Non-CDM ဝန်ထမ်းတွေကိုချွင်းချက်မရှိ ထုတ်ပယ်ဖို့ CDM ဝန်ထမ်းတွေလိုလား

စစ်ကောင်စီအစိုးရယန္တရားကို ဆက်လက်လည်ပတ်ပေးနေတဲ့ Non-CDM တွေအားလုံးကို NUG အစိုးရအနေနဲ့ ခြွင်းချက်မရှိ အလုပ်က ထုတ်ပယ်သင့်ပြီး တော်လှန်ရေးအပြီး အစိုးရယန္တရားအသစ်မှာ Non CDM တွေ ကင်းစင် စေလိုတယ်လို့ CDM ဝန်ထမ်းအသိုင်းအဝိုင်းကပြောပါတယ်။
CDM ဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (JCC-CDM) က ဇန်နဝါရီ (၂၀)ရက်မှာထုတ်ပြန်ခဲ့တဲ့ CDM နိုင်ငံ့ ဝန်ထမ်းဆိုင်ရာ မူဝါဒစာတမ်းပါ Non-CDM ဝန်ထမ်းတွေနဲ့ သက်ဆိုင်တဲ့ အချက်တွေအပေါ် ထောက်ပြမှု တွေရှိ နေတာဖြစ်ပါတယ်။
“Non-CDM တွေအားလုံးက စစ်ကောင်စီရဲ့ ယန္တရားလည်ပတ်မှု တစ်နည်းတစ်ဖုံ အကျိုးပြုခဲ့ကြ တာဖြစ်တဲ့ အ တွက် Non-CDM တွေ ကင်းစင်တဲ့ ပတ်ဝန်းကျင်မှာပဲ အလုပ်လုပ်ချင်ကြပါတယ်၊ Non-CDM တွေနဲ့ အလုပ်‌ တွဲ လုပ်နေကြရင် CDMတွေ ကြုံတွေခံစားခဲ့ရတဲ့ စိတ်ဒဏ်ရာတွေဟာ ပျောက်ကင်းနိုင်မှာမဟုတ်ဘူးလို့ ခံစားနေကြ ရပါတယ်”လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက CDM ဝန်ထမ်းတဦးက ပြောပါတယ်။
အဲ့ဒီမူဝါဒစာတမ်းမှာဖော်ပြထားချက်အရ ဒုတိယညွှန်ကြားရေးမှူးအဆင့်နဲ့အထက် အရာရှိတွေကို ဝန်ထမ်းအဖြစ် က ထုတ်ပယ်တာ၊အမည်ပျက်စာရင်းသွင်းတာတွေလုပ်ဖို့ဖော်ပြထားပါတယ်။
လက်ထောက်ညွှန်မှူးအဆင့်နဲ့အောက် အရာ ထမ်း၊အမှုထမ်းတွေကိုလည်းအလားတူ ရာထူးက ထုတ်ပယ်ဖို့ဖော်ပြ ထားပေမယ့် အယူခံဝင်ပြီး အလုပ်ပြန်လည်ဝင်ရောက်လိုပါက လုပ်သက်အားလုံးပယ်ဖျက်ပြီး ပြန်လည်လျှောက် ထားဖို့လည်း တဆက်တည်း ဖော်ပြထားပါတယ်။
ဒီလို အယူခံဝင်ခွင့် ပေးထားတာကြောင့် ဝန်ထမ်းအဖြစ် ဆက်လက်ထမ်းဆောင်ခွင့်ရမယ်ဆိုရင်် ရာထူးနိမ့်တဲ့ CDM ဝန်ထမ်းတွေအနေနဲ့ Non-CDM ဝန်ထမ်းရဲ့ညွှန်ကြားခိုင်းစေမှုကို လိုက်နာရမယ့်သဘောဖြစ်လာမှာကြောင့် အဆင်မပြေနိုင်ဘူးလို့ ဆိုကြပါတယ်။
“အယူခံဝင်ပြီး ပြန်လည်အလုပ်ဝင်ရောက်တဲ့အခါ ယခင်ရာထူးတွေပဲ ရှိနေရင် အချို့သော CDM အမှုထမ်း ဝန် ထမ်းများထက် ရာထူးမြင့်နေရင် အဆိုပါ CDM ဝန်ထမ်းများအနေနဲ့ Non-CDM ဝန်ထမ်းနဲ့ အလုပ်တွဲလုပ်ကြဖို့ လိုလားခြင်း မရှိပါဘူး၊ အဲဒီအခါမှာ productive ဖြစ်တဲ့ အလုပ်ပတ်ဝန်းကျင် ရရှိနိုင်မယ် မထင်ပါဘူး” လို့ အမည် မဖော်လိုတဲ့ CDM ဝန်ထမ်းတဦးက ပြောပါတယ်။
Non-CDM တွေရဲ့ နေရာတွေမှာ CDM တက္ကသိုလ်အသီးသီးက ကျောင်းသားတွေ၊ အရပ်သားတွေ၊ တော်လှန်ရေး ရဲဘော်တွေ စတဲ့ တော်လှန်ရေးကာလနိုင်ငံကို ထမ်းပိုးထားတဲ့ လူငယ်၊လူရွယ်တွေနဲ့ အစိုးရယန္တရားကို အသစ် နီးပါး ပြန်တည်ဆောက် လည်ပတ်သင့်တယ်လို့ CDM ဝန်ထမ်းတွေက ပြောပါတယ်။
“ခေတ်ဆိုးစနစ်ဆိုးထဲ ပြည်သူ့ဘက် မရပ်တဲ့ မိမိအတ္တကိုသာ ရှေ့တန်းတင်တဲ့ Non-CDM တွေကို အတိတ်မှာ ချန် ထားခဲ့ရမှာပါ၊ဝန်ထမ်း ပြန်လုပ်ခွင့် မပေးသင့်ပါဘူး၊သူတို့သာ ဝန်ထမ်း ပြန်လုပ်မယ်ဆိုရင် ဝန်ထမ်းလောကက ဒုံ ရင်း ဒုံရင်း ပြန်ဖြစ်နေမှာပါပဲ”လို့ CDM အထက်တန်းကျောင်းဆရာတဦးက ပြောပါတယ်။
ဒါ့အပြင် ဒီမူဝါဒစာတမ်းကို ထုတ်ပြန်လိုက်တဲ့အတွက် စစ်ကောင်စီနဲ့ Non-CDM တွေဟာ သူတို့အရေးယူခံရမှာ သေချာတဲ့အတွက် CDM တွေကို ဖိနှိပ်တာ၊ စစ်အာဏာရှင်တော်လှန်ရေးကို အားလျော့အောင် ပိုလုပ် လာနိုင် တယ်ဆိုတဲ့ ထောက်ပြသတိပေးမှုတွေလည်းရှိနေပါတယ်။
အခုထုတ်ပြန်ထားတဲ့ မူဝါဒစာတမ်းအရ CDM ဝန်ထမ်းတွေနဲ့ တော်လှန်ရေးကို ကူညီခဲ့တဲ့ Non-CDM ဝန်ထမ်းတွေ အနေနဲ့တော့ သက်သေအထောက်အထားခိုင်မာရင် လုပ်ဆောင်ချက်အပေါ်မူတည်ပြီး တာဝန်ပြန်ထမ်းခွင့်ပြုမယ် လို့လည်း ဖော်ပြထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) ပြုလုပ်သူ အစိုးရဝန်ကြီး ဌာနတွေနဲ့ အဖွဲ့အစည်းတွေမှာ နိုင်ငံ့ဝန်ထမ်း သိန်းချီ ရှိနေပြီး လက်ရှိမှာ စစ်ကောင်စီရဲ့ ပုံံစံမျိုးစုံနဲ့ ဖိနှိပ်မှု၊ အပြစ် ပေးမှုတွေကို အန်တုရင် တိုက်ဝင်နေကြပါတယ်။
၂၀၂၃ နှစ်ဆန်းပိုင်းမှာ ပေါက်ကြားလာတဲ့ စစ်ကောင်စီရဲ့ လုံခြုံရေးအစည်းအဝေး မှတ်တမ်းတွေအရ CDM တွေကို ဆက်လက်အရေးယူမှုတွေ ဆောင်ရွက်ဖို့၊စောင့်ကြည့်နေဖို့နဲ့ ပုဂ္ဂလိက လုပ်ငန်းတွေမှာ လုပ်ခွင့်ပြုထား သူတွေကို အရေးယူဖို့ ညွှန်းကြားထားသလို လတ်တလောမှာလည်း အဲ့ဒီညွှန်ကြားချက်အတိုင်း စုံစမ်းထောက်လှမ်း၊ ဖမ်းဆီး အရေးယူတာတွေရှိနေတယ်လို့ CDM ဝန်ထမ်းအသိုင်းအဝိုင်း ကပြောပါတယ်။
Photo – Social Media