ဗြိတိန် ဝန်ကြီးချုပ်ဟောင်းကို သမ္မတ ဗလာဒီမာ ပူတင်က ခြိမ်းခြောက်ခဲ့ဖူးကြောင်း စွပ်စွဲချက်တွေကို ရုရှား အစိုးရက ငြင်းဆိုသွားပါတယ်။
ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆန်က အစိုးရ အဖွဲ့ကို သူဦးဆောင်နေချိန် ရုရှား-ယူကရိန်း မစခင်တုန်းက ပူတင်ဆီက ကြမ်းတမ်းပြီး တစ်ဖက်သတ်ဆန်တဲ့ ခြိမ်းခြောက်မှု တစ်ခုကို ခံခဲ့ရကြောင်း ထုတ်ပြောခဲ့ပါတယ်။ သူတို့နှစ်ဦး ဖုန်းဆက် ဆွေးနွေးနေတုန်း ပူတင်က ‘ခင်ဗျားကို ကျွန်တော် မနာကျင်စေချင်ပါဘူး။ ဒါပေမဲ့ ဒုံးကျည်၊ ဒါမှမဟုတ် အဲဒါနဲ့ အလားတူ တစ်ခုခုနဲ့သာဆိုရင် ဒီကိစ္စက ၁ မိနစ်လောက်ပဲ ကြာမှာပါ’လို့ ခြိမ်းခြောက်ခဲ့ကြောင်း မကြာသေးခင်က BBCနဲ့ အင်တာဗျူးမှာ ဂျွန်ဆန်က ထုတ်ပြောခဲ့ပါတယ်။
ဒါပေမဲ့ ရုရှား အစိုးရ ရုံးစိုက်ရာ ကရင်မလင် နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်ကတော့ ဂျွန်ဆန်ရဲ့ စွပ်စွဲချက်ဟာ မုသားသက်သက် ဖြစ်တယ်လို့ တုံ့ပြန် ငြင်းဆိုသွားခဲ့ပါတယ်။ အဲဒီတုန်းက ပူတင် ပြောဆိုခဲ့တဲ့ စကားဟာ တကယ်လို့ ယူကရိန်းကသာ NATO အဖွဲ့ထဲ ဝင်သွားပြီး အမေရိကန်၊ ဒါမှမဟုတ် တခြား NATO အဖွဲ့ဝင် နိုင်ငံတွေက ရုရှားနဲ့ နယ်စပ်နားမှာ ဒုံးကျည်တွေ လာဖြန့်ကျက်ခဲ့မယ်ဆိုရင် အဲဒီ ဒုံးကျည်တွေဟာ မိနစ်ပိုင်းအတွင်း မော်စကို မြို့တော်ဆီ ရောက်လာနိုင်တဲ့ အကြောင်းကိုသာ ထောက်ပြ အရေးဆိုခဲ့တာလို့ ပက်စ်ကော့ဗ်က ပြောပါတယ်။
ဂျွန်ဆန်ရဲ့ အပြောအဆိုက မူမမှန်ကြောင်း၊ ဒီထက် တိတိကျကျ ပြောရရင် လိမ်ပြောတာသာဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။ တကယ်တမ်းမှာ ဂျွန်ဆန်ဟာ ရည်ရွယ်ချက်ရှိရှိ မုသားပြောတာ ဖြစ်ရင်ဖြစ်၊ မဟုတ်ရင် ပူတင်ရဲ့ ဆိုလိုရင်းကို နားမလည်ခဲ့တာသာ ဖြစ်လိမ့်မယ်လို့လည်း ပက်စ်ကော့ဗ်က ဝေဖန်သွားခဲ့ပါတယ်။
BBCနဲ့ အင်တာဗျူးမှာတော့ ဂျွန်ဆန်က ပူတင်ဟာ သူ့အပေါ် ခြိမ်းခြောက်စကားကို အင်မတန် သက်တောင့်သက်သာ လေသံမျိုးနဲ့ ပြောခဲ့ပြီး ယူကရိန်း စစ်ပွဲမတိုင်ခင် ဆွေးနွေး ညှိနှိုင်းမှုတွေ ရှိလာအောင် ဗျူဟာသုံးပြီး လှုံ့ဆော်တာ ဖြစ်နိုင်တယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။ ပြီးတော့ အဲဒီ ဖုန်းဆက် ဆွေးနွေးမှုမှာ ပူတင်ဟာ အတော်လေး ခင်မင်နှစ်လိုစရာ ပုံစံမျိုး ပြသခဲ့တယ်လို့လည်း ဂျွန်ဆန်က ပြောကြားသွားပါတယ်။