စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ မနေ့က ဖောဖော်ဝါရီ (၈) ရက် တရက်တည်းမှာပဲ စစ်ကောင်စီနဲ့ ပျူစောထီးတွေ ရှိနေတဲ့ နေရာသုံးခုကို မြု့ပြပြောက်ကျားအင်အားစုတွေက တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
စစ်ကောင်စီအဖွဲ့ဝင်တွေရှိတဲ့ မြို့အနောက်ပိုင်းက တာဟန်းကင်းတဲ၊ မြို့အလယ်က RTC ဝင်းနဲ့ မီတာခ ကောက်ခံရာမှာ လုံခြုံရေးလိုက်ပါပေးတဲ့ ပျူစောထီးတွေကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ကလေးမြို့ပြစီမံချက် UG အဖွဲ့ကလည်းထုတ်ပြန်ပါတယ်။
“ဆယ့်တနာရီကျော်လောက်နေမယ်၊ ကင်းတဲကိုထုသွားတာ၊ တိုက်ရိုက်တော့မှန်မသွားဘူး၊ ဘန်ကာနောက်ကျောဘက်ကျတာ၊ ပျက်စီးတာမျိုးတော့ရှိတယ်၊ လူထိမထိတော့မသိဘူး” လို့ တာဟန်းရပ်ကွက် နေကြာတိုက်နားက ကင်းတဲတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး အနီးဝန်းကျင်နေ ပြည်သူတဦးက ပြောပါတယ်။
မြို့လယ်က RTC ဝင်းကို တိုက်ခိုက်မှုမှာတော့ ဝန်းကကျယ်ပြီး အုတ်တံတိုင်းကာရံထားတဲ့အတွက် အသံပဲကြားလိုက်ရပြီး ထိခိုက်မှုအခြေအနေကို မမြင်လိုက်ရဘူးလို့ RTC အနီးက ဇင်ရပ်ကွက်မှာ နေထိုင်သူတဦးက ပြောပါ တယ်။
ဒါ့အပြင် ကလေးမြို့အခြေစိုက် စစ်ကောင်စီ ထောက်ပို့တပ် (၉၃၄) ရဲ့ အနောက်ဘက်ရပ်ကွက်မှာ လျှပ်စစ်မီတာခ ကောက်ခံနေတဲ့ ဝန်ထမ်းတွေကို လုံခြုံရေးလိုက်ပေးနေတဲ့ ပျူစောထီးငါးဦးကိုလည်း မြို့ပြပြောက်ကျားအင်အားစုတွေက မနေ့ကပဲ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတိုက်ခိုက်မှုမှာ ပျူစောထီးသုံးဦး ထိမှန်လဲကျခဲ့ပြီး ကျန်ပျူစောထီးနှစ်ဦးကတော့ ရုတ်ပျက်ဆင်းပျက် ထွက်ပြေးသွားကြတယ်လို့ မြို့ပြစီမံချက် UG အဖွဲ့က ထုတ်ပြန်ပါတယ်။ အဲ့ဒီအခြေအနေကိုတော့ DNA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိပါဘူး။
ကလေးမြို့ တောင်ဇလပ်ရပ်ကွက်က ဆည်မြောင်းရုံးကိုလည်း UG အဖွဲ့က အခုလဆန်းပိုင်းမှာပဲ နှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး စစ်သားသုံးဦး သေဆုံးခဲ့ပါတယ်။
ဆည်မြောင်းရုံးတိုက်ခိုက်ခံရအပြီးမှာ စစ့်ကောင်စီက ရုံးထဲမှာအင်အား တိုးချထားပြီး တိုက်ခိုက်မှုတွေ ထပ်ဖြစ်နိုင်တာကြောင့် ရုံးအနီးဝန်းကျင်ကပြည်သူတချို့ ဘေးလွတ်ရာကို ရွှေ့ပြောင်းနေထိုင်ကြတယ်လို့လည်း ရပ်ကွက်တွင်းနေထိုင်သူတွေဆီကနေ သိရပါတယ်။
ကလေးမြို့ပေါ်က စစ်ကောင်စီတပ်တွေဟာ ခုရက်ပိုင်းအတွင်း လက်နက်ကြီးတွေနဲ့ မြို့အနီးဝန်းကျင်ကို နေ့စဥ် ပစ်ခတ်နေပြီး မြို့တွင်းမှာလည်း တိုက်ခိုက်မှုတွေအချိန်မရွေး ဖြစ်နိုင်တာကြောင့် ပြည်သူတွေအနေနဲ့ သတိထားသွားလာကြဖို့ တော်လှန်ရေးအင်အားစုတွေက နှိုးဆော်ထားပါတယ်။