စစ်ကိုင်းတိုင်းအတွင်းပညာသင်ကြားခွင့်မရတဲ့ကလေးငယ်ဦးရေတိုးပွားနေ

စစ်ကိုင်းတိုင်းအတွင်းစစ်ကောင်စီတပ်တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ပွဲပြင်းထန်လာတာနဲ့အမျှပညာသင်ကြားခွင့်မရတဲ့ကလေးသူငယ်ဦးရေဟာလည်းတိုးပွားလာနေတယ်လို့ဒေသတွင်းတော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေကပြောပါတယ်။

“NUGကဖွင့်ထားတဲ့ကျောင်းတွေကပီဒီအက်စိုးမိုးထားတဲ့နေရာတွေမှာတော့ကောင်းကောင်းကြီးလည်ပတ်နိုင်တယ်၊ဒါပေမယ့်တချို့ရွာတွေကသုံးရွာ ပေါင်းမှတကျောင်းလောက်၊အဲ့တာတောင်မူလတန်းနဲ့မူလတန်းလွန်ပေါ့၊အထက်တန်းကနည်းတယ်၊ လိုင်းတွေကလဲမကောင်းတော့မြို့ပေါ်တွေလိုအွန်လိုင်းလဲမတတ်နိုင်ဘူး၊ပြီးတော့စစ်ကြောင်းထိုးတဲ့အခါတွေဆိုပြေးလို့ရတာရောမရတာရောလက်ယက်ကုန်းကိစ္စလဲအဲ့လိုဖြစ်ခဲ့တာပဲလေ”လို့ စစ်ကိုင်းတိုင်း အတွင်းက CDM ကျောင်းဆရာတဦးက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီကို လက်မခံဆန့်ကျင်ကြောင်းပြသတဲ့အနေနဲ့စစ်ကောင်စီကဖွင့်တဲ့ ကျောင်းတွေကို နိုင်ငံတဝန်းက အရွယ်စုံကျောင်းသားတွေ မတက်ဘဲ သပိတ်မှောက်တာတွေ လည်းရှိနေပါတယ်။

စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုမှုတွေအရ လက်ရှိ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် စစ်ကိုင်းတိုင်းမှာ ကျောင်းအပ်ရမယ့်ကျောင်းသား နှစ်သိန်းခုနစ်သောင်းကျော်ရှိပြီး အဲ့ဒီအထဲက ငါးဆယ် ရာခိုင်နှုန်းကျော်က ကျောင်းမအပ်ဘူးလို့ ဆိုပါ တယ်။

စစ်ကောင်စီကျောင်းမတက်ဘဲ ပညာသင်ကြား နိုင်ဖို့အတွက် NUGကအွန်လိုင်းနဲ့ မြေပြင် စာသင်ကျောင်းတွေ ဖွင့်လှစ်သင်ကြားပေးနေပေမယ့် အဲ့ဒီ စာသင်ကျောင်းတွေနဲ့ သင်ကြားပေးတဲ့ ဆရာ၊ဆရာမတွေ ကျောင်းသား၊ကျောင်းသူတွေကိုလည်း စစ်ကောင်စီကပစ်မှတ်ထားဖမ်းဆီးအရေးယူတာ၊သတ်ဖြတ်တာတွေလည်းရှိနေတာပါ။

ဒါ့အပြင် စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေရဲ့ အပြန်အလှန်တိုက်ပွဲတွေ၊စစ်ကောင်စီဘက်က တဖတ်သတ်ပစ်ခတ်မှုတွေ၊လူနေရွာတွေထဲ စစ်ကြောင်းထိုးပြီးစာသင်ကျောင်းအပါအဝင် နေအိမ်အဆောက်အအုံတွေ မီးရှို့ခံရတာတွေကြာင့် ပညာသင်ရေးအတွက် အခက်အခဲ ဖြစ်နေတယ်လို့ ဒေသ ခံတွေကပြောပါတယ်။

“ပညာသင်ကြားခွင့် မရတဲ့ ကျောင်းသား ကျောင်းသူဦးရေကိုလည်း မခန့်မှန်းနိုင်ဘူး၊နယ်မြေစိုးမိုးမှုက အပြည့်ဝမရသေးတော့ နေရာတိုင်း မဖွင့်နိုင်သေးပါဘူး၊လုံခြုံရေး အားကောင်းတဲ့ နေရာတွေမှာသာ စဖွင့်ဖြစ်ပါတယ်၊ ပညာသင်ကြားခွင့်မရသေးတဲ့က လေးတွေများနေအုံးမှာပါ”လို့ အမျိုးသားညီညွတ် ရေးအစိုးရပညာရေးကျောင်းတွေကိုကူညီပေးနေတဲ့စစ်ကိုင်းမြို့နယ်အခြေစိုက်တိုက်နယ်စွန် PDF အဖွဲ့ က DNA ကိုပြောပါတယ်။

လွန်ခဲ့တဲ့နှစ်အတွင်းစစ်ကိုင်းတိုင်း၊ဒီပဲယင်းခရိုင်အတွင်းကလက်ယက်ကုန်းကျေးရွာကိုစစ်ကောင်စီတပ်တွေဝင်ရောက်စီးနင်းခဲ့ပြီးလေကြောင်းကနေပါပစ်ခတ်ခဲ့တာကြောင့်စာသင်ကြားနေတဲ့ကလေးငယ် ခြောက်ဦး အသက်ဆုံးရှူံးခဲ့ရသလို အဲ့ဒီ့ဒေသဖက် ကရွာတွေမှာစစ်ကြောင်းထိုးဝင်ရောက်တာတွေမကြာမကြာဆက်ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကိုင်းမြို့ပေါ်မှာကျောင်းတွေဆက်လက်ဖွင့်လှစ်ထားပေမယ့်နယ်ဖက်တွေမှာတော့ ကလေးငယ်အများစုဟာ စစ်ရှောင်နေရတဲ့အခြေအနေတွေ မီးဘေးသင့်ခဲ့ရတဲ့အခြေအနေတွေကြောင့်စာသင်ခန်းနဲ့ဝေကွာနေပြီးတချို့မှာလဲအခက်အခဲတွေကြားကပဲဖြစ်သလိုသာစာသင်ကြားနေရတဲ့အခြေအနေတွေရှိနေတယ်လို့လဲ ဒေသခံတွေကဆိုပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ရှိတဲ့ ကလေးသူငယ် ထက်ဝက်လောက်ပညာသင်ကြားခွင့်ဆုံးရှူံးနေတယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က ပြောထားပါတယ်။