ကာတာ ကမ္ဘာ့ဖလားဟာ သမိုင်းတလျှောက် အကောင်းဆုံး ပြိုင်ပွဲလို့ ဖီဖာဥက္ကဋ္ဌ ညွှန်းဆို 

ကာတာမှာ လက်ရှိ ကျင်းပနေတဲ့ ပြိုင်ပွဲကြီးဟာ သမိုင်းတလျှောက် အပြီးပြည့်စုံဆုံး ကမ္ဘာ့ဖလား ဖြစ်တယ်လို့ ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ရဲ့ ဥက္ကဋ္ဌ ဂီယန်နီ အင်ဖန်တီနိုက ကြွေးကြော်လိုက်ပါတယ်။ 

ပြိုင်ပွဲ မစခင်မှာ ကာတာ အစိုးရ အနေနဲ့ ရွှေ့ပြောင်း အလုပ်သမားတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်တာ၊ LGBT အသိုက်အဝန်းရဲ့ ရပ်တည်မှုကို ကန့်သတ် ပိတ်ပင်တာတွေ ရှိနေကြောင်း ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့သလို ကမ္ဘာ့ဖလားကို သပိတ်မှောက်ဖို့ တောင်းဆိုမှုတွေပါ ရှိခဲ့ပါတယ်။ နောက်ပြီး အရှေ့အလယ်ပိုင်း ဒေသတွင်းက ပင်လယ်ကွေ့ နိုင်ငံငယ်လေး အနေနဲ့ ပရိသတ်တွေ သန်းနဲ့ချီ လာရောက်မယ့် ကမ္ဘာ့အထည်ဝါဆုံး အားကစား ပြိုင်ပွဲကြီးကို လက်တွေ့ကျကျ တာဝန်ယူ ကိုင်တွယ်နိုင်စွမ်း ရှိမရှိ သံသယ မေးခွန်းတွေလည်း ထွက်ပေါ်ခဲ့ဖူးပါတယ်။ 

ဒါပေမဲ့ ကမ္ဘာ့ဖလားဟာ စတင်ကျင်းပချိန် ကတည်းက တစ်ရက်ပြီးတစ်ရက် အရှိန်ပိုရလာသလို မမျှော်လင့်တဲ့ ရလဒ်တွေ ထွက်ပေါ်ခဲ့ခြင်းကလည်း ပရိသတ်တွေကို ပိုမို ဖမ်းစားနိုင်ခဲ့ပါတယ်။ အခုဆိုရင် တတိယလုပွဲနဲ့ ဗိုလ်လုပွဲစဉ် နှစ်ခုသာ ကစားဖို့ ကျန်ပါတော့တယ်။ 

အင်ဖန်တီနိုက ကာတာ ကမ္ဘာ့ဖလားဟာ ထူးခြားပြီး စည်းလုံးမှုရဲ့ စွမ်းအားကို ပြသနိုင်ခဲ့တယ်လို့ ပြောပါတယ်။ ကြုံဖူးသမျှ အကောင်းဆုံး ကမ္ဘာ့ဖလားကို အကောင်အထည် ဖော်နိုင်စေခဲ့တဲ့အတွက် ကြိုးစားခဲ့သူတွေ၊ စေတနာ့ဝန်ထမ်းတွေ အားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တယ်လို့လည်း သူက ဆိုပါတယ်။ 

ကမ္ဘာ့ဖလား ပွဲစဉ် ၆၂ ပွဲ ကစားပြီးချိန်ထိ ပရိသတ်ပေါင်း ၃.၇၂ သန်းကို အားကစားရုံတွေထဲမှာ ဘာပြဿနာ ကြီးကြီးမားမားမှ မရှိဘဲ အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်ခဲ့ကြောင်း၊ ကာတာ ကမ္ဘာ့ဖလားရဲ့ အငွေ့အသက်တွေက အရမ်း ကျေနပ် ပျော်ရွှင်စရာကောင်းကြောင်း၊ နှစ်ပွဲသာ ကျန်တော့တဲ့ အချိန်မှာ ပါဝင်ကူညီနေသူ အားလုံး အဆုံးထိ အာရုံစိုက်ပေးဖို့ တောင်းဆိုလိုကြောင်း အင်ဖန်တီနိုက ပြောကြားသွားပါတယ်။ 

ဒါ့အပြင် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ကပ်ရောဂါ ဖိစီးမှုတွေ ကြုံနေရတဲ့တိုင် ဖီဖာဟာ ဝင်ငွေ တိုးပွားလာတာကြောင့် ကမ္ဘာဖလားမှာ ဆုကြေးတွေကိုလည်း မြှင့်တင်နိုင်ခဲ့တယ်လို့ အင်ဖန်တီနိုက အတည်ပြုပါတယ်။ နောက်ထပ် ဘဏ္ဍာရေး ရပ်ဝန်းမှာ ဖီဖာ အနေနဲ့ ဒေါ်လာ ၁၁ ဘီလီယံထိ ဝင်ငွေရရှိဖို့ ရည်ရွယ်ထားပြီး အဲဒီထဲက ၁၀ ဘီလီယံနီးပါးကို ဘောလုံးလောက တိုးတက်ရေးအတွက် တိုက်ရိုက် ပြန်လည် မြှုပ်နှံသွားမယ်လို့လည်း သူက ကတိပေးသွားခဲ့ပါတယ်။