ဩစတြေးလျ အိုးပင်းမှာ ရုရှားနဲ့ ဘီလားရုစ် အလံတွေ ယူဆောင်လာခွင့် ပိတ်ပင်

ယူကရိန်းအပေါ် ကျူးကျော်စစ် ပြုမှုကို ဆန့်ကျင်တဲ့ အနေနဲ့ ဩစတြေးလျ အိုးပင်း တင်းနစ်ပြိုင်ပွဲမှာ ရုရှားနဲ့ ဘီလားရုစ် အလံတွေ ယူဆောင်လာခွင့်ကို တားမြစ် ပိတ်ပင်လိုက်ပါတယ်။

ဩစတြေးလျ နိုင်ငံဆိုင်ရာ ယူကရိန်း သံအမတ်ကြီးရဲ့ တောင်းဆိုမှုကို ပြိုင်ပွဲ စီစဉ်သူတွေက လိုက်လျောပြီး အဲဒီ အလံနှစ်ခုကို တားမြစ်လိုက်ခြင်း ဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ ပထမဆုံးနေ့က ယူကရိန်းသူ ကက်ထရီနာ ဘိန်ဒဲလ်နဲ့ ရုရှားသူ ကာမီလာ ရာခီမိုဗာတို့ ယှဉ်ပြိုင်ခဲ့တုန်းက ရုရှားရဲ့ အဖြူ၊ အနီ၊ အပြာစင်း အလံတစ်ခုကို ပရိသတ်တွေက ယူဆောင်လာခဲ့တာ တွေ့ရပါတယ်။

ဒါပေမဲ့ ပြိုင်ပွဲရဲ့ နောက်ပိုင်းကာလတွေမှာ ကွင်းထဲကို ရုရှားနဲ့ ဘီလားရုစ် အလံတွေ သယ်ယူခွင့် ပြုတော့မှာ မဟုတ်ဘူးလို့ ဩစတြေးလျ အိုးပင်း ပြိုင်ပွဲ တာဝန်ရှိသူတွေက အတည်ပြုခဲ့ပါတယ်။ ဘီလားရုစ်ဟာ ယူကရိန်းကို ကျူးကျော်တဲ့ စစ်ပွဲမှာ ရုရှားကို ထဲထဲဝင်ဝင် အကူအညီ ပေးနေတဲ့ မဟာမိတ်နိုင်ငံ ဖြစ်ပါတယ်။

အရင်က မူဝါဒအရ ပရိသတ်တွေ အနေနဲ့ ကိုယ်ကြိုက်တဲ့ အလံတွေကို သယ်ဆောင်ခွင့် ပြုထားပေမယ့် အနှောင့်အယှက် ဖြစ်စရာ အခြေအနေတွေ ရှိလာနိုင်တာကြောင့် ရုရှားနဲ့ ယူကရိန်း အလံတွေကို တားမြစ် ပိတ်ပင်လိုက်ကြောင်း၊ အဲဒီသတ်မှတ်ချက် အသစ်ဟာ ချက်ချင်း အသက်ဝင်မှာဖြစ်ကြောင်း၊ ဩစတြေးလျ အိုးပင်း အနေနဲ့ တင်းနစ် ပွဲစဉ်တွေကို ပရိသတ်တွေ စိတ်လက် ကြည်ကြည်သာသာနဲ့ အားပေး ကြည့်ရှုနိုင်ဖို့ ဘက်ပေါင်းစုံက ထောင့်စေ့အောင် စဉ်းစားပြီး စီစဉ်ပေးရမှာဖြစ်ကြောင်း ပြိုင်ပွဲ တာဝန်ရှိသူတွေက ထုတ်ပြန်ပါတယ်။

ပြိုင်ပွဲမှာ ရုရှားအလံကို တွေ့ခဲ့တဲ့နောက် ဩစတြေးလျနဲ့ နယူးဇီလန်ဆိုင်ရာ ယူကရိန်း သံအမတ်ကြီး ဗက်ဆီလ် မိုင်ရိုရှင်ချန်ကိုက ဒီကိစ္စအပေါ် တစ်ခုခု တုံ့ပြန် ဆောင်ရွက်ပေးဖို့ ဆော်ဩ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် ယူကရိန်း တင်းနစ်မယ်တစ်ဦး ယှဉ်ပြိုင်နေတဲ့ ပြိုင်ပွဲမှာ ရုရှားအလံကို တွေ့ရခြင်းအပေါ် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း သူက ပြောပါတယ်။

အဲဒီပွဲစဉ်မှာ ဘိန်ဒဲလ်က ၇-၅၊ ၆-၇ (၈-၁၀)၊ ၆-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရသွားပြီး ဒုတိယအဆင့်မှာ အမေရိကန်သူ ကေတီ မက်နဲလ်နဲ့ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်။