တမူးမြို့၊ နန်းဖာလုံသုသာန်မှာ မီးသဂြိုလ်စက်တွေအားလုံးအခိုးခံရ

တမူးမြို့၊ နန်းဖာလုံသုသာန်ဇရပ်မှာ အဆောက်အဦကပစ္စည်းတွေနဲ့  မီးသဂြိုလ်စက်တွေအားလုံးအခိုးခံလိုက်ရတယ်လို့ မြို့ခံတွေကပြောပါတယ်။

ဘယ်အချိန်မှာ ပျောက်ဆုံးသွားတယ်ဆိုတာမသိပေမယ့် မနေ့ဇန်နဝါရီ ၇ ရက်နေ့မှာနာရေးတခုပို့ဆောင်ရာမှာ သုသာန်ဇရပ်ဆောင်က တိုင်တွေနဲ့သွပ်တွေအပြင် မီးသဂြိုလ်စက်တွေပါမရှိတော့တာလို့ သိရပါတယ်။

” အသုဘကို တမူးသုသာန်ပြောင်းချလိုက်ရတော့တာ။ ခေတ်ပျက်နေတော့ လုပ်ချင်ရာလုပ်ကြတော့တာပါပဲ” လို့ မြို့ခံတဦးကပြောပါတယ်။

နန်းဖာလုံရပ်ကွက်ဟာ တမူးမြို့ရဲ့မြောက်ဘက် မှာရှိပြီး အိန္ဒိယနိုင်ငံဘက်နဲ့ထိစပ်နေတာဖြစ်ပါတယ်။ 

နှစ်နိုင်ငံနယ်စပ်ကြားမှာ မူးယစ်ဆေးသုံးစွဲသူတွေလည်းရှိနေပြီး နယ်စပ်တောထဲမှာ တဲကလေးတွေဖြစ်သလိုဆောက်နေထိုင်ကြတာမျိုးရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။

” သုသာန်ကိုမပြောနဲ့ဦး ။ စာသင်ကျောင်းက တံခါးတွေ၊သွပ်တွေတောင်ဖြုတ်ခိုးတာ။ ပြီးခဲ့တဲ့နှစ်စာသင်ကျောင်းကပစ္စည်းဖြုတ်ခိုးတဲ့ဆေးသမားတယောက် စစ်သားကပစ်လို့သေတယ်။ မီးစက်ကမီးကြိုးခိုးလို့လည်း ဓာတ်လိုက်ပြီးတယောက်သေခဲ့တယ်” လို့ မြို့ခံတဦးကပြောပါတယ်။