မုံရွာ – ကလေး မဟာမြိုင်လမ်းပိတ်နေလို့ ကလေးဒေသမှာကုန်စျေးနှုန်းတက်လာ

မုံရွာ – ကလေး မဟာမြိုင်လမ်းဟာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲတွေနဲ့စစ်ရေးတင်းမာမှုတွေကြောင့် ဇန်နဝါရီ(၁၇) ရက်ကစလို့ ကားတွေသွားလာမရဖြစ်ခဲ့ပြီး ဇန်နဝါရီ ၂၅ ရက်မှာ ခေတ္တပြန်ပွင့်ပြီး အခုအထိပြန်ပိတ်နေတယ်လို့ ဒေသခံကားသမားတွေဆီကသိရပါတယ်။
“လွတ်တဲ့နေ့က ဆယ်စီးဝန်းကျင်ပဲ ကလေးဘက်ကိုထွက်ခဲ့နိုင်တယ်၊ ပြီးရင်ပြန်ပိတ်သွားတယ်၊ ကားတွေကအများကြီးပိတ်နေပြီ၊ အတက်ကားရောအဆင်းကားရောပိတ်မိတာကိုး” လို့ ကားသမားတဦးကပြောပါတယ်။ မဟာမြိုင်ကားလမ်း တလျောက်မှာ ကားတွေအများအပြားပိတ်မိနေကြတယ်လို့ဆိုပါတယ်။
ကားလမ်းပိတ်တဲ့အတွက် ကလေးဒေသမှာ ပစ္စည်းတချို့ပြတ်လပ်ပြီး တချို့စျေးတက်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
” ကွမ်းရွက်စျေးတွေကနှစ်ဆဖြစ်သွားတယ်၊ ကြက် ဥကတလုံးသုံးရာဖြစ်သွားပြီ၊ ရွှေဥဒေါင်းဆေးလိပ်နဲ့ အောက်ပိုင်းကလာတဲ့ မုန့်တွေပြတ်တယ်” လို့ က လေးဒေသခံတဦးကပြောပါတယ်။
မဟာမြိုင်ကားလမ်းပိတ်တာကြောင့် ကုန်တင်ကားတချို့ဟာ ကလေး – ဟားခါး – ဂန့်ဂေါ -မန္တလေးလမ်းအတိုင်း သွားလာနေကြတယ်လို့လည်း ကားသမားတွေဆီကသိရပါတယ်။
” ပိတ်တာကြာလို့အလုပ်ဖြစ်အောင်သာသွားကြတာပါ၊ လမ်းခရီးက ဝေးလွန်းတယ်၊ပစ္စည်းတင်တဲ့လူတွေအဖို့လည်း တန်ဆာခကမလွယ်ဘူး” လို့ ကားသမားတဦးကပြောပါတယ်။
အခုလလယ်ပိုင်းကစ တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီကစစ်ကြောင်းထိုးပြီး ကျေးရွာတွေကိုမီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်းတိုက်ပွဲတွေဖြစ်နေတာကြောင့် ခုလိုကားလမ်းပိတ်နေတာဖြစ်တယ်လို့ သိရပါတယ်။
ကလေးဒေသကို မုံရွာ – ကလေးဝ – ကလေး မဟာမြိုင်ကားလမ်းနဲ့ မန္တလေး – ဂန့်ဂေါ – ကလေး ကားလမ်း နှစ်ခုရှိရာမှာ ဂန့်ဂေါနဲ့ကလေးကြားကားလမ်း ပိတ်တာဟာ တနှစ်ဝန်းကျင်ကြာပြီဖြစ်ပြီး မဟာမြိုင်လမ်းကနေသာသွားလာနေကြရတာဖြစ်ပါတယ်။
မဟာမြိုင်လမ်းကလည်း လတ်တလော အသုံးပြုလို့မရဘဲ ပိတ်မိနေတာ ဆယ်ရက်ကျော်ကြာမြင့်လာတာကြောင့် ကုန်စျေးနှုန်းတက်လာတာအပြင် အခက်အခဲတွေရှိလာတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ခု နှစ် ဧပြီလကုန်ကနေ မေလဆန်း အတွင်းကလည်း အဲ့ဒီလမ်းပေါ်မှာ တိုက်ပွဲတွေကြောင်အ့ကားစီးရေရာချီ ပိတ်မိခဲ့ဖူးပါတယ်။
Photo – ၂၀၂၂ မေလအတွင်း မဟာမြိုင်လမ်းပေါ်ပိတ်မိနေတဲ့ ကုန်တင်ကားတချို့