ဩစတြေးလျမှာ လမ်းပေါ် ကျပျောက်ခဲ့တဲ့ ရေဒီယို သတ္တိကြွ ပစ္စည်းကို ပြန်ရှာတွေ့

ဩစတြေးလျနိုင်ငံ အနောက်ပိုင်းမှာ သယ်ယူပို့ဆောင်ရင်း ပျောက်ဆုံးသွားတဲ့ ရေဒီယို သတ္တိကြွ ပစ္စည်း အသေးစားလေးကို ပြန်ရှာတွေ့ခဲ့ပြီလို့ တာဝန်ရှိသူတွေက ကြေညာခဲ့ပါတယ်။

Caesium-137 ဓာတ်ပစ္စည်းတွေ သိုလှောင်ထားတဲ့ အသေးစား သတ္တု ဘူးလေးဟာ ကီလိုမိတာ ၁၄၀၀ လောက် ရှည်လျားတဲ့ လမ်းကြောင်းပေါ်မှာ သယ်ယူသွားရင်း ထရပ်ကားပေါ်က ပြုတ်ကျနေခဲ့တာ ဖြစ်ပါတယ်။ ဆလင်ဒါပုံ သတ္တုဘူးလေးဟာ အချင်း ၆ မီလီမီတာလောက်ရှိပြီး ၈ မီလီမီတာလောက်သာ မြင့်တဲ့အတွက် အရွယ်အစားအရ တကယ့်ကို သေးသေးလေးပါ။ ဒါပေမဲ့ အဲဒီထဲမှာ ပါတဲ့ ဓာတ်ပစ္စည်းတွေက ရေဒီယို သတ္တိကြွပြီး ထိကိုင်မိရင် အရေပြားကို ဆိုးဆိုးရွားရွား လောင်ကျွမ်းနိုင်သလို အသက်အန္တရာယ် ထိခိုက်တဲ့ထိ ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။

 Caesium-137ဟာ လက်နက်တွေ ထုတ်ယူနိုင်တဲ့ ရေဒီယို သတ္တိကြွ ပစ္စည်းမျိုး မဟုတ်ပေမယ့် သတ္တုမိုင်း တူးဖော်ရေး လုပ်ငန်းတွေမှာ အသုံးဝင်ပါတယ်။ အခုပစ္စည်းကလည်း သတ္တုမိုင်းတွင်း ကုမ္ပဏီ တစ်ခုက ပျောက်ဆုံးသွားတာပါ။

 ဇန်နဝါရီ လလယ်လောက်မှာ သယ်ယူပို့ဆောင်ရင်း ရေဒီယို သတ္တိကြွ ပစ္စည်းလေး ပျောက်နေတယ် ဆိုတာကို လကုန်ပိုင်းလောက်မှ သတိပြုမိတဲ့နောက် ချက်ချင်း အရေးပေါ် ရှာဖွေမှုတွေ စတင်ခဲ့ကြပါတယ်။ ဒီကိစ္စဟာ ကောက်ရိုးပုံထဲ အပ်ပျောက် ရှာရတာထက်တောင် ပိုပြီး ခက်ခဲနိုင်ပေမယ့် နောက်ဆုံးမှာတော့ ​လမ်းဘေးက ကျောက်စရစ်ခဲတွေနဲ့ ရောနှောပြီး ရှိနေတဲ့ သတ္တုဘူးလေးကို အောင်အောင်မြင်မြင် ရှာတွေ့ခဲ့ကြပါတယ်။

 သတ္တုဘူးလေးမှာ ရိုက်နှိပ်ထားတဲ့ ကုတ်ဒ်နံပါတ်အရ ပျောက်ဆုံးနေတဲ့ ပစ္စည်းဆိုတာ သေချာကြောင်း တာဝန်ရှိသူတွေက အတည်ပြုပါတယ်။ အစောပိုင်းမှာ သတ္တုတူးဖော်ရေး ကုမ္ပဏီ Rio Tintoက သူတို့ရဲ့ ပေါ့ဆမှုကြောင့် အများသူငါ အန္တရာယ် ဖြစ်နိုင်တဲ့ ရေဒီယို သတ္တိကြွ ပစ္စည်းတစ်ခု ပျောက်ဆုံးသွားတဲ့အပေါ် တောင်းပန်ခဲ့ပါသေးတယ်။

 အဲဒီ သတ္တုဘူးလေးကို ရှာတွေ့ပြီးတာနဲ့ မီတာ ၂၀ ပတ်ပတ်လည်ကို တားမြစ် ဧရိယာ သတ်မှတ်လိုက်ပြီး အန္တရာယ် ကင်းရှင်းရေး စံနှုန်းတွေနဲ့ အညီ သယ်ဆောင်ဖို့ ချက်ချင်း ဆောင်ရွက်ခဲ့ကြပါတယ်။ ဖေဖော်ဝါရီ ၁ ရက်မှာ အဲဒီ ပစ္စည်းလေးကို ပြန်တွေ့တဲ့ အချိန်ထိ ထိခိုက်ဒဏ်ရာရသူ ရှိခဲ့တယ်ဆိုတဲ့ သတင်းမျိုးတော့ မကြားရပါဘူး။

 တစ်နာရီကို ကီလိုမီတာ ၇၀ နှုန်း မောင်းနှင်နေတဲ့အချိန် ပတ်ဝန်းကျင်က ရေဒီယို သတ္တိကြွ ပစ္စည်းတွေကို scanဖတ် ထောက်လှမ်းနိုင်တဲ့ ကိရိယာမျိုး တပ်ဆင်ထားတဲ့ ကားတစ်စီးက အဲဒီ ဘူးလေးကို ရှာတွေ့ခဲ့တာ ဖြစ်ပါတယ်။ ကုမ္ပဏီကတော့ ဘူးလေး ပြန်ရှာတွေ့တဲ့အတွက် ဝမ်းသာပေမယ့် ရိုးရိုးသားသား ပြောရရင် အဲဒီပစ္စည်းမျိုးဟာ ဘယ်တုန်းကမှ ပျောက်မသွားခဲ့သင့်ဘူးလို့ ဝန်ခံသွားခဲ့ပါတယ်။