လိဂ်ဖလား ပြိုင်ပွဲမှာ ဗိုလ်လုကြမယ့် နယူးကာဆယ်လ်နဲ့ မန်ချက်စတာ ယူနိုက်တက်

အင်္ဂလန် လိဂ်ဖလား ဘောလုံးပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်လ် ယူနိုက်တက်တို့ ယှဉ်ပြိုင်ကြရတော့မှာ ဖြစ်ပါတယ်။

 ဖေဖော်ဝါရီ ၁ ရက် ညပိုင်းက ယူနိုက်တက်ဟာ နော်တင်ဟမ် ဖောရက်စ်ကို အကြိုဗိုလ်လုပွဲ ဒုတိယ အကျော့မှာ ၂-၀ နဲ့ အနိုင်ယူခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် ၅-၀ နဲ့ ပြတ်ပြတ်သားသား အသာရပြီး ဗိုလ်လုပွဲကို တက်ရောက်ခွင့် ရခဲ့တာ ဖြစ်ပါတယ်။ အဲဒီ မတိုင်ခင် တစ်ရက်မှာတော့ နယူးကာဆယ်ဟာ ဆောက်သမ်တန်ကို နှစ်ကျော့ပေါင်းရလဒ် ၃-၁ နဲ့ ကျော်ဖြတ်ပြီး ဗိုလ်လုပွဲမှာ ကြိုစောင့်နေခဲ့ပါတယ်။

 နယူးကာဆယ်လ် မန်နေဂျာ အက်ဒီ ဟောင်ဝီရော၊ ယူနိုက်တက်ရဲ့ မန်နေဂျာ အဲရစ် တန်ဟက်ဂ်ပါ လက်ရှိ သူတို့ ကိုင်တွယ်နေတဲ့ အသင်းတွေနဲ့အတူ ပထမဆုံးအကြိမ် ဗိုလ်လုပွဲစဉ် တစ်ခုဆီ ရောက်ရှိခဲ့ကြတာ ဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ နယူးကာဆယ်လ်တို့ဟာ အင်္ဂလန် ဘောလုံးလောကရဲ့ သင်္ကေတလို့ သတ်မှတ်နိုင်တဲ့ ဝင်ဘ​လေ ကွင်းကြီးမှာ ဖေဖော်ဝါရီ ၂၆ ရက်ကျရင် ယှဉ်ပြိုင် ဗိုလ်လုကြမှာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အဲဒီပွဲ မတိုင်ခင် ၃ ရက်အလိုမှာ စပိန်ထိပ်သီး ဘာစီလိုနာ အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်ကို ကျပ်ကျပ်တည်းတည်း ယှဉ်ပြိုင်ထားရမှာ ဖြစ်တဲ့အတွက် ပွဲပန်းနေမယ့် အလားအလာ ရှိနေပါတယ်။

 ယူနိုက်တက်နဲ့ နယူးကာဆယ်လ်တို့ဟာ လွန်ခဲ့တဲ့ ၂၄ နှစ်က ဝင်ဘလေမှာ နောက်ဆုံး ဗိုလ်လုပွဲစဉ် တစ်ခုကို ယှဉ်ပြိုင်ခဲ့ကြဖူးပါတယ်။ အဲဒီတုန်းက အက်ဖ်အေ ရှုံးထွက်ဖလား ဗိုလ်လုပွဲမှာ ယူနိုက်တက်က ၂-၀ နဲ့ အနိုင်ရခဲ့သလို သူတို့ရဲ့ သမိုင်းဝင် ၁၉၉၉ ခုနှစ်၊ ဖလားသုံးလုံး သိမ်းကျုံးဆွတ်ခူးမှုကြီးကို ပြီးပြည့်စုံစေခဲ့ပါတယ်။