထားပါတယ်။

ယခုမီးရှို့ခံရသော ပြောင်းရွာစစ်ဆေးရေးဂိတ်ဟာ ရခိုင်ရိုးမတွင်းက ရဒေသခံတွေကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တွေကို ရိက္ခာများထောက်ပံ့တယ်ဆိုကာ စွပ်စွဲဖမ်းဆီးမှုတွေလုပ်လေ့ရှိပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းကလည်း အဲ့ဒီဂိတ်မှာ ဒေသခံအရှိုချင်းတိုင်းရင်းသား နှစ်ဆယ်နီးပါးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဂိတ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ အရှိုချင်းတိုင်းရင်းသားတွေဟာ လက်ရှိအချိန်အထိ သရက်အကျဉ်းထောင်မှာဖမ်းဆီး ခံထားရဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ပြောင်းရွာ စစ်ဆေးရေးဂိတ်က စစ်သားနှစ်ဦးဟာလည်း အခု လအတွင်း ပစ်ခတ်ခံရပြီးသေဆုံးခဲ့ပါသေးတယ်။

ပြောင်းရွာစစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ဈေးထွက်ဝယ်ချိန် ဖေဖော်ဝါရီ(၉)ရက်မှာ ဒေသကာ ကွယ်ရေးတပ်တခုဖြစ်တဲ့ သရက်ခရိုင်တပ်ရင်း-၄ Eagle Force မှ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။