ကုလသမဂ္ဂ လုံခြုံရေးကောင်စီက လတ်တလောအတည်ပြုလိုက်တဲ့ မြန်မာ့အရေးဆုံးဖြတ်ချက်ဟာ တိုးတက်မှု တခုဖြစ်လာပေမယ့် မြန်ပြည်သူတွေကိုကယ်တင်ဖို့နဲ့ ဒေသတွင်းမတည်ငြိမ်မှုတွေကို ထိန်းသိမ်းဖို့အတွက်တော့ တိကျခိုင်မာတဲ့ ဆုံးဖြတ်ချက်မျိုးလိုအပ်နေတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)က ထုတ်ပြန်ပါတယ်။
မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဒီဇင်ဘာလ ၂၁ ရက်မှာ အတည်ပြုခဲ့တဲ့ ကုသလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အဆို မူကြမ်းဟာ မြန်မာနိင်ငံက အကျပ်အတည်းတွေအတွက် တိုးတက်မှုတခုဖြစ်ပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် စစ်တပ်ရဲ့ ခြိမ်းခြောက်နေမှုကို ပြသရာလည်းရောက်တယ်လို့ NUG ဆိုပါတယ်။
ဒါပေမယ့် အမျိုးသားညီညွတ်ရေး အစိုးရက မျှော်မှန်းထားတဲ့ အချက်အများအပြားပါဝင်လာမှုမရှိသေးဘူး လို့လည်း NUG က ထောက်ပြထားပါတယ်။
ဗြိတိန်နိုင်ငံက စတင်တင်သွင်းခဲ့တဲ့ မြန်မာ့အရေးဆိုင်ရာ အဆိုပြုမူကြမ်းကို ကုလလုံခြုံရေးကောင်စီဝင် ၁၅နိုင်ငံဟာ မနေ့က မဲခွဲဆုံးဖြတ်အတည်ပြုခဲ့တာနဲ့ ပတ်သက်ပြီး NUG ကအခုလို ထုတ်ပြန်တာပါ။
နိုင်ငံတကာသတင်းတွေအရ အဲ့ဒီအဆိုပြုမူကြမ်းနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေထဲက တရုတ်၊ ရုရှားနဲ့အိန္ဒိယတို့က မဲမပေးဘဲနေခဲ့ပြီး ကျန်တဲ့ (၁၂)နိုင်ငံက ထောက်ခံမဲပေးခဲ့တာကြောင့် အတည်ပြုဆုံးဖြတ်ချက်တခုဖြစ်လာတာပါ။
ဒါဟာ နှစ်ပေါင်း ခုနစ်ဆယ်ကျော်အတွင်း မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ကုလလုံခြုံရေးကောင်စီက ပထမဆုံးအကြိမ်ဆုံးဖြတ်ချက်တခုချမှတ်နိုင်ခဲ့တာဖြစ်တယ်လို့ နိုင်ငံတကာ သတင်းတွေက ဖော်ပြပါတယ်။
အဲ့ဒီဆုံးဖြတ်ချက်မှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့အပါအဝင် စစ်တပ်က မတရားဖမ်းဆီးချုပ်နှောင်ထားတဲ့ အကျဉ်းသားတွေကို လွှတ်ပေးဖို့၊အကြမ်းဖက်မှုတွေကိုရပ်တန့်ဖို့၊ဒီမိုကရေစီ လုပ်ငန်းစဉ်တွေကို ပြည်သူ့ဆန္ဒ၊ အကျိုးစီးပွားတွေနဲ့ လေးစားဖို့ စတဲ့အချက်တွေပါဝင်ပါတယ်။
ဒါ့အပြင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေသူတွေဆီကို အဟန့်အတားမရှိပြည့်ပြည့်ဝဝ လုံ လုံခြုံခြုံပေးနိုင်ဖို့၊ရိုဟင်ဂျာတွေအပါအဝင်ပြည်တွင်းနေရပ်စွန့်ခွာသူတွေ ဆန္ဒအလျောက် ဘေးကင်းလုံခြုံမှုရှိရှိ၊ သိက္ခာရှိရှိနေရပ်ပြန်နိုင်တဲ့အခြေအနေတွေဖန်တီးပေးဖို့၊အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို ထိထိရောက် ရောက်မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဖို့ စတာတွေလည်းပါဝင်ပါတယ်။
ကုလလုံခြုံရေးကောင်စီရဲ့ အခုဆုံးဖြတ်ချက်ဟာ စစ်အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေတဲ့ ပြည်တွင်းက ပြည်သူတွေအတွက် အထောက်အပံ့ဖြစ်စေတဲ့ ခြေလှမ်းတခုဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ထုတ် ပြန်မှာ ဖော်ပြထားပါတယ်။
ကုလလုံခြုံရေးကောင်စီနဲ့ အထွေထွေညီလာခံတို့အနေနဲ့ အခုဆုံးဖြတ်ကို အခြေပြုပြီး စစ်အာဏာရှင်စနစ်နဲ့ စစ် အုပ်စုရဲ ရာဇဝတ်မှုတေွအပြီတိုင်ချုပ်ငြိမ်းသွားဖို့အတွက် ခိုင်မာတဲ့လုပ်ဆောင်ချက်တွေ အချိန်မီ ဆောင်ရွက် ဖို့လိုတယ်လို့လည်း NUG က တိုက်တွန်းထားပါတယ်။
၂၀၂၁ခုနှစ်မှာ စစ်အာဏာသိမ်းပြီးနောက် ကုလလုံခြုံရေးကောင်စီအတွင်း အာဏာသိမ်းစစ်ကောင်စီကို အရေး ယူ ဖို့ အဆိုပြုတင်သွင်းတာနဲ့ ဆွေးနွေးမှုတွေရှိခဲ့ပေမယ့် တရုတ်၊ရုရှစတဲ့ ဗီတိုအာဏာသုံးနိုင်တဲ့ နိုင်ငံတွေရဲ့ ပယ်ချမှု ကြောင့် အထမမြောက်ခဲ့ပါဘူး။
အလားတူ လုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး ထုတ်ပြန်ချက်တချို့ ထုတ်ပြန်ရာမှာလည်း အဲ့ဒီ နိုင်ငံတွေက ကန့်ကွက်တာကြောင့် စစ်အာဏာသိမ်းမှုကိုရှုတ်ချတယ်ဆိုတဲ့ စကားလုံးကိုတောင် ထည့်သွင်း ဖော်ပြခွင့်မရတာတွေရှိခဲ့တာပါ။