ကိုဗစ် ကပ်ရောဂါနဲ့ ပတ်သက်လို့ အရေးပေါ် အခြေအနေ ကြေညာထားမှုကို မေလ ၁၁ ရက်မှာ ရုပ်သိမ်းမယ်လို့ အမေရိကန် အစိုးရက ကြေညာလိုက်ပါတယ်။
ကမ္ဘာ့ ကပ်ရောဂါဆိုးကြီး အစပြုလာခဲ့ပြီး လူသန်းပေါင်းများစွာကို ကူးစက်ခဲ့ချိန်မှာ အမေရိကန် အစိုးရက ပြည်တွင်းမှာ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေ ထုတ်ပြန်ထားခဲ့ရတာပါ။ ၃ နှစ်နီးပါးလောက် အကြာမှာတော့ အဲဒီ ကြေညာချက်ကို ပြန်ရုပ်သိမ်းဖို့ သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အစိုးရက ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ သတ်မှတ်ချက်ကို ၂၀၂၀ ပြည့်နှစ်မှာ သမ္မတ(ဟောင်း) ဒေါ်နယ်လ်ထရမ့်က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အစောပိုင်းတုန်းက ဘိုင်ဒန်ဟာ မကြာခင် လပိုင်းမှာ သက်တမ်း ကုန်တော့မယ့် အဲဒီ ကြေညာချက်ကို သက်တမ်းထပ်တိုးသင့်တယ်လို့ မကြာခဏ မှတ်ချက်ပေးခဲ့ဖူးပါတယ်။
အခုတော့ အိမ်ဖြူတော်ရဲ့ ဘတ်ဂျတ် စီမံခန့်ခွဲမှုဌာနက ကိုဗစ်ရောဂါအတွက် အရေးပေါ် အခြေအနေ ကြေညာချက်ဟာ မေလ ၁၁ ရက်ထိ ဆက်ရှိမှာဖြစ်ပြီး အဲဒီနောက်မှာတော့ ဖျက်သိမ်းမယ်လို့ တရားဝင် ကြေညာသွားခဲ့ပါတယ်။ ဒီသတ်မှတ်ချက်ဟာ အရေးပေါ် အခြေအနေ ထုတ်ပြန်ထားမှု ပြန်ပယ်ဖျက်မှာကို ရက်ပေါင်း ၆၀ လောက် ကြိုတင် အသိပေးသင့်တယ်ဆိုတဲ့ အကြံပြုချက်နဲ့ပါ ကိုက်ညီလိမ့်မယ်လို့ အဲဒီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ကိုဗစ်ရောဂါကြောင့် နိုင်ငံတကာ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေ ကြေညာထားမှုကို ဆက်လက် ထားရှိဖို့ ဆုံးဖြတ်ခဲ့တဲ့ ဇန်နဝါရီ ၃၀ မှာပဲ အမေရိကန်က အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ကပ်ရောဂါဟာ အဆိုးဆုံး အဆင့်ကို ကျော်လွန်လာပြီ ဖြစ်ပေမယ့် စပ်ကူးမတ်ကူး အချိန်ကာလ တစ်ခုကို ဖြတ်သန်း ဝင်ရောက်နေဆဲ ဖြစ်တာကြောင့် မျက်ခြေမပြတ် စောင့်ကြည့်မှုတွေ လိုအပ်နေဆဲလို့ WHOက မှတ်ချက်ပေးပါတယ်။ ကမ္ဘာ့နိုင်ငံ အများအပြားမှာ ကပ်ရောဂါ ထိန်းချုပ်ရေး စည်းမျဉ်းတွေကို ဖြေလျှော့ပေးလိုက်ပြီး ဖြစ်ပေမယ့် လွန်ခဲ့တဲ့ သီတင်း ၈ ပတ်အတွင်း လူပေါင်း ၁၇၀၀၀၀ လောက် သေဆုံးတဲ့ထိ ကပ်ရောဂါရဲ့ ခြိမ်းခြောက်မှုက ကြီးမားနေဆဲလို့လည်း WHOက သတိပေးပါတယ်။
တရုတ်နိုင်ငံ အလယ်ပိုင်း၊ ဝူဟန်မှာ စတင်ခဲ့တဲ့ ကပ်ရောဂါဟာ ၃ နှစ်လောက် ကာလအတွင်း ကမ္ဘာ့နိုင်ငံ အားလုံးကို ကူးစက်ခဲ့ပြီး လူပေါင်း ၇ သန်းနီးပါးလောက်ထိ သေကြေ ပျက်စီးစေခဲ့ပါတယ်။