စစ်အာဏာရှင်ကို ဖြိုဖို့ လိုအပ်လာမယ့် နိုင်ငံတကာ အားထုတ်ဆောင်ရွက်မှုများ

နိုင်ငံတစ်ခု ရှိပါတယ်။ အဲဒီမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ ထောင်သွင်း အကျဉ်းချ ခံနေရတယ်။ ညှင်းပန်းနှိပ်စက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေလည်း ခံနေရကြသေးတယ်။ ရက်စက် ကြမ်းကြုတ်လွန်းပြီး လူမျိုးသုဉ်း ရှင်းလင်းမှုတွေ အပါအဝင် စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ အုပ်စိုးသူ စစ်တပ်တစ်ခုဟာ လူပေါင်း ၂၆၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး နောက်ထပ် ၁၇၀၀၀ နီးပါးကို ဖမ်းဆီး ချုပ်နှောင်ထားပြန်တယ်။ ဒီအချက်အလက်တွေကို ကြားမိတဲ့အခါ ယူကရိန်းနိုင်ငံနဲ့ ဗလာဒီမာပူတင်ရဲ့ အကြောင်းကို ပြောနေတာလို့ အထင်ရောက်သွားနိုင်ပါတယ်။

တကယ်တော့ အခုအကြောင်းအရာတွေထဲမှာ ရည်ညွှန်းထားသူဟာ မြန်မာ စစ်အာဏာရှင်တွေရဲ့ ခေါင်းဆောင် မင်းအောင်လှိုင်ပါ။ သူက တန်ဖိုး အစစ်အမှန်ရယ်လို့ ပြစရာ မရှိဘဲ အလှပြတဲ့သဘော အဆင်တန်ဆာဆန်ဆန် တံဆိပ်တွေ တပ်ပြီး ရွှေရောင် အနားကွပ် ယူနီဖောင်းနဲ့ ဟန်ရေးပြနေတတ်ပါတယ်။ ဒါပေမဲ့ အာဏာရှင် တစ်ယောက်ဟာ သူ့ယူနီဖောင်းမှာ ရင်ထိုးတံဆိပ်တွေ များများ တပ်ထားလေလေ၊ ပိုပြီး ရက်စက် ယုတ်မာလေလေလို့ သတ်မှတ်လို့ ရပါတယ်။ သူဟာ လူသတ်မှုတွေ ကျူးလွန်နေသူ ဖြစ်သလို ကျောင်းတွေနဲ့ ဆေးရုံတွေပါ မချန် ဗုံးကြဲနေတဲ့ အမြင်ကျဉ်းသမား၊ ပြီးတော့ သန်းနဲ့ချီ များပြားတဲ့ ပြည်သူတွေကို ဒုက္ခပေါင်းစုံနဲ့ ထွက်ပြေးစေခဲ့သူလည်း ဖြစ်ပြန်တယ်။ ပြောရရင်တော့ အာဏာရှင်တွေထဲမှာ အဆိုးတကာ့ အဆိုးဆုံး တစ်ယောက်ပေါ့။ 

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက မင်းအောင်လှိုင်ဟာ လွတ်လပ်ရေးနေ့ အောင်ပွဲ အခမ်းအနားကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပစေသလို စစ်ရေးပြ ချီတက်ပွဲကြီးလည်း ပြုလုပ်ခဲ့တယ်။ အဲဒီနေ့ဟာ ဗြိတိသျှ ကိုလိုနီ ဘဝကနေ မြန်မာနိုင်ငံ လွတ်မြောက်ခဲ့တဲ့ စိန်ရတု နှစ်ပတ်လည် ဖြစ်ပါတယ်။ မြန်မာနိုင်ငံသား အများစုကတော့ ဒီနှစ် လွတ်လပ်ရေးနေ့ အခမ်းအနားတွေကို မျက်နှာလွှဲရင်း အသံတိတ် ဆန္ဒပြနေကြပုံပါပဲ။ အဲဒီနေ့ မတိုင်ခင် ရက်ပိုင်းလောက်မှာပဲ မင်းအောင်လှိုင်က သူအဓမ္မ အာဏာသိမ်းပြီး ဖြုတ်ချခဲ့တဲ့ မြန်မာ အစိုးရရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ်တွေ တိုးမြှင့် ချမှတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အာဏာရှင်တွေရဲ့ လက်စွဲကျမ်းထဲက ဖန်တရာတေနေတဲ့ လုပ်ကွက်အတိုင်း အတိုက်အခံတွေကို ဖယ်ထုတ်ထားတဲ့ ဟန်ဆောင်ပန်ဆောင် ရွေးကောက်ပွဲတစ်ခုကို အကောင်အထည် ဖော်ဖို့ လုံးပန်းလာတယ်။ သူ့ကို လိုလိုလားလား လုံးဝ မရှိတဲ့ နိုင်ငံကို လိပ်မူပြီး ပြောတဲ့ မိန့်ခွန်းမှာ မင်းအောင်လှိုင်က အမေရိကန်၊ ဥရောပ သမဂ္ဂနဲ့ ဗြိတိန်တို့ရဲ့ အရေးယူ ပိတ်ဆို့မှုတွေမှာ ပူးပေါင်းပါဝင်ဖို့ ငြင်းဆန်ခဲ့တဲ့ နိုင်ငံတွေ တခုပ်တရ ကျေးဇူးတင်သွားသေးတယ်။ ဒါပေမဲ့ သူရွတ်ပြခဲ့တာက ရှက်တတ်ဖို့လိုတဲ့ နိုင်ငံတွေ စာရင်းလို့တောင် ပြောလို့ ရပါတယ်။ မင်းအောင်လှိုင်က သူဟာ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ လာအို၊ ဘင်္ဂလားဒေ့ရှ်စတဲ့ နိုင်ငံတွေနဲ့ နယ်စပ်ဒေသ လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းကဏ္ဍတွေမှာ ပူးပေါင်း ဆောင်ရွက်နေပါတယ်လို့ ပြောတယ်။ သူ့အတွက် အဓိက လက်နက် ထောက်ပံ့ပေးနေသူလို့ ရုရှားကိုလည်း ချန်မထားခဲ့ပါဘူး။

ဒါပေမဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်ရဲ့ မိန့်ခွန်းမှာ ထည့်မပြောဘဲ ဖုံးကွယ် ချန်လှပ်ထားတာကတော့ အသစ်ပေါ်ထွန်းလာတဲ့ လက်နက်ကိုင် တော်လှန်ရေး အင်အားစုဖြစ်တဲ့ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (PDF)၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ (EAO)တွေနဲ့ ပြည်ပမှာ အခြေစိုက်ပြီး အရပ်သား ဒီမိုကရေစီ လှုပ်ရှားသူတွေ ဦးဆောင်နေတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)တို့ရဲ့ ထိုးနှက်မှုတွေကြောင့် နိုင်ငံအာဏာကို ဆုပ်ကိုင်ထားတဲ့ စစ်အာဏာရှင်ရဲ့ လက်တွေက တဖြည်းဖြည်းချင်း ပြေလျော့လာနေပြီဆိုတဲ့ အရှိတရားပဲ ဖြစ်ပါတယ်။ 

လွတ်လပ်စွာ သတင်းထုတ်ပြန်နိုင်ခွင့်တွေကို စစ်အာဏာရှင်တွေက အမျိုးမျိုး ဖိနှိပ် ချိုးနှိမ်ထားပေမယ့် စစ်တပ်ရဲ့ ကြမ်းကြုတ် ရက်စက်မှုတွေကို မကျေနပ်တဲ့ နိုင်ငံသားတွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆန့်ကျင်နေကြပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း တော်လှန်ရေး အင်အားစုတွေဟာ ခိုင်မာအားကောင်းတဲ့ စုစည်းမှုမျိုးကို ဖော်ဆောင်နိုင်ဖို့ အသည်းအသန် ကြိုးစားနေပြီး လောလောဆယ် အထိတော့ အောင်မြင်မှု မရသေးဘူးလို့ အမေရိကန် သံအမတ်ကြီးဟောင်း စကော့ မာစီရယ်က ပြောပါတယ်။ စစ်အာဏာရှင်တွေ အနေနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို အားကိုးရင်း နိုင်ငံရဲ့ အာဏာကို အချိန်တစ်ခုထိ ကြာညောင်းအောင် ထိန်းချုပ်ထားနိုင်မယ် ဆိုရင်တောင်မှာ နိုင်ငံ တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ဖို့၊ နိုင်ငံကို ပိုင်ပိုင်နိုင်နိုင် အုပ်ချုပ်နိုင်ဖို့နဲ့ ပြည်သူလူထု လိုလားထောက်ခံလာအောင် သိမ်းသွင်းနိုင်ဖို့ လုံးဝ အကြောင်းမမြင်ဘူးလို့ Irrawaddy သတင်းဌာနနဲ့ အင်တာဗျူးမှာ သူက မှတ်ချက် ပေးခဲ့ဖူးပါတယ်။ သူတို့ကလည်း တည်ငြိမ်အေးချမ်းမှုကို ဆောင်ယူပေးနိုင်မယ့် ရွေးချယ်မှု တစ်ခု ဖြစ်တယ်ဆိုတာကို တော်လှန်ရေး အဖွဲ့တွေကလည်း ပြသနိုင်ဖို့ လိုလိမ့်မယ်လို့ မာစီရယ်က ပြောခဲ့ပါသေးတယ်။ 

မြန်မာနိုင်ငံသားတွေဟာ အကူအညီတွေ လိုအပ်နေတယ် ဆိုတာကတော့ အရမ်း ထင်ရှားနေပြီးသားပါ။ ဒီအချိန်မှာ နိုင်ငံတကာကရော ဘာလုပ်သင့်သလဲ။ မြန်မာနိုင်ငံရဲ့ ကိုလိုနိ အုပ်စိုးသူဟောင်း ဖြစ်ခဲ့ဖူးတဲ့ ဗြိတိန်ဟာ ကုလသမဂ္ဂမှာ မြန်မာ့အရေးအတွက် ဦးဆောင် အားထုတ်ခဲ့တယ်။ ဒီအကြောင်းတွေကို Guardian သတင်းစာနဲ့ အင်တာဗျူးမှာ နိုင်ငံခြားရေး ဝန်ကြီးဖြစ်သူ ဂျိမ်းစ် ကလယ်ဗာလေက ခပ်ကြွားကြွား ပြောသွားခဲ့ဖူးပေမယ့် လက်တွေ့ အခြေအနေအရ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဗြိတိန်ရဲ့ ကြိုးပမ်းမှုတွေဟာ ရည်ရွယ်ချက် ကောင်းမွန်တယ် ဆိုဦးတော့၊ သိပ်ပြီး အလုပ်မဖြစ်ခဲ့ဘူး ဆိုတာကိုတော့ ငြင်းလို့ မရပါဘူး။ 

ဒါ့အပြင် လုပ်ထုံးလုပ်နည်းအရ အမေရိကန်ကို မှီခိုပြီး မျှော်လင့်ချက် ထားနေရတဲ့ အခြေအနေတွေလည်း ရှိနေပြန်တယ်။ အမေရိကန်ရဲ့ ၂၀၂၃ ခုနှစ်အတွက် အမျိုးသား ကာကွယ်ရေး လုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA)က သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အစိုးရ အနေနဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အတိုက်အခံ အဖွဲ့အစည်းတွေ၊ လူမှုရေး အသင်းအဖွဲ့တွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လက်နက် မဟုတ်တဲ့ အထောက်အကူနဲ့ ငွေကြေးတွေ ကူညီပံ့ပိုးခွင့် ရှိလာတယ်။ ဒါပေမဲ့ အိမ်ဖြူတော်က တစ်ဆင့်တက်ပြီး ဘာလုပ်ပေးမလဲ ဆိုတာက သိပ်မရှင်းပါဘူး။ 

နိုင်ငံတကာ အသိုက်အဝန်း အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒုက္ခပွေမှုတွေကို ရပ်တန်းက ရပ်စေချင်ရိုးမှန်ရင် မင်းအောင်လှိုင်ရဲ့ ဒူးထောက် အလျှော့ပေးမှုမျိုးထိ ဖြစ်လာအောင် ဖိအားပေးနိုင်ရပါမယ်။ သီအိုရီအရ ဆိုရင်တော့ ဒီကိစ္စနဲ့ ပတ်သက်ရင် တရုတ်ရဲ့ အခြေအနေအပေါ် စမ်းသပ်ကြည့်သင့်ပါတယ်။ စီးပွားရေးနဲ့ အခြေခံ အဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်း ထည့်ဝင်ထားတာကြောင့် တရုတ်ဟာ တခြားသူတွေ မယှဉ်သာလောက်တဲ့ လွှမ်းမိုးမှုမျိုး မြန်မာအပေါ်မှာ ရှိနေပြီးသားပါ။ တရုတ်က ဒီမိုကရေစီအကြောင်း တကူးတက ထည့်စဉ်းစားနေမှာ မဟုတ်ပေမယ့် နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အိမ်နီးချင်း နိုင်ငံမှာ ဆူပူဂယက်ထနေတာနဲ့ ပတ်သက်လို့တော့ သူတို့ အကျိုးစီးပွားအတွက် အဆင်မပြေနိုင်တာကို သဘောပေါက်ပါလိမ့်မယ်။ 

တရုတ်ဟာ မြန်မာနဲ့ ပတ်သက်ရင် တရားသေ မူဝါဒမျိုး ဆွဲကိုင်မထားဘဲ ပြန်ဆင်ခြင် စဉ်းစားလာပြီ ဆိုတာကို ပြီးခဲ့တဲ့လက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်မှာ ဗီတိုအာဏာသုံးပြီး ဝင်မတားမြစ်ခဲ့တာကို ကြည့်ရင် မြင်သာလာပါတယ်။ ကုလသမဂ္ဂ ဆုံးဖြတ်ချက်က မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့နဲ့ အကြမ်းဖက် လုပ်ရပ်တွေ ရပ်တန့်ဖို့ တောင်းဆိုထားပါတယ်။ တရုတ်ရဲ့ အံ့ဩစရာ ကြားနေမှုနောက်ကို ရုရှားကလည်း လိုက်ခဲ့ပြန်တယ်။ ဒါပေမဲ့ ခက်ခဲတဲ့ ကိစ္စတစ်ခုက ကုလသမဂ္ဂ ဆုံးဖြတ်တဲ့ ကိစ္စကို စစ်အာဏာရှင်တွေက လိုက်နာပါ့မလား ဆိုတာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက စစ်အာဏာရှင် ဆန့်ကျင်ရေး အင်အားစုတွေနည်းတူ ကုလသမဂ္ဂမှာလည်း စုပေါင်းလုပ်ဆောင်မှုတွေ လိုအပ်နေပါတယ်။ ယူကရိန်း စစ်ပွဲမှာ ငွေကြေး အကျိုးအမြတ်ကို ကျင့်ဝတ်ထက် ဦးစားပေးခဲ့တဲ့ အိန္ဒိယ၊ မြန်မာနိုင်ငံက သန်းနဲ့ချီ များပြားတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို နေရာချထားပေးဖို့ ရုန်းကန်နေရတဲ့ ဘင်္ဂလားဒေ့ရှ်၊ ထိုင်းအပါအဝင် အာဆီယံ နိုင်ငံတွေကို အဲဒီ ပေါင်းစည်းမှုမှာ လိုအပ်နေပါတယ်။

 ပြဿနာကတော့ အာဆီယံ အဖွဲ့ထဲမှာတင် မြန်မာ့အရေးနဲ့ ပတ်သက်လို့ အမြင်ကွဲပြားတာတွေ ရှိနေတယ်။ အာဆီယံဟာ မြန်မာ့ အကျပ်အတည်းကို ဖြေရှင်းဖို့ ဘုံသဘောတူညီချက် ၅ ရပ် ဆိုတာကို အဆိုပြုခဲ့ပေမယ့်လည်း အခုတော့ အလုပ်မဖြစ်ဘဲ ပြီးဆုံး ပျောက်ကွယ်သွားပြန်ပါတယ်။ နိုင်ငံတချို့ကလည်း စစ်အာဏာရှင် ကြီးမှူး အကောင်အထည်ဖော်မယ့် အတုအယောင် ရွေးကောက်ပွဲကို တရားဝင်မှုတွေ ဖော်ဆောင်နိုင်မယ်လို့ စိတ်ကူးယဉ်နေတုန်းပဲ။ မကြာသေးခင်က ရိုဟင်ဂျာ လှေစီး ဒုက္ခသည်တွေရဲ့ ထိခိုက်ဝမ်းနည်းစရာ သတင်းတွေကလည်း ဒေသတွင်း နိုင်ငံခေါင်းဆောင်တွေရဲ့ စိတ်နှလုံးကို လှုပ်ခါဖို့ လုံလောက်ဟန် မတူဘူး။ 

Burma Campaign UK အဖွဲ့က တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ လက်နက် တင်ပို့ရောင်းချမှုတွေ ပိတ်ဆို့လိုက်တာမျိုးတွေ ဖြစ်မလာသေးသ၍ ကုလသမဂ္ဂရဲ့ ဆောင်ရွက်မှုတွေဟာ ဖူလုံမှု မရှိသေးဘူးလို့ ဝေဖန်ပါတယ်။ တရုတ်၊ ရုရှားနဲ့ အိန္ဒိယတို့ဟာ ကုလသမဂ္ဂ အစည်းအဝေး ထိုင်ခုံတွေမှာ အခန့်သား နေရာယူရင်း မြန်မာစစ်တပ်ဆီ လက်နက် ရောင်းချရင်း ရရှိလာမယ့် အကျိုးအမြတ်တွေကို ကာကွယ်ဖို့ပဲ ဦးစားပေး နေတယ်လို့ Burma Campaign UKရဲ့ ဒါရိုက်တာဖြစ်သူ မတ်ခ် ဖာမယ်နာက ဆိုတယ်။ ရှိရင်းစွဲ အရေးယူတွေကို နောက်တစ်ဆင့် မြှင့်ချိန်မှာ မြန်မာနိုင်ငံဆီ လေယာဉ်ဆီ တင်ပို့ရောင်းချတာတွေကို ပိတ်ပင်သင့်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ဗြိတိန် အစိုးရနဲ့ နိုင်ငံတကာကို အဆိုပြု တောင်းဆိုနေကြတယ်။ အဲဒီလို ပိတ်ပင်မှသာ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်ဆိုင်းသွားမှာ ဖြစ်တယ်။ နောက်တစ်ချက်ကတော့ မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံခြား ကုမ္ပဏီတွေ အများအပြား ရှိနေသေးတယ်လို့လည်း ဆိုတယ်။ ကုလသမဂ္ဂရဲ့ နိုင်ငံတကာ တရားရုံးဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေ လူမျိုးသုဉ်း သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ စွဲချက် တင်ထားတာတွေကို စီရင်စစ်ဆေးမှုတွေ စတင် လုပ်ဆောင်နေပြီ ဖြစ်ပေမယ့်လည်း ဒီကိစ္စတွေနဲ့ နှစ်နဲ့ချီ ကြာမြင့်ဦးမှာပါ။ 

နောက်ပြီး စစ်အာဏာရှင်ကို ဖြုတ်ချရေးအတွက် အားထုတ်မှုတွေမှာ ဘယ်သူတွေ ပါဝင်ကြဦးမှာလဲ။ ဘာသာရေး ခေါင်းဆောင်တွေလည်း ပါဝင်လာဖို့ မျှော်လင့်သင့်ပေမယ့် တစ်ချိန်တည်းမှာပဲ စစ်အာဏာရှင်တွေက မြန်မာနိုင်ငံရဲ့ လူများစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်တွေကို အတွေးအခေါ်ပိုင်း လွှမ်းမိုးဖို့ အတော်လေး အားထုတ်နေတယ်။ မွတ်ဆလင် ဆန့်ကျင်ရေး တရားတွေဟောပြီး ဗုဒ္ဓဘာသာ အကြမ်းဖက်သမားလို့တောင် ခေါင်းစဉ်တပ် ခံခဲ့ရဖူးသူ အစွန်းရောက် အမျိုးသားရေး ဝါဒီ ဘုန်းတော်ကြီး ဝီရသူကို ပြီးခဲ့တဲ့ လကတင် မြန်မာစစ်တပ်က ဂုဏ်ပြုခဲ့သေးတယ်။

စိတ်ပျက်သင့်တဲ့ အခြေအနေ တစ်ခုအဖြစ် ကက်သလစ် ဘာသာရေးခေါင်းဆောင် တချို့က ရန်ကုန်မြို့မှာရှိတဲ့ Holy Trinity ဘုရားကျောင်းကြီးမှာ ခရစ္စမတ်ပွဲတော် ကျင်းပတဲ့အချိန် မင်းအောင်လှိုင်နဲ့ အပေါက်အလမ်း တည့်နေခြင်းပါပဲ။ ကာဒီနယ် ချားလ်စ်မောင်ဘိုဟာ ငြိမ်းချမ်းရေးအတွက် ဆုတောင်းပေးနေခဲ့တယ်။ ဘုရားကျောင်းကို ရောက်နေသူရဲ့ တပ်တွေက တခြားခရစ်ယာန် ဘုရားကျောင်းတွေကို အကြိမ်ကြိမ် မီးရှို့ဖျက်ဆီးခဲ့တာကို ခွင့်လွှတ်တဲ့သဘော ဖြစ်နေပြီး အဲဒီ တပ်တွေကပဲ သူ့ရဲ့ ဇာတိကျေးရွာကို တိုက်ခိုက်ခဲ့ဖူးပြန်ပါသေးတယ်။ 

နိဂုံးချုပ်ရရင်တော့ ကမ္ဘောဒီးယားကို လောင်တိုက်သွင်းခဲ့တဲ့ ခမာတွေနောက်ပိုင်း ဒေသတွင်းမှာ အဆိုးယုတ်ဆုံး စစ်အာဏာရှင်တွေကို ဖယ်ရှားဖို့အတွက် ပတ်သက်ဆက်နွှယ်သူတွေရော နိုင်ငံတကာနဲ့ ပြည်တွင်းက သက်ဆိုင်သူ အားလုံးက ပူးပေါင်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ပြီးတော့ အပြောထက် အလုပ်နဲ့ သက်သေပြဖို့ ပိုလိုအပ်နေပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်ကလည်း ပြီးခဲ့တဲ့ လတုန်းက သဘောထား ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာပြည်သူတွေဟာ စနစ်တကျ ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် တိုက်ခိုက်တဲ့ ရာဇဝတ်မှုတွေကို နေ့စဉ်ရက်ဆက် ခါးစည်းခံနေရတယ်လို့ အင်ဒရူးစ်က ပြောပါတယ်။ 

၂၁ ရာစုမှာတော့ ဒီမိုကရေစီ၊ တရားမျှတမှုနဲ့ လူထု လွတ်လပ်ခွင့်တွေအတွက် ကမ္ဘာ့နေရာ အသီးသီးမှာ ရုန်းကန် ကြိုးစားနေကြရပြီး အဲဒီရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် မြန်မာနိုင်ငံမှာလည်း တိုက်ပွဲဝင်နေကြရဦးမှာ ဖြစ်ပါတယ်။ 

(Guardian သတင်းဌာနတွင် Simon Tisdall ရေးသားထားသည့် Global action is needed to topple Myanmar’s criminal junta boss ဆောင်းပါးကို DNAက ဘာသာပြန်ဆိုသည်)