တရုတ်မှာ အမှန်တကယ် ကိုဗစ်ကူးစက်သူ သန်း ၉၀၀ လောက်ထိ ရှိနိုင် 

တရုတ်နိုင်ငံမှာ ကိုဗစ် ကပ်ရောဂါ အမှန်တကယ် ကူးစက်ခံရသူ အရေအတွက်ဟာ သန်း ၉၀၀ လောက်ထိ မြင့်တက်နိုင်ကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ်က ဖော်ပြခဲ့ပါတယ်။ 

ဇန်န​ဝါရီ ၁၁ ရက်ထိ အခြေအနေအရ တရုတ်နိုင်ငံမှာ အမှန်တကယ် ကိုဗစ်ကူးစက်မှု ခံခဲ့ရတဲ့ နိုင်ငံသား အရေအတွက်ဟာ သန်း ၉၀၀ လောက်ထိ များပြားနိုင်တယ်လို့ ပီကင်း တက္ကသိုလ်ရဲ့ စစ်တမ်းက မှတ်ချက် ပေးထားပါတယ်။ တစ်နည်းအားဖြည့် နိုင်ငံ လူဦးရေရဲ့ ၆၄ ရာခိုင်နှုန်းလောက်ထိ ရောဂါ ကူးစက်ခြင်း ခံခဲ့ရဖူးတဲ့ အဓိပ္ပါယ်ပါပဲ။ 

ပြည်နယ်အလိုက် ပိုင်းခြားကြည့်ရင်တော့ ဂန်ဆု ပြည်နယ်ဟာ ကိုဗစ်ကူးစက်နှုန်း အမြင့်ဆုံး ဖြစ်နိုင်ပြီး စုစုပေါင်း လူဦးရေရဲ့ ၉၁ ရာခိုင်နှုန်းလောက်ထိ ကိုဗစ် ဖြစ်ပွားခဲ့ပြီး ဖြစ်မယ်လို့ ယုံကြည်ရပါတယ်။ ဂန်ဆုရဲ့ နောက်မှာတော့ ယူနန်က ကိုဗစ် ဖြစ်ပွားနှုန်း ၈၄ ရာခိုင်နှုန်း၊ ကွင်ဟိုင် ပြည်နယ်က ၈၀ ရာခိုင်နှုန်းနဲ့ အသီးသီး ရပ်တည်နေပါတယ်။ 

အဲဒီ လေ့လာမှု စစ်တမ်းတွေက တရုတ်အစိုးရ တရားဝင် ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေနဲ့ အကြီးအကျယ် ကွဲလွဲနေပါတယ်။ လက်ရှိ အချိန်ထိ တရုတ်က ကြေညာထားတဲ့ ပြည်တွင်း ကိုဗစ် ကူးစက်မှု အရေအတွက်ဟာ ၅ သိန်းကျော်ရုံသာ ရှိပါသေးတယ်။ တရုတ်မှာ ကိုဗစ်ကြောင့် ဆေးရုံဆေးခန်းတွေနဲ့ နာရေး ဝန်ဆောင်မှု ဌာနတွေ၊ သင်္ချိုင်းတွေ လက်မလည်အောင် အလုပ်ရှုပ်ခဲ့ချိန်မှာ ကူးစက်မှုနဲ့ အသေအပျောက် ဂဏန်းတွေ သိသိသာသာ တိုးမလာခြင်းကြောင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ကပါ တရုတ် အစိုးရကို အခြေအနေမှန်တွေ ထုတ်ပြန်ပေးဖို့ ဖိအား ပေးခဲ့ရပါတယ်။ 

တရုတ် ထိပ်တန်း ဗိုင်းရပ်စ်ဗေဒ ပညာရှင် တစ်ဦးဖြစ်တဲ့ ဇန်ကွမ်ကတော့ ကိုဗစ် ကူးစက်မှုတွေဟာ မြို့ကြီးပြကြီးတွေကနေ ကျေးလက် ဧရိယာတွေဆီ စတင်ပျံ့နှံ့လာပြီ ဆိုတာနဲ့ အခြေအနေတွေ ပိုဆိုးလာနိုင်တယ်လို့ သတိပေးထားပါတယ်။ အထူးသဖြင့် ဇန်နဝါရီ လကုန်ပိုင်းကျရင် မြို့ပြတွေကို ရောက်ရှိနေသူ သန်းပေါင်းများစွာဟာ နေရပ်ဖြစ်တဲ့ ကျေးရွာတွေဆီ ပြန်သွားကြမှာ ဖြစ်တဲ့အတွက် ကူးစက်နှုန်းကို အရှိန်မြှင့်တင်ပေးမယ့် သဘောပါပဲ။ 

လတ်တလောမှာတော့ တရုတ် အစိုးရဟာ ကိုဗစ်နဲ့ ပတ်သက်တဲ့ နေ့စဉ် ကူးစက်မှု ကိန်းဂဏန်းတွေ ပုံမှန်ထုတ်ပြန်မှုကိုပါ ရပ်ဆိုင်းထားလိုက်ပါတယ်။ ဒီအတောအတွင်း တရုတ်ရဲ့ အဓိက မြို့ကြီးတွေမှာ ကူးစက်မှုတွေ တရိပ်ရိပ် မြင့်တက်နေပြီး တကယ်လို့သာ ကျန်းမာရေး စောင့်ရှောက်မှု စနစ်နဲ့ နည်းပညာတွေ ပိုမို အားနည်းတဲ့ ကျေးလက် ဧရိယာတွေဆီသာ ဒီအခြေအနေတွေ ပျံ့နှံ့သွားရင် ထိန်းချုပ်ရခက်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ ကြုံလာမှာကို ကျန်းမာရေး ဌာန တာဝန်ရှိသူတွေက စိုးရိမ်နေကြပါတယ်။