ဗုံးကျဲ တိုက်ခိုက်ခံရလို့ မင်းတပ်မှာ ဘုန်းတော်ကြီးကျောင်းပျက်စီး၊စစ်ဘေးရှောင်တချို့ ဒဏ်ရာရ

ချင်းပြည်နယ်၊မင်းတပ်မြို့မြောက်ပိုင်းက ပလိပ်ထွီကျေးရွာကို စစ်ကောင်စီက ဒီကနေ့ ဇန်နဝါရီ (၂၃)ရက် မနက်ပိုင်းမှာ ဂျက်ဖိုက်တာ နှစ်စီးနဲ့ ဗုံးကျဲ တိုက်ခိုက်လို့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းနဲ့စစ်ရှောင်စခန်း ပျက်စီးသွားသလို စစ်ရှောင်တချို့လည်း ဒဏ်ရာတွေရသွားတယ်လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။
 
ပလိပ်ထွီရွာ တဝိုက်ကို စစ်ကောင်စီက ဒီကနေ့ မနက်(၁၁)နာရီဝန်းကျင်မှာ လေယာဉ်နှစ်စီးနဲ့ ဗုံးသုံးကြိမ် ကျဲ ချတိုက်ခိုက်ခဲ့တဲ့အပြင် နေ့လယ်ပိုင်းမှာလည်း မင်းတပ်မြို့ ၂၇၄တပ်ရင်းကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ ငါး ချက် ရမ်းသန်းပစ်ခတ်ခဲ့သေးတယ်လို့ သူကပြောပါတယ်။
 
ဒီကနေ့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဒေသခံ စစ်ရှောင်သုံးဦးထက်မနည်း ဒဏ်ရာရသလို လက်နက် ကြီး ကျည်ကျရောက်ပေါက်ကွဲတာကြောင့်လည်း စစ်ရှောင်တချို့ ထိခိုက်ဒဏ်ရာရတာ တွေထပ်ရှိသေး တယ်လို့ ပလိပ်ထွီရွာ ဒေသခံကပြောပါတယ်။
 
ပလိပ်ထွီရွာအနီးက စွန်တောင်ရွာကိုလည်း ဇန်နဝါရီ (၂၁)ရက်ညပိုင်းမှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးနှစ် လုံးကျဲချခဲ့တာကြောင့် လူနေအိမ်တချို့ ပျက်စီးကာ ဒေသခံနှစ်ဦး ဗုံးစံထိမှန် ဒဏ်ရာတွေရခဲ့ပါသေးတယ်။
 
ဒါ့အပြင် ဇန်နဝါရီ (၂၂)ရက် မနက်ပိုင်းကလည်း ပလိပ်ထွီရွာရဲ့ တောင်ဘက်က ဝမ္မသူးရွာကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် လူနေအိမ်တလုံးထိခိုက်ကာ ဒေသခံအမျိုးသမီးတဦး ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။
 
လက်ရှိ မင်းတပ်မြို့ နယ်တဝိုက်မှာ တိုက်ပွဲဖြစ်နေတာမရှိဘဲ စစ်ကောင်စီက လေကြောင်း၊လက်နက်ကြီး တွေနဲ့တိုက်ခိုက်နေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီဟာ အခုလအတွင်း မင်း တပ်မြို့နယ်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှု ရှစ်ကြိမ်အထိ လုပ်ထားတယ်လို့ CDF မင်းတပ်က ထုတ်ပြန်ထားပါတယ်။

Delta News

Read Previous

ရခိုင်မှာ ဖမ်းဆီးခံထားရသူတွေ နှိပ်စက်ခံရတဲ့အခြေအနေ ထုတ်မပြောဖို့ စစ်တပ်က မိသားစုနဲ့ ကာ ယကံရှင်တွေကို ခြိမ်းခြောက်ထား

Read Next

စစ်ကောင်စီကို လေယာဉ်ဆီ ကန့်သတ်ပိတ်ဆို့အရေးယူဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာကိုNUGတောင်းဆို