ပါကစ္စတန် တောင်ပိုင်းမှာ အမျိုးအမည်မသိ ဖျားနာမှုကြောင့် ကလေးအများစု အပါအဝင် နှစ်ဆယ်နီးပါး သေဆုံး

ပါကစ္စတန် နိုင်ငံမှာ အမျိုးအမည်မသိ ဖျားနာမှု တစ်မျိုးကြောင့် ကလေး အများစု အပါအဝင် လူ ၂၀ နီးပါး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူတွေ့ ပြောပါတယ်။ 

နိုင်ငံတောင်ပိုင်းက ဆိပ်ကမ်းမြို့ တစ်ခုဖြစ်တဲ့ ကရာချိရဲ့ ကီမာရီ ဒေသနားမှာ အမျိုးအမည်မသိ အဖျားဝေဒနာ ကူးစက်လို့ လူတွေ ဆက်တိုက် သေနေခဲ့ကြတာပါ။ တာဝန်ရှိသူတွေက အဲဒီ သေဆုံးမှုတွေရဲ့ အကြောင်းရင်းကို မဖော်ထုတ်နိုင်သေးဘဲ ဖြစ်နေပါတယ်။

 ပါကစ္စတန် ကျန်းမာရေး ဌာနရဲ့ ညွှန်ကြားရေးမှူး အက်ဘ်ဒူလ် ဟာမိဒ် ဂျူမာနီက ကလေး ၁၆ ဦး အပါအဝင် စုစုပေါင်း ၁၉ ဦးဟာ ဇန်နဝါရီ ၁၀ ရက်ကနေ ၂၅ ရက်အတွင်း ကီမာရီ တဝိုက်မှာ အဆုတ် ထိခိုက်တဲ့ လက္ခဏာတွေ ပြသပြီး ဖျားနာ သေဆုံးခဲ့ကြကြောင်း အတည်ပြုခဲ့ပါတယ်။

 လောလောဆယ်တော့ သေဆုံးမှုတွေရဲ့ အကြောင်းရင်းကို စုံစမ်း ဖော်ထုတ်ပေးဖို့ ပညာရှင် အဖွဲ့တစ်ခုကို စေလွှတ်ထားကြောင်း၊ ကီမာရီဟာ ကမ်းခြေနဲ့ နီးစပ်တဲ့ နေရာတစ်ခု ဖြစ်တာကြောင့် ပင်လယ်ပြင်၊ ဒါမှမဟုတ် အနီးတဝိုက်က ပင်လယ်ရေမှာ တစ်ခုခု အမှားအယွင်းရှိလို့ လူတွေ သေတာလို့ ကနဦး သုံးသပ် ယူဆထားကြောင်း ဂျူမာနီက ဆိုပါတယ်။ နောက်ပြီး ဒီသေဆုံးမှုတွေဟာ အနီးမှာရှိတဲ့ စက်ရုံတစ်ခုက ထွက်လာတဲ့ အဆိပ်ဓာတ်ငွေ့တွေကြောင့်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိနေပေမယ့် ရဲတွေကတော့ ဒီကိစ္စကို အတည်မပြုသေးပါဘူး။

 သေဆုံးမှုတွေထဲမှာ မိသားစု တစ်ခုတည်းက ကလေး ၃ ဦးအပါအဝင် စုစုပေါင်း ၆ ဦး တိမ်းပါးသွားတာလည်း အပါအဝင် ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ အဆိပ်ဓာတ်ငွေ့ ထုတ်လွှတ်တယ်လို့ စွပ်စွဲခံရတဲ့ ပဲဆီစက်ရုံက နမူနာ အချက်အလက်တွေကိုပါ တာဝန်ရှိသူတွေက သွားရောက် စုဆောင်းပြီး ဓာတ်ခွဲ စစ်ဆေးဖို့ စီစဉ်နေပါတယ်။ ပြီးတော့ စက်ရုံ ပိုင်ရှင်ကိုလည်း စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်နေပါတယ်။

သီအိုရီအရ ပဲစေ့ အမှုန်အမွှားတွေမှာ ကပ်ငြိပါလာတဲ့ အဆိပ်အတောက်တွေကအစ ဆိုးရွားတဲ့ ဖျားနာမှုတွေ ဖြစ်စေနိုင်တာကြောင့် အခုကိစ္စနဲ့ ပတ်သက်ရင် ကိစ္စတိုင်းကို မပေါ့မဆ စုံစမ်း စစ်ဆေးဖို့လိုကြောင်း ပညာရှင်တွေက ပြောကြားထားပါတယ်။