မြန်မာစစ်ဗိုလ်ချုပ်တွေကို ကူညီပေးနေတဲ့ တရုတ်ရဲ့ နည်းပညာ နတ်မျက်စိများ 

 ( Asia Times တွင် ဆွီဒင်သတင်းစာဆရာ ဘာတေးလင့်တနာ ရေးသားထားသည့် China’s seeing-eye cameras shield and prop Myanmar’s generals ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)

 ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)တွေက စစ်ကောင်စီ အဖွဲ့ဝင်တွေနဲ့ ဆက်စပ် အရာရှိတွေကို ပစ်မှတ်ထား လုပ်ကြံတဲ့ လှုပ်ရှားမှုတွေ စတင်တော့မယ်လို့ ကြေညာလိုက်တဲ့နောက် စစ်အာဏာရှင်တွေဟာ ရုတ်တရက် အငိုက်မိသွားသလို ချောင်းမြောင်း တိုက်ခိုက်မှုတွေကို ခုခံရာမှာ အားပျော့နေခဲ့ပါတယ်။

 ပစ်ပစ်ပြေးပြေး ပုံစံနဲ့ ချေမှုန်း တိုက်ခိုက်မှုတွေမှာ အာဏာသိမ်း စစ်ကောင်စီနဲ့ ဆက်နွှယ်သူတွေ၊ စစ်ဘက် အရာရှိတွေ သေကြေခဲ့သလို အစိုးရ အဆောက်အအုံတွေပါ ပစ်မှတ်ထား ခံခဲ့ရပါတယ်။ တချို့ စစ်ကောင်စီ အရာရှိတွေက ခရီးသွားနေတုန်း၊ ဒါမှမဟုတ် လူအများကြားမှာ ရောရောနှောနှော ရှိနေတုန်းမှာပဲ လုပ်ကြံ ခံခဲ့ရတယ်။ ကိစ္စပြီးတဲ့အခါ စစ်အာဏာရှင် ဆန့်ကျင်တဲ့ လုပ်ကြံရေးသမားတွေဟာ မြို့ပြရဲ့ စည်ကားရှုပ်ထွေးလှတဲ့ လူအုပ်ကြားထဲ ရောနှော ခြေရာဖျောက်သွားလေ့ ရှိတယ်။

အဲဒီလို ထိရောက်တဲ့ လုပ်ကြံမှုတွေဟာ တပ်မတော်လို့ခေါ်တဲ့ မြန်မာစစ်တပ်အပေါ် အစောပိုင်း ကာလတွေမှာ PDFတွေက အံ့ဩစရာ ကောင်းလောက်အောင် အသာစီးယူ ထိုးနှက်နိုင်ခဲ့ခြင်းရဲ့ သော့ချက် တစ်ခုလည်း ဖြစ်ပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ မြို့ပြ တိုက်ပွဲတွေထက်စာရင် တောတွင်း စစ်ဆင်ရေးတွေနဲ့ ပိုမိုသင့်တော် ကိုက်ညီတဲ့ လက်နက်မျိုးတွေ တပ်ဆင်ထားပါတယ်။ လုပ်ကြံမှုတွေအတွင်း အသေအပျောက်တွေ များလာတဲ့အခါ အာဏာသိမ်း စစ်ကောင်စီ အနေနဲ့ မြေပြင်က သူတို့ရဲ့ ထောက်ခံသူတွေနဲ့ အဖွဲ့သားတွေကို ကာကွယ်ပေးဖို့ လုံးဝဥဿုံ ပျက်ကွက်နေတဲ့အပေါ် မေးခွန်းထုတ်မှုတွေ ဆူဝေလာပါတော့တယ်။ 

ဒါပေမဲ့ မကြာသေးခင်က စစ်အာဏာရှင်တွေဟာ အဓိက မြို့ကြီးတွေမှာ မျက်နှာကို ထောက်လှမ်း မှတ်သားနိုင်တဲ့ လုံခြုံရေး ကင်မရာတွေကို ဖြန့်ကျက် တပ်ဆင်လာခြင်းနဲ့အတူ အဲဒီ အခြေအနေက ပြောင်းလဲလာတယ်။ အဲဒီ ကင်မရာတွေဟာ သမားရိုးကျ စုဖွဲ့မှု အင်အားမှာ အပြတ်အသတ် သာလွန်တဲ့ မြန်မာစစ်တပ်ကို ဒေးဗစ်နဲ့ လူ့ဘီလူးကြီး ဂိုလိယက်သ်တို့ရဲ့ တိုက်ပွဲလို ရင်ဆိုင်နေရတဲ့ PDFတွေရဲ့ အထိရောက်ဆုံး နည်းစနစ် တစ်ခုကို အသွားတုံးစေခဲ့ပြီး လုပ်ကြံမှုတွေကို ဟန့်တားထားလိုက်ပါတယ်။ 

ဒီကိစ္စမှာ စစ်ကောင်စီက သေချာပေါက် ကျေးဇူးတင်ရမယ့် နိုင်ငံတစ်ခုတော့ ရှိပါတယ်။ တရုတ်ပါပဲ။ 

မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေကြား ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မှာ ကြားနေသလိုလို ရပ်တည်ပြခဲ့ပေမယ့် ခေတ်မီ အဆင့်မြင့် နည်းပညာသုံး ထောက်လှမ်းရေး အသုံးအဆောင်တွေကို အာဏာသိမ်း စစ်တပ်အတွက် ထောက်ပံ့ပေးခဲ့တဲ့ ဆုံးဖြတ်ချက်က တရုတ်အနေနဲ့ ဘယ်ဖက်ကို ယိမ်းသလဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်သာစေပါတယ်။ မြန်မာနိုင်ငံက စစ်မီး တောက်လောင်မှုတွေဟာ ပါဝါပြိုင်တဲ့ သွယ်ဝိုက်စစ်ပွဲ အသစ်တွေ ပေါ်လာဖို့ ခြိမ်းခြောက်မှုမျိုး ဖြစ်နေပါတယ်။ 

တရုတ်က သူတို့ရဲ့ လုပ်နည်းလုပ်ဟန်တွေ ထိရောက် သေချာစေဖို့အတွက် ဒေသတွင်းမှာ နည်းပညာ ထွန်းကားမှု အလေးကန် အထိုင်းမှိုင်းဆုံး နိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာမှာ အမျိုးသား ပေါ်တယ်လ်တစ်ခု တည်ဆောက်နိုင်အောင် ကူညီပေးခဲ့ကြောင်း ပြောပါတယ်။ နိုဝင်ဘာ ၂၅ ရက်တုန်းက မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ချန်ဟိုင်ဟာ စစ်ကောင်စီရဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ကိုကိုလှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တဲ့နောက် နှစ်နိုင်ငံကြား ဆွေမျိုးပေါက်ဖော် ဆက်လက် ခိုင်မာစေဖို့ ကတိပြုခဲ့ပြီး တခြား ပူးပေါင်း ဆောင်ရွက်မှု အစီအမံတွေနဲ့အတူ တချို့သော နယ်စပ် ဧရိယာတွေမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို မြှင့်တင်နိုင်ရေး ညှိနှိုင်း လုပ်ဆောင်ဖို့ပါ သဘောတူခဲ့ကြတယ်။

 ထုတ်ပြန် ကြေညာချက်တွေထဲမှာ အသေးစိတ် ဖော်ပြမထားပေမယ့် တရုတ်ဟာ စစ်ကောင်စီအတွက် မျက်နှာ ထောက်လှမ်းမှတ်သားမှု နည်းပညာ ပါဝင်တဲ့ ကင်မရာတွေ အဓိက အကျဆုံး ပံ့ပိုးသူ ဖြစ်လာစေပါတယ်။ တစ်နည်းအားဖြင့် တရုတ်ဟာ PDF တိုက်ခိုက်ရေးသမားတွေကို ထောက်လှမ်းဖော်ထုတ်တာ၊ ဖမ်းဆီးတာ၊ အကျဉ်းချတာတွေ လုပ်ဆောင်ဖို့အတွက် စစ်ကောင်စီရဲ့ ဒီမိုကရေစီ ဖိနှိပ်ရေး အုပ်စိုးမှုမှာ အနည်းဆုံးတော့ ကြံရာပါ ဖြစ်လာပါတယ်။ 

လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တစ်ခုဖြစ်တဲ့ Human Rights Watch (HRW)က စစ်ဗိုလ်ချုပ်တွေက အများပြည်သူနဲ့ ဆိုင်တဲ့ ဧရိယာတွေမှာ မျက်နှာနဲ့ ကားလိုင်စင်ပြားတွေကို ထောက်လှမ်း မှတ်သားထားနိုင်တဲ့ စောင့်ကြည့် ကင်မရာ စနစ်သစ်တစ်ခု တပ်ဆင်နေခြင်းဟာ နိုင်ငံရဲ့ လူ့အခွင့်အရေး ကဏ္ဍအပေါ် အကြီးအကျယ် ခြိမ်းခြောက်နေတယ်လို့ ပြီးခဲ့တဲ့နှစ်၊ မတ်လမှာ ဖော်ပြခဲ့ဖူးပါတယ်။ နောက်ပြီး ဉာဏ်ရည်တု နည်းပညာ ပေါင်းစပ်ပြီး မြှင့်တင်ထားတဲ့ ထောက်လှမ်းရေး စွမ်းရည်တွေကလည်း စစ်ကောင်စီ အနေနဲ့ ဆန္ဒပြသူတွေ၊ တခြား အတိုက်အခံ အမြင်တွေကို ဖော်ထုတ်ပြမှုတွေကို ပိုမို ချိုးနှိမ် သတ်ဖြတ်လာနိုင်တာနဲ့ ပတ်သက်လို့ စိုးရိမ်ရတယ်လို့ HRWက ထေက်ပြခဲ့ဖူးပါတယ်။ 

ထောက်လှမ်းရေး ကင်မရာတွေဟာ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေအတွက် အကြီးအကျယ် အန္တရာယ် ပြုလာနိုင်ကြောင်း၊ မြန်မာ စစ်တပ်နဲ့ ရဲတွေက သူတို့ရဲ့ လှုပ်ရှားမှုတွေကို ထောက်လှမ်း စောင့်ကြည့်ပြီး ဘယ်သူတွေက သူတို့နဲ့ အဆက်အသွယ် လုပ်နေလဲ၊ သူတို့ ပုန်းခိုတဲ့ နေရာတွေနဲ့ စုဆုံတဲ့ နေရာတွေက ဘယ်မှာလဲ ဆိုတာတွေကိုပါ သိရှိလာနိုင်ကြောင်း၊ နောက်ပြီး တက်ကြွလှုပ်ရှားသူတွေ သုံးစွဲတဲ့ ကားတွေနဲ့ မော်တော်ဆိုင်ကယ်တွေကို သိရှိ မှတ်သားထားပြီး ကြားဖြတ် ဖမ်းဆီးနိုင်မှာဖြစ်ကြောင်း HRWရဲ့ အာရှရေးရာ ဒုတိယ ဒါရိုက်တာ ဖီးလ် ရောဘတ်ဆန်က ပြောပါတယ်။ 

Reuters သတင်းဌာနကတော့ အာဏာသိမ်း မြန်မာ စစ်ကောင်စီအတွက် အဲဒီလိုမျိုး အီလက်ထရောနစ် ထောက်လှမ်းရေး စနစ်တွေ ထောက်ပံ့ပေးထားတဲ့ တရုတ် ကုမ္ပဏီ ၃ ခုကို သီးခြားရွေးထုတ် ဖော်ပြထားပါတယ်။ အဲဒါတွေကတော့ ရှန်ဇန်း အခြေစိုက် နည်းပညာ လုပ်ငန်းစုကြီး Huawei၊ ဟန်ဇူးမြို့က Duhua နည်းပညာ ကုမ္ပဏီနဲ့ တရုတ် အစိုးရက ဖက်စပ် ပိုင်ဆိုင်ပြီး ဟန်ဇူးမှာပဲ ဌာနချုပ် ထားရှိရာ Hikvisionတို့ပဲ ဖြစ်ကြပါတယ်။ 

Huaweiနဲ့ Duhuaတို့က Reutersရဲ့ ဆက်သွယ် မေးမြန်းမှုတွေအပေါ် ဘာမှ မတုံ့ပြန်ခဲ့ပေမယ့် Hikvisionကတော့ သူတို့ဟာ မြန်မာ (စစ်)အစိုးရ အာဏာပိုင်တွေဆီ ဘယ်လို နည်းပညာ ဆက်စပ် ပစ္စည်းကိုမှ မရောင်းချခဲ့ပါဘူးလို့ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီကို မျက်နှာသိရှိ မှတ်သားမှု နည်းပညာတွေ ထောက်ပံ့ တပ်ဆင်ပေးခဲ့တယ် ဆိုတာကိုလည်း Hikvisionက ယတိပြတ် ငြင်းဆိုခဲ့ပြန်ပါတယ်။

 ဒါပေမဲ့လည်း တကယ်တမ်းမှာကျတော့ Hikvisionဟာ တရုတ်နွယ်ဖွား မြန်မာတွေနဲ့ ကြားလူတွေကို အသုံးပြုပြီး မြန်မာ စစ်အာဏာရှင်တွေအတွက် အဲဒီ အီလက်ထရောနစ် အသုံးအဆောင် ပစ္စည်းတွေ လက်လွှဲ ပေးပို့ခဲ့သလို မြန်မာနိုင်ငံဆီ ကုမ္ပဏီရဲ့ ထုတ်ကုန်တွေ သွယ်ဝိုက်တင်ပို့မှုဟာ ၂၀၂၂ ခုနှစ်ထဲမှာ သိသိသာသာ မြင့်တက်လာတာကို Asia Timesက စစ်ဆေး သိရှိထားခဲ့ပါတယ်။ 

တချို့ ထောက်လှမ်းရေး နည်းပညာသုံး ပစ္စည်းတွေမှာဆိုရင် ထုတ်လုပ်တဲ့ ကုမ္ပဏီနဲ့ နိုင်ငံကို သိရှိနိုင်မယ့် အမှတ်အသားတွေကို ရည်ရွယ်ချက်ရှိရှိ ဖုံးဖိထားတာမျိုးတွေ လုပ်ထားတယ်လို့လည်း Asia Timesကို ဆက်သွယ် သတင်းပေးတဲ့ ရင်းမြစ်တွေကပဲ ပြောပြပါတယ်။ တရုတ်ရဲ့ ထောက်လှမ်းရေး နည်းပညာသုံး ပစ္စည်းတွေကို မြန်မာဖက်က လက်ခံတင်သွင်းတဲ့ ကုမ္ပဏီတွေနဲ့ ပတ်သက်လို့တော့ တိတိကျကျ မသိရသေးပါဘူး။ ဒါပေမဲ့ Reutersကတော့ ပြည်တွင်းက Fisca Security & Communicationရယ်၊ Naung Yoe Technologiesရယ် ကုမ္ပဏီနှစ်ခု ဖြစ်နိုင်တယ်လို့ ခန့်မှန်း သုံးသပ်ထားပါတယ်။ အဲဒီ ကုမ္ပဏီတွေဟာ တရုတ်ကနေ တင်သွင်းလာတဲ့ အီလက်ထရောနစ် ပစ္စည်းတွေကို တင်သွင်းတပ်ဆင်ခွင့် တင်ဒါတွေ အသီးသီး ရရှိထားကြပါတယ်။ 

၂၀၁၄ ခုနှစ်တုန်းက စတင် ထူထောင်တဲ့ Fisca Security & Communicationဟာ ရန်ကုန်မြို့က မရမ်းကုန်း မြို့နယ်မှာ အခြေစိုက်ပါတယ်။ ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားမှုအရ ဒေသခံ နည်းပညာ ကုမ္ပဏီနဲ့ ဆက်သွယ်ရေး လုပ်ငန်းစု တချို့နဲ့ ချိတ်ဆက်နေတယ်လို့ တွေ့ရပါတယ်။ 

ရန်ကုန်မှာပဲ အခြေစိုက်တဲ့ Naung Yoe Technologiesကတော့ LinkedInမှာ သူတို့ကိုယ်သူတို့ လုံခြုံရေး ထောက်လှမ်းမှု စနစ်ဆိုင်ရာ တပ်ဆင်မှုတွေနဲ့ ပစ္စည်းကိရိယာ ထောက်ပံ့မှုတွေအတွက် ဦးဆောင် လုပ်ငန်းတစ်ခုလို့ ညွှန်းဆိုထားပါတယ်။ ပြီးတော့ ဂုဏ်သတင်း ကျော်ဇောပြီး ၂၀၀၅ ခုနှစ်မှာ CCTV လုံခြုံရေး ကင်မရာတွေ တပ်ဆင်တဲ့ ကုမ္ပဏီ အနေနဲ့ ထူထောင်ခဲ့ရာကစလို့ ထိပ်တန်း နည်းပညာ တပ်ဆင်ရေး လုပ်ငန်းစုတစ်ခု ဖြစ်လာတယ်လို့လည်း ရေးသားထားပါသေးတယ်။ 

Fisca Security & Communicationရော၊ Naung Yoe Technologiesပါ Reutersဆီက ဆက်သွယ်မေးမြန်းမှုကို အကြောင်း မပြန်ခဲ့ပါဘူး။ Reutersရဲ့ ဖော်ပြချက်အရ စစ်ကောင်စီဟာ မြန်မာနိုင်ငံရဲ့ ပြည်နယ်နဲ့တိုင်း ၁၄ ခု စလုံးက မြို့တွေမှာ ငြိမ်းချမ်းရေး ထိန်းသိမ်းဖို့နဲ့ လုံခြုံရေး စောင့်ရှောက်ဖို့ ဆိုတာတွေ အကြောင်းပြပြီး ထောက်လှမ်းရေး နည်းပညာတွေ တပ်ဆင်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။ လောလောဆယ် အခြေအနေမှာတော့ တရုတ်ကလွဲပြီး တခြား ရင်းမြစ်တွေဟာ အာဏာသိမ်း မြန်မာစစ်တပ်ဆီ ထောက်လှမ်းရေး နည်းပညာ အသုံးအဆောင်တွေ ပေးပို့နေတဲ့ အထောက်အထားမျိုး မတွေ့ရသေးပါဘူး။ အခုလို နည်းပညာပိုင်း ထောက်ပံ့မှုတွေကလည်း တရုတ်ရဲ့ ဒေသတွင်းမှာ ကာလရှည်ကြာ မဟာဗျူဟာ ရည်မှန်းချက် တစ်ခုဖြစ်တဲ့ ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု (Belt and Road) စီမံကိန်းကြီး ချဲ့ထွင်ရာမှာ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်ချင် ဖြစ်နိုင်ပါတယ်။

 

BRIလို့ အတိုကောက် ခေါ်ဝေါ်တဲ့ စီမံကိန်းကြီးမှာ တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်တစ်ခု တည်ဆောက်ရေးလည်း ဆက်စပ် ပါဝင်နေပါတယ်။ အဲဒီ စင်္ကြန်မှာ အိန္ဒိယ သမုဒ္ဒရာဆီ တရုတ်က တိုက်ရိုက် ဆက်သွယ်နိုင်မယ့် ရေနံပိုက်လိုင်းတွေ၊ ရထားလမ်းတွေအပြင် တခြား အခြေခံ အဆောက်အအုံတွေလည်း ပါဝင်ပါလိမ့်မယ်။ တစ်နည်းအားဖြင့် တရုတ်ဟာ အရှေ့အလယ်ပိုင်း ဒေသကနေ စွမ်းအင်ရင်းမြစ်တွေကို မလက္ကာ ရေလက်ကြားနဲ့ တောင်တရုတ် ပင်လယ်တို့ဖက်က ပတ်နေစရာ မလိုဘဲ တင်သွင်းနိုင်မယ့် လမ်းကြောင်းသစ် တစ်ခုကို ရရှိလာမှာ ဖြစ်ပါတယ်။ အဲဒီ ရေပြင်ဧရိယာ နှစ်ခုလုံးမှာ အမေရိကန်က တရုတ်ရဲ့ ရေလမ်းသယ်ယူပို့ဆောင်ရေး ကဏ္ဍကို နှောင့်နှေးသွားအောင် ခြိမ်းခြောက် ဒုက္ခပေးနိုင်မယ့် အလားအလာတွေကို အစဉ်တစိုက် ရှာဖွေနေပါတယ်။ 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် တစ်နိုင်ငံလုံးက မြို့ရွာအနှံ့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အင်တိုက်အားတိုက် ထွက်ပေါ်လာပြီး တရုတ် အစိုးရက ကနဦးအဆင့် စောင့်ကြည့်နေတဲ့ မူ​ဝါဒကို ရွေးချယ်ခဲ့ဟန် ရှိပါတယ်။ ဆန္ဒပြသူတွေဟာ ရန်ကုန်က တရုတ်သံရုံး ရှေ့မှာလည်း သွားရောက် စုဝေးခဲ့ကြသလို ဒီမိုကရေစီ လိုလားတဲ့ တက်ကြွ လှုပ်ရှားသူတွေက တရုတ် အစိုးရ အနေနဲ့ အာဏာသိမ်းမှုကို ကျောထောက်နောက်ခံ ရပ်တည်မပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ပိုပြီးတော့ သဘောထား တင်းမာသူ တချို့ကတော့ တရုတ်က ရင်းနှီးမြှုပ်နှံထားတဲ့ စက်ရုံတွေကို မီးရှို့ ဖျက်ဆီးတာမျိုးတွေထိ ဖြစ်ခဲ့ပါတယ်။ 

ဒါပေမဲ့ ၂၀၂၁ ခုနှစ်၊ ဇွန်လမှာတော့ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိဟာ နေပြည်တော်ကို သွားရောက်ခဲ့ပြီး မြန်မာအပေါ် ကျင့်သုံးတဲ့ တရုတ်ရဲ့ မူဝါဒတွေဟာ မြန်မာ့ ပြည်တွင်းရေးနဲ့ ပြင်ပက အခြေအနေတွေကြောင့် ပြောင်းလဲသွားမှာ မဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။ ဒါဟာ စစ်တပ်က အာဏာသိမ်းပြီး ဖယ်ရှားတာ ခံလိုက်ရတဲ့ နိုင်ငံတော် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)တို့နဲ့ အစောပိုင်းမှာ တရုတ်က ထိတွေ့ ဆက်ဆံနေတဲ့ အခြေအနေကနေ ဆန့်ကျင်ဖက် အလားအလာမျိုးဆီ ထောင့်ချိုးကြီးကြီးနဲ့ ဦးလှည့်သွားတဲ့ သဘောပါပဲ။ 

တစ်ချိန်တည်းမှာပဲ တရုတ်ရဲ့ လုပ်ရပ်တွေက မြန်မာနိုင်ငံကို အခုလိုမျိုး ထောက်လှမ်းရေး နည်းပညာဆိုင်ရာ အီလက်ထရောနစ် ပစ္စည်းတွေ မတင်ပို့ဖို့ တားဆီးထားတဲ့ ဥရောပ သမဂ္ဂ၊ ဗြိတိန်နိုင်ငံတို့ရဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ချိုးဖောက်တဲ့ သဘောလည်း ဖြစ်လာနိုင်ပါတယ်။ 

လန်ဒန် အခြေစိုက် ဥပဒေရေးရာ ကွန်ရက် အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Ashurstက ဗြိတိန်နဲ့ ဥရောပ သမဂ္ဂတို့ဟာ မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး နည်းပညာနဲ့ ပတ်သက်လို့ စောင့်ကြည့်မှု၊ ကြားဖြတ် ဖမ်းယူမှုတွေကို ထောက်ပံ့ပေးမယ့် စစ်သုံး၊ စစ်ဘက်-အရပ်ဖက်သုံး နည်းပညာနဲ့ ပစ္စည်းကိရိယာအားလုံး တင်သွင်းမှုကို ပိတ်ပင်တားမြစ်ထားတာ ဖြစ်တယ်လို့ သူတို့ရဲ့ ဝက်ဘ်ဆိုက်မှာ သတိပေး ရေးသားထားပါတယ်။ 

ပိုအရေးကြီးတဲ့ အချက်အနေနဲ့ မြန်မာ စစ်တပ် (ဒါမှမဟုတ်) စစ်တပ်ရဲ့ ကိုယ်စားနဲ့ စစ်တပ်ရဲ့ အမိန့်အရ သူတို့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို အကျိုးရှိစေမယ့်၊ ဒါမှမဟုတ် လက်နက်ကိုင် ရန်လို အကြမ်းဖက်မှုတွေကို အားပေးအားမြှောက်ရာရောက်မယ့် နည်းပညာ ထောက်ပံ့မှုတွေ၊ စစ်အင်အားနဲ့ ဘဏ္ဍာရေး ဝန်ဆောင်မှုဆိုင်ရာ ပံ့ပိုးမှုတွေ၊ ငွေကြေး ထောက်ပံ့တာတွေ အားလုံးကိုလည်း တားမြစ်ထားတယ်ဆိုတာ ဆက်လက် ဖော်ပြထားပါတယ်။ 

ဒီဖော်ပြချက်မှာ ဒါမှမဟုတ်ဆိုတဲ့ စကားစပ်နောက် ရည်ညွှန်းချက်အရ မြန်မာစစ်တပ်ကို ထောက်လှမ်းရေး နည်းပညာဆိုင်ရာ ပစ္စည်းတွေ တင်သွင်းနေတဲ့ တရုတ် ကုမ္ပဏီတွေဟာ စစ်တပ် အုပ်စိုးမှုကို အတိအလင်း ဆန့်ကျင်ရပ်တည်ထားတဲ့ ဥရောပ သမဂ္ဂနဲ့ ဗြိတိန်တို့ရဲ့ စူးစူးစိုက်စိုက် စောင့်ကြည့်မှုကို ခံနေရပြီဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ 

မြန်မာနိုင်ငံ အနှံ့က အဓိက မြို့ကြီးပြကြီးတွေမှာ PDFတွေက စစ်ကောင်စီ အရာရှိတွေနဲ့ အလိုတော်ရိတွေကို ဆက်ပြီး အမဲလိုက် သုတ်သင်နေတဲ့ စစ်ဆင်ရေးတွေကို လုံးဝဥဿုံ ဟန့်တားနိုင်တဲ့ထိ တရုတ်က ထောက်လှမ်းရေး နည်းပညာ ပစ္စည်းတွေ ဆက်ပြီး ထောက်ပံ့နိုင်မလား ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ရင်တော့ အချိန်ကပဲ စကားပြောသွားပါလိမ့်မယ်။ 

ဒါပေမဲ့ ရှင်းလင်းမြင်သာတဲ့ ကိစ္စတစ်ခုကတော့ တရုတ်အစိုးရရယ်၊ တရုတ် အစိုးရနဲ့ ဆက်စပ်တဲ့ ကုမ္ပဏီတွေရယ်ဟာ မြန်မာပြည်သူ တစ်ရပ်လုံးက ကျယ်ကျယ်ပြန့်ပြန့် အားပေး ထောက်ခံနေပြီး အခုဆိုရင် ပြည်တွင်းက တရုတ် ရင်းနှီးမြှုပ်နှံမှုနဲ့ အကျိုးစီးပွားတွေကို ထိုးနှက်ဖို့ပါ စိတ်ဓာတ်ရေးရာ တွန်းအားတွေ ရရှိလာနေတဲ့ အတိုက်အခံတွေ အင်အားစုတွေအပေါ် ဖိနှိပ်နေတဲ့ စစ်ကောင်စီကို ပေါ်ပေါ်ထင်ထင် ထောက်ပံ့ ကူညီနေတယ် ဆိုတာပါပဲ။